ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအနီးတွင် ရေခဲချောင်း ရောင်းနေသည့် အမျိုး သားတစ်ဦးက သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၁၀ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်ခန့်က ကွတ်ခိုင်-တာမိုးညဲ လမ်းမပေါ်ရှိ မော်ဟန် ကျေး ရွာအနီးတွင် ‘ဝါးဟားဟား’ ရေခဲချောင်းသည် အမျိုးသားတစ်ဦး လမ်းဘေးတွင် သေဆုံးနေခြင်း ဖြစ်သည်ဟု အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့သည့် ကွတ်ခိုင်မြို့ရှိ ဗြဟ္မစိုရ် နှလုံးသား လူမှုကူညီရေး အသင်းဝင် တစ်ဦးက ပြောသည်။

ဗြဟ္မစိုရ် နှလုံးသား လူမှုကူညီရေး အသင်းဝင်တစ်ဦးက “ကျနော်တို့ တွေ့မြင်ရသလောက်ကတော့ သူက သေ နတ်ဒဏ်ရာနဲ့ သေဆုံးထားတာ တွေ့ရပါတယ်။ သူကရေခဲချောင်း အဲဘက်မှာ သွားရောင်းတာ။ တစ်လ နှစ်လ လောက် ရှိပါပြီ။ ဘာကြောင့် အသတ်ခံရတာလဲတော့ ကျနော်တို့လည်း မသိရပါဘူး” ဟု ပြောသည်။

သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည့် အမျိုးသားမှာ အသက် ၄၀ ကျော်ခန့် အရွယ်ရှိသူတစ်ဦး ဖြစ်ပြီး  ဒဏ်ရာ များမှာ ရင်ဘတ်၊ လည်ပင်းနှင့် မျက်လုံးတို့တွင် တွေ့ရသည်ဟု သွားရောက်ကူညီပေးခဲ့သူများက ပြောသည်။

သေဆုံးသူမှာ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈) ဘက်တွင် နေထိုင်သူဖြစ်ပြီး အလောင်းကိုမူ ဩဂုတ်လ ၁၀ ရက်နေ့ကပဲ ဒေသအတွင်းရှိ လူမှုကူညီရေးအသင်းများက ကွတ်ခိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ကွတ်ခိုင်မြို့တွင် ယခုကဲ့သို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုများ၊ အသတ်ခံရသည်များ မကြာခဏ တွေ့မြင်နေရပြီး လက်နက်ကိုင် အဖွဲ့အစည်းကလည်း များပြားသည့်အတွက် ဒေသခံ ပြည်သူများအတွက် လုံခြုံမှု မရှိဘူးဟု ကွတ်ခိုင်မြို့ခံများက ပြောသည်။

ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက “အဖွဲ့အစည်းတွေများတော့ ဘယ်သူဘယ်ဝါ သတ်လဲ ဆိုတာ မတွေ့ရတော့ ကိုယ်က အမြဲတမ်းသွားလာနေတဲ့ လမ်းတောင် ဘယ်နေ့ဘယ်အချိန်မှာ ဘာရှိမလဲ ဘာဖြစ်လာမလဲဆိုတာ ကြို မသိတာကြောင့် ကိုယ့်အတွက်ကိုယ်တောင် လုံးဝကို လုံခြုံမှုမရှိဘူး” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းလိုက်သည့်နောက် ဒေသတွင်း များပြားလာသည့် မူးယစ်ဆေးသုံးစွဲသူများ၊ လောင်းကစား သမားများကြောင့်လည်း ခိုးဆိုးလုယက်မှုများ ဖြစ်ပွားနေပြီး တရားခံများကိုလည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိခဲ့သောကြောင့် ဒေသခံများအတွက် လုံခြုံရေးပိုင်း လုံးဝစိတ်မချရဖြစ်နေသည်ဟု ဆိုကြသည်။

ကွတ်ခိုင်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းလိုက်သည့်နောက် မူးယစ်ဆေးဝါးသုံးစွဲသူများကလည်း ထင်ထင် ပေါ်ပေါ် လူမြင်ကွင်းတွင် ရောင်းဝယ်သုံးစွဲနေကြသည့်အပြင် လောင်းကစားဝိုင်းများမှာလည်း ပေါ်တင် ဖွင့်လှစ် ထားကြကာ အဆိုပါ လောင်းကစားဝိုင်းများတွင် လူကြီး၊ လူငယ်များအပြင် အမျိုးသမီးများကိုပါ တွေ့မြင်လာနေ ရသည်ဟု ဒေသခံများက ပြောသည်။

တရားခံမပေါ်သည့် လူသတ်မှုများ၊ ခိုးဆိုးလုယက်မှုများသည် မူးယစ်ဆေးစွဲသူများ၊ လောင်းကစားသမားများ ဖြစ်နိုင်သည့်အပြင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်ချက်လည်း ဖြစ်နိုင်သည်ဟု ကွတ်ခိုင်ဒေသခံအချို့က ဆိုသည်။

အလားတူ သြဂုတ်လ ၃ ရက်နေ့ကလည်း ရှမ်းမြောက်ဒေသ၊ မူဆယ်မြို့နယ်၊ မန်ဝိန်း(၂) လမ်းတွင် ဓားထိုးဒဏ်ရာ နှင့် သေဆုံးနေသည့် ပိုင်ရှိမဲ့အလောင်းတစ်လောင်းလည်း တွေ့ရှိခဲ့သေးသည်။

October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...
October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...