အာဏာသိမ်းစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ ဆက်ဆံရေး ဘယ်လဲ၊ ဘာလဲ

အာဏာသိမ်းစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ ဆက်ဆံရေး ဘယ်လဲ၊ ဘာလဲ

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF က စစ်ကောင်စီတပ်ထံ လစာရိက္ခာမယူတော့ကြောင်း အသိပေး အကြောင်း ကြားခဲ့သည်ဟု ဇန်နဝါရီလ ၂၂ရက်၊ ယမန်နေ့က လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် သတင်း ထွက်ပေါ်လာလျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ရက်နေ့က ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်နေရာ ကရင်အမျိုးသားအစည်းအရုံး-KNU၊ နယ်ခြားစောင့်တပ် -BGF, ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC နှင့် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်-DKBA တပ်ဖွဲ့ ထိပ်သီးတပ်မှူးများ အစည်းအဝေးပြီးနောက် စစ်ကောင်စီထံ ထိုသို့ အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာအချို့က ရေးသားဖော်ပြနေကြသည်။

ထိုသတင်းထွက်ပေါ်လာမှုနှင့်ပတ်သက်၍ BGF နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထဲမှ သတင်းအရင်း အမြစ်တစ်ခုက “သတင်းက လုံးဝ မှန်ကန်ပါတယ်။ သူတို့အချင်းချင်း အဆင်မပြေဖြစ်နေတာ ကြာပါပြီ။ စစ်တပ်ကလည်း အကြိမ်ကြိမ် ခေါ်တွေ့တယ်။ သူတို့ မသွားကြဘူး။ နောက်ဆုံး ဒီအခြေအနေထိ ရောက်တာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ခေါင်းဆောင်များက ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် နယ်ခြားစောင့်တပ်ခေါင်းဆောင်များအား နေပြည်တော်သို့ လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ရာတွင် မည်သူမှ သွားရောက်ခြင်းမရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့ တွင် စစ်ကောင်စီဝန်ကြီး မောင်မောင်အုန်းနှင့် ဗိုလ်ချုပ်သက်ပိုင်ဦးတို့က ဗိုလ်မှူးကြီးစောချစ်သူ နေထိုင်ရာ လှိုင်းဘွဲမြို့ နယ်၊ ကြာအင်းကျေးရွာသို့ ရောက်ရှိလာပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်ဟု BGF သတင်းအရင်းအမြစ်များက ပြောသည်။

သို့သော် အဆိုပါ ညှိနှိုင်းပြောဆိုမှုကို ဗိုလ်မှူးကြီးစောချစ်သူက လက်မခံဘဲ ပယ်ချခဲ့သည်ဟုလည်း ၎င်းသတင်းအရင်း အမြစ်က ဖြည့်စွက်ပြောဆိုသည်။

BGF ခေါင်းဆောင်များနှင့် ညှိနှိုင်းမှုမပြေလည်သည့်အတွက် ဝန်ကြီးမောင်မောင်အုန်း၊ ဗိုလ်ချုပ်သက်ပိုင်ဦး တို့အဖွဲ့သည် နေပြည်တော်သို့ တိုက်ရိုက်မပြန်ရဲဘဲ ဖားအံမြို့တွင် နေရစ်ခဲ့သည့် အခြေအနေကြောင့် ယနေ့ ဇန်နဝါရီ ၂၃ ရက် နံနက် အစောပိုင်းက စစ်ကောင်စီ၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ဖားအံသို့ စစ်ရဟတ် ယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်ဟု ခိုင်မာ သည့် ဒေသတွင်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ဖားအံသို့ ရောက်ရှိလာသည့် ဒုစစ်ခေါင်းဆောင်အား နယ်ခြားစောင့်တပ် ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ် ထွန်း လှိုင်၊ ဗိုလ်ချုပ်ကြာအင်း၊ ဗိုလ်ချုပ်ဖားနွီး၊ ဗိုလ်မှူးချုပ်စောချစ်သူတို့ သွားရောက်တွေ့ဆုံကြသည်ဟုလည်း သူက ပြောသည်။

