ဖားကန့် မြေပြို၊ ပျောက်ဆုံးသူ ၄၂ ဦးအနက် ရုပ်အလောင်း ၂၅ လောင်း တွေ့

ဖားကန့် မြေပြို၊ ပျောက်ဆုံးသူ ၄၂ ဦးအနက် ရုပ်အလောင်း ၂၅ လောင်း တွေ့
ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)
ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပြီး ပျောက်ဆုံးနေသူများထဲက ၂၅ ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိထားပြီဟု ကယ်ဆယ်ရေးဆောင် ရွက်နေသူများက ပြောသည်။

ရရှိထားသည့် စာရင်းအရ ပျောက်ဆုံးနေသူ ၄၂ ဦး အနက် သြဂုတ်လ ၁၅ ရက်နေ့၊ ညနေ ၅ နာရီ အချိန်ခန့်အထိ ပြန်လည်တွေ့ရှိသူမှာ ၂၅ ဦးဖြစ်သည်ဟု ဆိုသည်။

မနကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်ထဲ ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦး က “ဟုတ်တယ်ဗျ။ ဒီနေ့ ညနေအထိ တွေ့တာက ၂၅ လောင်းရှိပြီ။ အခုလည်း ထပ်ရှာနေတုန်းပါ။ အလောင်းတွေက ထပ်ထပ်ပေါ် လာ တာဗျ။ ၁၃ ရက်နေ့ကတည်းကဆိုတော့ တွေ့သလောက် အလောင်း တော် တော်များများက ပျက်စီးနေပြီ။ ဆို လိုချင်တာက ရုပ်တွေ ပျက်နေပြီဗျ” ဟု ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က မနကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ထဲ အမြင့်ပေ ၃၀၀ နီးပါးရှိသည့် မြေစာပုံ၊ ချောက်ကမ်းပါးပြိုကျခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြိုကျမှုကြောင့် အနီးအနား ရှိ ကျောက်တူးဖော်နေသူများနှင့် ရေမဆေးကျောက်ရှာသူများ ပါသွားခဲ့ခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသူများအား ဩဂုတ်လ ၁၄ ရက်နေ့ကစတင်၍ ယနေ့အချိန်ထိ ဒေသတွင်း လူမှုကူညီရေး အသင်း အဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

“အခုဖြစ်တဲ့နေရာက ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီရဲ့ လုပ်ကွက်မှာပေါ့နော်။ စာရင်းလာပေးကြတာတော့ ဒီနေ့ မနက်အထိ အယောက် ၄၀ ကျော်ပေါ့နော် ပျောက်နေတဲ့အထဲပါတယ်ပေါ့ဗျာ။ နာမည်တွေ လာပေးကြတာ။ ဒါပေမယ့် အဲ့ဒီ ထက်များနိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ မျက်မြင်တွေပြောတာ ၅၀ တောင် မကဘူးလို့ ပြော တယ်။ ဘာပဲ ပြောပြော ကျနော်တို့ကတော့ အားလုံးညှိနှိုင်းပြီး အခုလည်း ရှာဖွေရေးကို ဆက်လုပ်နေကြတယ် ဗျ။ တချို့ အလောင်းတွေက မှတ်တောင်မမိဘူးဗျာ။ တော်တော်ဆိုးသွားပြီ။ မှတ်မိတဲ့လူတွေကိုတော့ ရထားတဲ့ နာမည် စာရင်းနဲ့တိုက်ပြီး စစ်ပေးရတာပေါ့နော်” ကယ်ဆယ်ရေး လုပ်ဆောင်သူက ပြောသည်။

ဩဂုတ်လ ၁၅ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ထိ တွေ့ရှိထားသည့် ရုပ်အလောင်း ၂၅ လောင်းအနက် ၄ လောင်း သာ ရရှိထားသည့် အမည်စာရင်းနှင့် တိုက်ကာမှန်ကန်ကြောင်း စိစစ်ထားနိုင်သော်လည်း ကျန်ရုပ်အလောင်း အများစုမှာ မည်သူမည်ဝါဖြစ်သူကို တိုက်စစ်ရန် ခက်ခဲနေသည်ဟု ဆိုကြသည်။

ဖားကန့်ဒေသခံတစ်ဦး “အလောင်းတွေက ပုပ်မှ သူ့ဟာသူပေါ်လာတာ။ တော်တော်များများက ရုပ်က အကုန်  ပျက်နေပြီ။ ဘယ်သူမှန်းကို မမှတ်မိတော့ဘူး ဖြစ်နေကြတာ။ ဒီနေ့ညနေလည်း ထပ်ရှာနေကြတုန်းပဲ။ မိုးက ရွာ၊ မြေတွေကလည်း အိအိပြီး ကျနေတော့ တော်တော်သတိထားရတယ်” ဟု ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ဩဂုတ်လ ၁၅ ရက်နေ့၊ ယနေ့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ရုပ် အလောင်းရှာဖွေရာတွင် သတိထားဆောင်ရွက်နေကြရသည်ဟု လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူများနှင့် ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ထဲ ဩဂုတ်လ ၁၃ ရက်နေ့၊ မွန်းလွှဲ ၃ နာရီအချိန်ခန့်က မြေပြိုကျချိန် ရေလှိုင်းပုတ်ခတ်မှု‌ကြောင့် နွံကန်ဘေးရှိ လက်ကျင်းတူးနေသူများနှင့် ရေမဆေးကျောက်ရှာဖွေ သူများ ပါသွားပြီး ပျောက်ဆုံးနေခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ထဲ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူလည်း ၁၀ ဦးခန့် ရှိခဲ့ သည်။

အလားတူ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင်လည်း ဖားကန့်၊ သာယာကုန်းကမ်းပါး လုပ်ကွက် ဟောင်း မြေစာပြိုကျမှုကြောင့် ရေလှိုင်းပုတ်၍ ပါသွားသော အမျိုးသမီးတစ်ဦး တစ်ဦး သေဆုံးသွားခဲ့ရာ ဒေသ တွင်းရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ပူးပေါင်းကယ်ဆယ် ရှာဖွေရေးလုပ်ဆောင်ခဲ့ကြသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...