သံတောင်ကြီး (၁၃)မိုင်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဒေသခံအချို့ ဖမ်းဆီးခံရ

သံတောင်ကြီး (၁၃)မိုင်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဒေသခံအချို့ ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တောင်ငူ-သံတောင်လမ်း (၇)မိုင် အကျော်တွင် ဒေသခံအချို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခြင်းခံလိုက်ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့က ပျားစခန်းကျေးရွာအကျော် (၁၁)မိုင်ကုန်းရှိ သံတောင်-တောင်ငူ ကားလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများက ညစဥ်လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြသလို ယမန်နေ့က စစ်ကောင်စီ၏(၁၃)မိုင် တပ်စခန်းသို့ တော်လှန်ရေးတပ်က သွားရောက်တိုက်ခိုက်ရာမှ ထိုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများ စစ်တပ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားစဥ် စစ်တပ်က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခံရသော ဒေသခံ(၂၀)ထက်မနည်းရှိခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေသခံအချို့လည်းကျန်ရှိနေသည်ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ (၁၃)မိုင်မှာပြန်ထိုင်ထားတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တယ် ။ အဲ့ဒါနဲ့ စစ်တပ်က သံတောင်-တောင်ငူလမ်းက တွေ့တဲ့သူတွေကို တားပြီးစစ်တာ တချို့လည်းပြန်မ လွတ်သေးဘူး။ ဘယ်နှယောက်လဲဆိုတာနဲ့ ခရီးသွားရင်းနဲ့ဖမ်းခေါ်တာလား ဆိုတာတော့ မသိရသေးဘူး ။ (၇)မိုင်၊ (၃)မိုင်မတိုင်ခင်မှာ လမ်းပိတ်လိုက်တော့ ကားတွေလည်းတက်မရဖြစ်ကုန်တယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက စစ်ဆေးမေးမြန်းစဥ် အရပ်သားများအပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းများ ပြုလုပ်ခဲ့သလို ပတ်ဝန်းကျင်သို့ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခြင်းလည်း ရှိခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက “ဂိတ်ကတော့ အဲဒီနေ့ညနေ (၇)နာရီ (၆)နာရီလောက်က ပြန်ဖွင့်ပါတယ်။ စစ်တပ်က သူတို့ကားမှောက်တာရော၊ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်လို့ရော ဂိတ်တွေကိုပိတ်လိုက်တာ။ လူတွေအဖမ်းခံရတဲ့ကိစ္စကျနော်လည်းကြားပေမယ့် အသေးစိတ်တော့ မသိရဘူးဗျ။ ” ဟု ကေအိုင်စီသို့ပြောသည်။

ဧပြီလ(၂၅)ရက်နေ့က စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရစဥ် စစ်ကောင်စီဘက်မှတပ်ဖွဲ့ဝင်တစ်ဦး ဆီးခုံထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရှိရသော်လည်း ၎င်းတို့ဖမ်းဆီးထားသည့် အရပ်သားဦးရေ အတိအကျနှင့်နောက်ဆက်တွဲအခြေအနေကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သံတောင်-တောင်ငူလမ်းသည် လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်များက ဖြတ်သန်းသွားလာသူ ဒေသခံများအား လက်နက်အားကိုး၍ အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ အမျိုးသမီးများကိုလိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခြင်းနှင့် မသင်္ကာဖွယ်ရာတွေ့ရှိသည်နှင့် စစ်ကောင်စီ၏ မကြာခဏ ဖမ်းဆီးခြင်းကိုခံ နေရသဖြင့် မဖြစ်မနေမှလွဲ၍ အသွားအလာမပြုလုပ်ရဲကြတော့သည့် လမ်းပိုင်းတစ်ခုလည်း ဖြစ်သည်ဟု ဒေသခံများကဆိုသည်။

Most read this week

May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 14, 2024
အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်သတင်းလွတ်လပ်ခွင့်ကို ပံ့ပိုးပေးရန် ရည်ရွယ်ဖွဲ့စည်းထားသည့် WAN-IFRA...