BGF သတင်းအရင်းအမြစ်တစ်ခုက “မောင်မောင်အုန်းနဲ့ သက်ပိုင်ဦးတို့ ချစ်သူကို လာတွေ့ပြီး ပြန်လို့မရဲဘူး။ ပြန်ရင် အဖြုတ်ခံရမှာလေ။ ဖားအံမှာပဲ နေခဲ့လိုက်တယ်။ အဲဒါကြောင့် အခုဒုချုပ်စိုးဝင်းကိုယ်တိုင် တက်လာတယ်။ ဖားအံမှာ တွေ့ကြပြီး။ အဆင်မပြေရင် တစ်ခုခုတော့ လှုပ်ရှားလာလိမ့်မယ်ထင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလော နာမည်ကြီးနေသည့် နယ်စပ် အွန်လိုင်းကာစီနိုလောင်းကစားလုပ်ငန်းနှင့် ငွေလိမ်လုပ်ငန်းကို နှိမ်နှင်းရန် တရုတ်နှင့် ထိုင်းအစိုးရတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အကြိမ်ကြိမ်သွားရောက်တွေ့ဆုံပြီး ဖိအားပေးမှုများ လုပ်ဆောင်သောကြောင့် ဗိုလ်မှူးကြီးစောချစ်သူကို ခေါ်ယူတွေ့ဆုံလိုခြင်းဖြစ်ကြောင်း BGF နှင့် နီးစပ်သည့် သတင်း ရပ်ကွက်အရ သိရသည်။

ယခုထွက်ပေါ်နေသည့် သတင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောချစ်သူအား ကေအိုင်စီ-ကရင်သတင်းဌာနက ယနေ့ (ဇန် ၂၃ရက်)မနက်တွင် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဆက်သွယ်ပါမည်ဟုသာ ပြောဆိုပြီး ဖုန်းချ သွားခဲ့သည်။

BGF နှင့် နီးစပ်သည့် အမည်မဖော်သော KNLA ထိပ်သီးတပ်မှူးကြီးခေါင်းဆောင်တစ်ဦးကလည်း ယခုထွက် ပေါ်လာ သော သတင်းအားလုံးမှာ အမှန်အကန်ပင်ဖြစ်သော်လည်း ပြောပြရန် စောလွန်းသေးပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဖာပွန်ခရိုင်ရှိ BGF တပ်ဖွဲ့ဝင် ၃၀၀ကျော်မှာ တာဝန်ယူထားသည့်နေရာမှ ပြန်လည် ဆုတ်ခွာခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ကြသည့် ဒေသခံများနှင့် ကေအဲန်ယူ တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

ယခုလို သတင်းပျံ့နှံ့မှုများနှင့်အတူ ရွှေကုက္ကိုလ်နှင့် မြဝတီရှိ နယ်ခြားစောင့်တပ် မိသားစုဝင်များသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်မှုများရှိလာသလို ဒေသခံပြည်သူများမှာလည်း ပြည်နယ်တွင်း တိုက်ပွဲကျယ်ပြန့်လာမည်ကို စိုးရိမ်နေ ကြသည်ဟု သိရှိရသည်။

အမည်ဖော်လိုသူ မြိုင်ကြီးငူ ဒေသခံ အမျိုးသမီးတစ်ဦးက “တစ်ခုခု ဖြစ်တော့မှာလားမသိဘူး။ သတင်းတွေ မှာလည်း တွေ့တယ်။ သူတို့နေရာမှာ BGF စစ်သားတွေလည်း ပြင်ဆင်တာတွေ့ရတယ်။ သူတို့ ရိက္ခာဝယ်ယူစု ဆောင်းနေတာ တော်တော်ကြာပြီ။ ဘာဆက်လုပ်မလဲတော့မသိဘူး။  လမ်းမှာလည်း သူတို့ စစ်သားတွေ သွားလာလှုပ်ရှားတာ များလာတာ။  ကျမတို့ကတော့ ဒီလိုပဲ ကြည့်ရတာပေါ့။ ဟိုဘက်ကမ်း(ဖာပွန်-ကမမောင်းဘက်)က သူတွေလည်း အများကြီး ပြန်လာတယ်။” ဟု ပြောသည်။

