ကျိုက်စကောအကျဥ်းထောင်က နိုင်ကျဉ်းတွေ ထောင်ထဲ ပြန်မရောက်သေးလို့ မိသားစု၀င်တွေ စိုးရိမ်နေ

ကျိုက်စကောအကျဥ်းထောင်က နိုင်ကျဉ်းတွေ ထောင်ထဲ ပြန်မရောက်သေးလို့ မိသားစု၀င်တွေ စိုးရိမ်နေ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ဒီနေ့အချိန်ထိ ထောင်ထဲကို ပြန်မရောက်သေးလို့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ တောင်ငူထောင် ဖောက်ပြေးတဲ့ ဖြစ်စဥ် တစ်ခုဖြစ်ပွားခဲ့ပြီး၊ အဲ့ဒီဖြစ်စဥ် နဲ့ ဆက်စပ် ကာ ထောင်အသီးသီးက နိုင်ငံရေးအကျဥ်းသားတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီ တပ်ထဲကို ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင် တစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ထောင်ချပြီးသား နိုင်ငံရေးအကျဥ်းသား ၂၀ ကျော်ကို ကျိုက်စကော အကျဥ်း ထောင်က နေထုထ်ပြီး၊ ပျဥ်ပုံကြီး စစ်ကောင်စီတပ်ထဲမှာ ရိုက်နှက် စစ်ဆေးရင်းနဲ့ နိုင်ငံရေးအကျဥ်းသား ကိုသန့် ဇင်ဝင်း လက်လွန်ပြီး သေသွားတယ်။ အဲ့ဒါကို မိသားစုက လိုက်သွားတော့ အပူရှပ်ပြီး သေတာတဲ့၊ အလောင်း လည်း ပြန်မပေးဘူး။ နောက်ထပ်လည်း နိုင်ငံရေး အကျဥ်းသားတွေကို ထပ်မံခေါ်ထုထ်သွားတာ များနေပြီ။ ဘယ် တွေ ရောက်နေလဲ အသက်မှ ရှိကြသေးရဲ့လား ဘာမှမသိရဘူး။ ကိုသန့်ဇင်ဝင်း သေပြီးတော့တောင် နောက်ထပ် ၁၇ ယောက်ကို ထပ်ထုထ်သွားသေးတယ်။ နောက်တခေါက် ကိုယ့်အလှည့်ကျလာမှာကို သူတို့ အရမ်း စိုးရိမ်နေရ တယ်“ လို့ ကျိုက်စကောထောင်ကို ပါဆယ်ပို့နေတဲ့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင် တစ်ဦး က ပြောပါတယ်။

ကျိုက်စကောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်က ထောင်တွင်း အိပ်ဆောင် ကနေ သီးသန့်ခေါ်ထုတ်၊ ပြင်းပြင်း ထန်ထန် ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထို့အပြင် လက်ရှိတွင် ကိုသန့်ဇင်ဝင်း သေဆုံးပြီးနောက် အကျဉ်းထောင်အတွင်း ဝန်ထမ်းအသစ်များ ထပ်တိုး ထားတယ်လို့ ကျိုက်စကောအကျဉ်ထောင်အနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ကိုသန့်ဇင်ဝင်းသေတဲ့အကြောင်းက သတင်းဌာနတွေမှာ ပါလာတော့ အခု ထောင်ထဲမှာ ၀န်ထမ်းအသစ်တွေ အများကြီး တိုးထားတယ်။ တကယ်က အဲ့ဒါ ထောင်၀န်ထမ်းတွေ မဟုတ်ဘူး။ စစ်တပ်ကကောင်တွေ။ သူတို့ကို ထောင်ဝန်ထမ်းဝတ်စုံတွေ ဝတ်ခိုင်းပြီး၊ ထောင်ထဲမှာ ချပြီး သတင်းယူခိုင်းထားတာ။ အပြင်မှာလည်း စစ်သား တွေ အများကြီးချထားတယ်။ အရပ်ဝတ် မျက်နှာစိမ်းတွေလည်း အများကြီး။ ပါဆယ်ပို့တဲ့နေရာတို့၊ တံခါးကြီး တို့မှာလည်း ချထားတယ်။ ဝန်ထမ်းအသစ်ဆိုရင် လုံးဝ မယုံပါနဲ့။”

အကျဥ်းထောင်လက်စွဲ ဥပဒေအရ ထောင်ထဲရောက်ရှိပြီးသား မည်သည့်အကျဥ်းသားကိုမှ အပြင်ကို ထုထ်ယူ ခွင့်မရှိသလို၊ လိုအပ်လို့ ပြန်လည်စစ်ဆေးချင်ရင်လည်ဒ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ယူပြီးမှ တရားရုံး တွေမှာပဲ စစ်ဆေးရမှာဖြစ်ပါတယ်။

သို့မဟုတ်ပါက အကျဥ်းထောင်အရာရှိများရဲ့ ရှေ့မှောက်မှာပဲ စစ်ဆေးရမှာဖြစ်တယ်လို့ နိုင်ငံရေး အကျဥ်းသား ဟောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။

ထို့ကြောင့် “အခုက ဥပဒေမဲ့ လုပ်ရပ်တခုဖြစ်ပြီး၊ စစ်ရာဇဝတ်ကျူးလွန်တာ၊ လူ့အခွင့်အရေးချိုးဖောက် ခံရ တာ။ ထောင်ပိုင်မှာလည်း တာဝန်ရှိတယ်။ နိုင်ငံတကာ သိအောင်လုပ်ရမယ်လို့” နိုင်ငံရေး အကျဥ်းသားဟောင်း တရားလွှတ်တော်ရှေ့နေ က ပြောပါတယ်။

ကိုသန့်ဇင်ဝင်း စစ်ကြောရေးမှာ သေဆုံးတဲ့ကိစ္စ၊ ထောင်ချပြီးသား အကျဥ်းသားတွေကို စစ်တပ်ဝင်းထဲကို ခေါ်ယူပြီး စစ်ကြောရေးလုပ်တဲ့ ကိစ္စတွေ၊ ထောင်ထဲမှာ အကြောင်းမဲ့ ရိုက်နှက်နေတဲ့ကိစ္စ၊ တိုက်ပိတ်ထားတဲ့ကိစ္စ တွေနဲ့ ပတ်သတ်ပြီး ထောင်ပိုင်ကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

အလားတူ ထောင်ထဲမှာလည်း ဝန်ထမ်းအသစ်ဟု ဆိုကာ ဝန်ထမ်းများ တိုးချဲ့ထားပြီး၊ ထောင်ဝင်စာ ပို့တဲ့ နေရာ များနှင့် ထောင်ပတ်၀န်းကျင်တွေမှာလည်း လုံခြုံရေးအင်အားတွေ များစွားတိုးချဲ့ ချထားတယ်လို့ အကျဉ်းထောင် အနီးနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...
June 28, 2023
မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန်...