ကျွတ်ကျွတ်အိတ်ဖြင့် ဈေးရောင်းသူ ဒဏ်ရိုက်ခံရ

ကျွတ်ကျွတ်အိတ်ဖြင့် ဈေးရောင်းသူ ဒဏ်ရိုက်ခံရ

ပုသိမ်မြို့တွင် အစားအသောက်၊ ကုန်စိမ်းနှင့် သားငါးတို့ကို ဖက်နှင့် ထုတ်ပြီးရောင်းဖို့ သက်ဆိုင်ရာက ညွှန်ကြား ထားပေသော်လည်း ကျွတ်ကျွတ်အိတ်များနှင့် ထုတ်ပိုးရောင်းချနေကြသည့် အတွက် ဈေးသည်များကို စည်ပင် ဝန်ထမ်းများက ဖမ်းဆီးပြီး ဒါဏ်ငွေဆောင်ခိုင်းနေသည်ဟု မြို့ခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့ နှစ်ရက်ကို အစားအသောက်၊ ကုန်စိမ်းနှင့် သားငါးတို့ကို  ဖက်နှင့် ထုတ်ပိုးရောင်းချရန် ညွှန်ကြားထားပြီး ဇူလိုင်လဆန်းက စတင်ကာ လိုက်နာမှုမရှိသည့် ဈေးသည်များကို ဖမ်းဆီးကာ ဒါဏ်ငွေ ၁၀၀၀၀ ကျပ် ပေးဆောင်ခိုင်းသည်ဟု စျေးသည် အချို့က ပြောသည်။

အသက် ၃၀ ကျော်ခန့် အရွယ် ပုသိမ်မြို့က ဈေးဝယ်သွားခဲ့သည့် အမျိုးသမီးတစ်ဦးက “ကျွတ်ကျွတ်အိတ် လက် ကဆွဲလာတာကို လူလေးငါးယောက်က ဝိုင်းဖမ်းပြီး ဝယ်လာတဲ့ဆိုင်ကို လိုက်ပြခိုင်း တယ်။ မပြရင် ခင်ဗျားကို ဖမ်းမယ် ပြောလို့ ပြလိုက်တာ။ မျှစ်သည်ကောင်မလေး ဒါဏ်ငွေ တစ်သောင်းဆောင် လိုက်ရတယ်” ပြောသည်။

စည်ပင်ဝန်းထမ်းများက ဈေးအဝင်ပေါက်တို့တွင် အရပ်ဝတ်များနှင့် စောင့်ကာ ကျွတ်ကျွတ်အိတ်နှင့် ဆွဲလာသူ များကို တားဆီးစစ်ဆေးပြီး ရောင်းချလိုက်သည့် ဈေးဆိုင်များကို လိုက်လံပြခိုင်းကာ ဒါဏ်ငွေ ပေးဆောင် စေ သည်ဟု အခွန်ပေးဆောင်ခဲ့ရသည့် ဈေးသည်အချို့က ပြောသည်။

အသက် ၅၀ ကျော် ဈေးသည်တစ်ဦးက “ပါးစပ်ကတော့ ဖမ်းချင်လို့ ဖမ်းရတာ မဟုတ်ပါဘူး။ အထက်က ခိုင်း လို့ပါတဲ့။ လုပ်နေတာကျ သရဲမရဲစီးသလိုမျိုး ဖမ်းမိတဲ့သူနည်းရင် ဈေးသိမ်းချိန်အထိကို စောင့်ပြီး ဒုက္ခပေး တော့တာ” ဟု ပြောသည်။

တစ်ပါတ်ကို တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့ နှစ်ရက်တာ ဖက်နှင့် ထုတ်ပိုးရောင်းချကြရန် စစ်ကောင်စီက ညွှန်ကြား ထားခြင်းသည် ပလပ်စတစ် အသုံးပြုမှု လျှော့နည်းစေရန်နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ကို တားဆီးလို သောကြောင့် စိတ်အရင်းခံနှင့် လုပ်ဆောင်နေခြင်းမျိုး မဟုတ်ဘဲ ယတြာချေခြင်းမျိုးသာ ဖြစ်နိုင်သည်ဟု ဈေး သည်အချို့က ဝေဖန်ပြောဆိုနေကြသည်။

“ဘာအကြောင်းမှမဟုတ်ဘူး ယတြာ‌ချေတာဗျ။ ကြာသာပတေးနံ ဖက်နဲ့ထုတ်ပြီး တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့မှာ ရောင်း ခိုင်းတာ။ မအလ လုံလုံခြုံခြုံရှိဖို့ အတွက်လေ” ဟု ပုသိမ်မြို့မှ ဗေဒင်လိုက်စားသူတစ်ဦးကပြောသည်။

စတင်ဖမ်းဆီးသည့် ဇူလိုင်လဆန်းပိုင်းက နာရီပိုင်းခန့်သာ ဖမ်းဆီးမှုကို လုပ်ခဲ့သော်လည်း ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး တင်းကြပ်စွာ ဖမ်းဆီးခြင်းများကို လုပ်လာခြင်း ဖြစ်သည်ဟု ဈေးသည်များက ပြောသည်။

“ဒဏ်ငွေကို ရုံးသွားဆောင်ရတာ မဟုတ်ဘူး။ ချက်ချင်းပေးရတာ။ ဘာဖြတ်ပိုင်းမှလည်း မပေးဘူး။ တစ်နေ ကုန် ဈေးရောင်းလို့ တစ်သောင်းမမြတ်ဘူး။ အဖမ်းမခံရအောင် ရှာကြံပြီး ဆောင်ကြရတာပဲ။ အခုကတော့ ဖက်ဖိုးပဲ အကုန်ခံရတော့တာပေါ့” ဟု ကုန်စိမ်းသည်တစ်ဦးကပြောသည်။

ထို့အပြင် “တစ်လကို ဈေးအားလုံးကနေပြီး သိန်း ၃၀ မဖြစ်မနေရှာပေးရတယ်” ဟု စည်ပင်နှင့်နီးစပ်သူ တစ်ဦး က ပြောသည်။

ဖက်‌နှင့်သာ ရောင်းချဖို့ သတ်မှတ်ထားတဲ့ရက်များတွင် ဈေးတစ်ဈေးတွင် အနည်းဆုံး ဈေးသည် ငါးဦးခန့်ကို ဖမ်း ဆီးပေးရန် ညွှန်ကြားထားသည်ဟုလည်း မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင် ရွှေပြည်သာဈေးကြီးနှင့် မြို့မဈေးကြီးအပြင် စည်ပင်သာယာကော်မတီက ခွင့်ပြုထားသည့် ရပ် ကွက်များထဲတွင် ဖွင့်လှစ်ရောင်းချနေသည့် ဈေးပေါင်း ၈ ဈေးခန့် ရှိသည်ဟု မြို့ခံများက ပြောသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...