မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရပ်နားထားသည့် ကျောက်မိုင်းနှင့် ခွဲကျောက်ထုတ်လုပ်ရေးလုပ်ငန်းအချို့ ယခုနှစ်အောက်တိုဘာလကစပြီး လုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်လာကြကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့က ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းရှိ မဟာအောင်ပွင့်ကောင်း ကျောက်မိုင်းလုပ်ငန်းခွင်အတွင်း မြေထိုးစက် (Wheel Loader)ပိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် သက်ဆိုင်ရာက လုပ်ငန်းကို ရပ်နားခိုင်းထားသော်လည်း ယခု ပြန်လည်လုပ်ကိုင်နေပြီဖြစ်သည်ဟု ဆိုသည်။
“မဟာအောင်ပွင့်ကောင်း ကျောက်မိုင်းအဟောင်းနေရာမှာ အခုဘတ်ဟိုးနဲ့ ကျောက်မိုင်း အလုပ်ကို သီတင်းကျွတ် လပြည့်ကျော်ကတည်းက စတယ်၊ သူတို့ကျောက်မိုင်းခွဲတုန်းက ခြံထဲမှာ ကျောက်တွေ လွင့်လာပြီး သစ်ပင်တွေ သေတယ်၊ သစ်ကိုင်ကျိုးတယ်၊ ရေပြတ်လပ်လာ တယ်ပေါ့၊ သစ်ပင်တွေ ခြောက်တယ်” ဟု ကျောက်မိုင်းလုပ်ငန်းခွင်အနီးရှိ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိ ပေါင်မြို့နယ်အတွင်း ကျောက်မိုင်းလုပ်ငန်းပေါင်း ၈ ခုထက်မနည်း လည်ပတ်နေပြီး ကျောက်မိုင်းလုပ်ငန်းအချို့ သက်တမ်းကုန်နေသော်လည်း ဆက်လက်လုပ်ကိုင်နေကြတာရှိသလို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့၏ ထောက်ခံချက်ဖြင့်လည်း ပြန်လည်လုပ်ကိုင်နေကြသည်ဟု သိရသည်။
အဆိုပါ ကျောက်မိုင်းလုပ်ငန်းများကြောင့် ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေနှင့် လယ်မြေများအပါအဝင် စမ်းချောင်းများ ပျက်စီးခြင်း၊ ရေမြောင်းပိတ်ဆို့ခြင်း၊ လမ်းပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ကျမတို့က မင်းဂွတ်ပင်တွေ စိုက်ထားတယ်၊ မင်းဂွတ်ပင်နဲ့အသီးတွေ ထိတာတို့ ရေခမ်းခြောက်တာတို့ဖြစ်တယ်၊ ကျောက်မိုင်းကြောင့် ကျမတို့လည်း ခြံထဲမှာ မနေရဲတော့ဘူး။ ကျောက်မိုင်းမရှိရင် ကောင်းမယ်” ဟု ပေါင်မြို့ခံတစ်ဦးဖြစ်သူ ဒေါ်သဲမာဦးက ပြောသည်။
ကျောက်မိုင်းလုပ်ငန်းပေါင်း ၁၀၀ ကျော်ရှိသည့် မွန်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ကျောက်မိုင်းနှင့် ခွဲကျောက်ထုတ်လုပ်ငန်းများကို ယမ်းသုံးစွဲခွင့်မပြုသောကြောင့် ကျောက်မိုင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းအထိ ရပ်နားထားရကြောင်း သိရသည်။