ကရင်ပြည်နယ်၏ နယ်ခြား‌စောင့်တပ် ဖြစ်ပေါ်လာမှုသမိုင်းကို ပြန်ကြည့်ပါက ၁၉၉၄ခုနှစ်တွင် ကေအဲန်ယူမှ ခွဲထွက်ပြီး တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် (DKBA)ဖြစ်လာပြီး ၂၀၁၀ ဩဂုတ်လ၌ DKBA မှ တပ်ရင်း (၁၂) ခုနှင့် ၁၉၉၇ခုနှစ်တွင် ‌ပေါ်‌ပေါက်လာသည့် ‌စောသူမူ့ဟဲဦး‌ဆောင်သော ‌ဟောင်သ‌ရော၊ ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့(KPF) မှ တပ်ရင်း (၁)ခု၊ စုစုပေါင်း တပ်ရင်း (၁၃)ခုကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်‌ပြောင်းလဲ ဖွဲ့စည်းထားခဲ့ခြင်းဖြစ် သည်။

၁၉၉၄ ခုနှစ်တွင် ဘာသာ‌ရေးအရ  သ‌ဘောထားကွဲလွဲမှုကနေ အ‌ကြောင်းပြုကာ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံးက‌နေ ခွဲထွက်ပြီး ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်ကြသည့် တပ်မှူးတပ်သား‌များက (DKBO)မှ (DKBA)ကို ဖွဲ့စည်း ခဲ့သည်။

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတွင် တပ်မတော်တစ်ရပ်သာ ထားရှိရမည်ဖြစ်၍ မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြား‌စောင့်တပ်(BGF) အသွင်ပြောင်းသည့်အထဲတွင် ကရင်ပြည်နယ်၌ တပ်ရင်းအမှတ်(၁၀၁၁)မှ အမှတ်(၁၀၂၃)အ ထိ ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် တပ်ဖွဲ့ဝင်အင်အားမှာ ၇,၀၀ဝခန့်ရှိသည်ဟု လေ့လာသူများက ခန့်မှန်းပြောဆိုသည်။

နယ်ခြား‌စောင့်တပ်(BGF)အဖြစ် အသွင်‌ပြောင်းခဲ့ပြီး‌နောက်ပိုင်းတွင်လည်း BGF အ‌နေဖြင့် နယ်စပ်တစ်‌လျှောက် တရား မဝင် စီးပွား‌ရေးလုပ်ငန်း‌များကို လုပ်‌ဆောင်ခွင့်ရရှိလာခဲ့ပြီး အဖွဲ့၏ခေါင်း‌ဆောင်ပိုင်း‌များက ‌ငွေ‌ကြေးကြွယ်ဝချမ်းသာ လာကြသည်။

ထိုသို့ နယ်စပ်ဒေသတစ်လျှောက် တရားမဝင် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာတွင် လက်ရှိနာမည်ကြီးနေသော ကာစီနိုလောင်းကစားလုပ်ငန်းနှင့် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုလပိုင်းအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းကို နှိမ်နှင်းရန် တရုတ်နှင့် ထိုင်းအစိုးရတို့က စစ်အုပ်စုကို ဖိအားပေး လာသဖြင့် စစ်တပ်က BGF ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံ သတိပေးမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ယနေ့ ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုယ်တိုင် ဖားအံသို့ လာရောက်တွေ့ဆုံမှုမှာ အထက်ပါ မပြေလည်မှုများကို လာရောက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်နိုင်သော်လည်း တွေ့ဆုံဆွေးနွေးမှု၏ရလဒ်များကိုမူ မသိရှိရသေးပေ။ သို့သော် နောက်ဆုံးဖြစ် ပေါ်လာသည့် နှစ်ဖက်တင်းမာမှုကြောင့် ဆယ်စုနှစ် ၂ ခုကျော်ကြာ လက်တွဲဆောင်ရွက်ခဲ့ကြသည့် နယ်ခြားစောင့်တပ် ခေါင်းဆောင်များနှင့် စစ်ကောင်စီခေါင်းဆောင်တို့ကြား ဆက်ဆံရေးမှာ အဆုံးသတ်သွားမည်လော ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

Most read this week

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...