မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသသို့ မွန်ပြည်နယ်အခြေစိုက် စစ်တပ်စစ်ကူများ တက်လာ

မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသသို့ မွန်ပြည်နယ်အခြေစိုက် စစ်တပ်စစ်ကူများ တက်လာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တိုက်ပွဲရက်ဆက်ပြီး ဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီတပ် မော်လမြိုင် အရှေ့ တောင်တိုင်းလက်အောက်ခံ စစ်ကူများ ကျုံဒိုး၊ ကော့ကရိတ်ဒေသဘက်သို့ ဖေဖော်ဝါရီလ ၇ ရက် ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာနေကြောင်း ဒေသခံစစ်ရေးနယ်မြေသတင်းအရင်းအမြစ်များက ကေအိုင်စီ သို့ ပြောသည်။

“ကျုံဒိုး ၇ တိုင်ဂျော်နီကုန်းနေရာဘက်မှာ စစ်တပ်နဲ့ တိုက်ပွဲ ဒီမနက် ဖြစ်နေတယ်။ ကော့ကရိတ်မှာ လည်းရက်ဆက်ပြီး တိုက်ပွဲနေ့ရောညရော ဖြစ်နေတယ်။ စစ်တပ်က အခုမော်လမြိုင်ဘက်က ဇာသပြင် တံတားဖြတ်လာပြီး ဖောကား ၁၀ စီးနဲ့ အိန္ဒု-သာမညဘက်ကို လာနေတယ်ဆိုတာ လမ်းက တွေတဲ့ ဒေသခံတွေ သတင်းပို့လာတယ်။ အင်အားခန့်မှန်းခြေ ၂၅၀ လောက်တက်လာတယ်လို့ သိရတယ် ”ဟု ထိုစစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မြဝတီ-ဖားအံအာရှလမ်းမကြီးဖြစ်သည့် မြဝတီ-သင်္ဃန်း ညီနောင်လမ်းပိုင်း ၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းအား ထိန်းချုပ်နိုင်ရန်တိုက်ပွဲများ ဆက်လက် ဖော်ဆောင် တိုက်ခိုက်နေသလို ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့ရှိစစ်တပ် တပ်စွဲထားသည့် နေရာများနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

လတ်တလော စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ကော့ကရိတ်ဒေသခံ စစ်ဘေးရှောင်နေရသူတစ်ဦးက “ကော့ကရိတ်စစ်တပ်က ဇိနသုခ ဘုရား၊ ဈေးခေါင်မိုးပေါ်ရယ်၊ ရဲစခန်း နဲ့ ဘောလုံးကွင်းမှာရယ် ရှိ နေသေးတယ်။ ၉၇ ကို ကာကွယ်ဖို့ ခံစစ်လုပ်ပြီး ပစ်ခတ်နေတယ်လို့ သိရတယ်။ အိမ်ပြန်နေနေတဲ့ သူတွေလည်း အပြင်မထွက်ရဲဘူး၊ ပိတ်မိနေကြတယ်။ ပစ်နေတာကတော့ နှစ်ဖက်လုံးပဲ။ အလုံးကြီး ကျတဲ့ ရပ်ကွက်အပိုင်းတွေတော့ အိမ်တွေမီးလောင်တာ နေ့တိုင်းဖြစ်နေတယ် ”ဟု ယနေ့တွင် ပြောသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲ ဖြစ်စဉ်အတွင်း ဒေသအတွင်း BGF-ကရင်နယ်ခြားစောင့်တပ်များ အခြေချ စစ်ဆေးရေးဂိတ်များ၊ စစ်ကတုတ်များတွင် ပုံမှန်အနေအထားဖြင့် ဆက်လက်ရှိနေကြပြီး စစ်တပ် ဘက်မှ တိုက်ပွဲအတွင်း ပူးပေါင်းပါဝင်တိုက်ခိုက်မှု မတွေ့ ရှိရသေးကြောင်း ကျုံဒိုး ဒေသခံများပြောစကား အရ  သိရသည်။

ကရင်ပြည်နယ်အတွင်း စစ်တပ်နှင့် KNLA မဟာမိတ်ပူးပေါင်း PDF အဖွဲ့ များသည် KNU တပ်မဟာ၆ နယ်မြေအတွင်းတွင် ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကျိုက်ဒုံဒေသများတွင် နေ့စဉ် နှစ်ဖက်ပစ်ခတ်မှုများ ဆက်ရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များပြောစကား အရ သိရသည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...