BNI အကြောင်း

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့(ဘီအဲန်အိုင်)ကို မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသများဖြစ်သော မြန် မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယ နယ်စပ်များတွင် အခြေပြုသည့် မီဒီယာအဖွဲ့အစည်းလေးခုဖြင့် ၂၀၀၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ တည်ထောင်ခဲ့သော အဖွဲ့အစည်းများမှာ Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News တို့ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ကို ထိုင်းနိုင်ငံနှင့် ထိုင်း မြန်မာနယ်စပ်တွင် အခြေစိုက်သော သတင်းအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအတွင်း၌ အခြေစိုက်သော အဖွဲ့ များဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ကြသည်။

ယခုအချိန်တွင်

  1. Chin World
  2. Development Media Group
  3. Independent Mon News Agency
  4. Kachin News Group
  5. Kaladan Press Network
  6. Kantarawaddy Times
  7. Karen Information Center
  8. Khonumthung News Group
  9. Mizzima News
  10. Myitkyina News Journal
  11. Narinjara News
  12. Network Media Group
  13. Shan Herald Agency for News
  14. Than Lwin Times
  15. The Voice of Shan Ni

အစရှိသည့် သတင်းမီဒီယာ အဖွဲ့များနှင့် ဖွဲ့စည်းလည်ပတ်လျှက်ရှိသည်။

နိုင်ငံတကာ မြန်မာသတင်းအဖွဲ့သည် မြန်မာနိုင်ငံနှင့် ဆက်နွယ်သည့်သတင်းများ တောင်အာရှနှင့် အရှေ့တောင် အာရှရှိ အစီရင်ခံစာများကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။ ထို့အပြင် လွတ်လပ်သည့် မြန်မာမီဒီယာ အဖွဲ့အစည်းများကြား အပြန်အလှန် နားလည်မှုရှိစေရန် ပေါင်းကူးပေးခြင်း၊ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုနှင့် အရင်းအမြစ်များ ဖလှယ်မှုပြုစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပေါ်ပေါက်စေရန် လုပ်ဆောင်ပေး လျက်ရှိသည်။

မျှော်မှန်းချက် (Vision)

မြန်မာနိုင်ငံတဝှမ်းမှ တိကျမှန်ကန်သော သတင်းအချက်အလက်များနှင့် တိုင်းရင်းသားများ၏ အသံများကို ဝေမျှ ထင်ဟပ်ပေးနိုင်သော ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော လွတ်လပ်သည့် မီဒီယာလုပ်ငန်းများ ပေါ်ထွန်းလာရမည်။

မစ်ရှင် (Mission)

အဖွဲ့ဝင်အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံမီဒီယာကိုအခြေခံသော လွတ်လပ်သည့် မီဒီယာကွန် ရက်အနေဖြင့် စွမ်းရည်မြှင့်တင်ပေးခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ မြှင့်တင်ပေးခြင်း၊ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ပြည်သူလူထု၏ သတင်းရပိုင်ခွင့်၊ ပြည်တွင်းပြည်ပ ကွန်ရက်ချိတ်ဆက်ခြင်းနှင့်အတူ ရေရှည်တည်တံ့ခိုင်မြဲသော မီဒီယာများဖြစ်ထွန်းရေးကို ဦးတည်ဆောင်ရွက်သွားမည်။

ရည်မှန်းချက်ပန်းတိုင်

ပန်းတိုင် ၁

သတင်းထုတ်လုပ်မှု အရေအတွက်နှင့် အရည်အသွေးပိုင်း ဆိုင်ရာများ ပိုမိုကောင်းမွန်လာပြီး မြန်မာပြည်တွင် လိုအပ် နေသော လွတ်လပ်သည့် သတင်းမီဒီယာအခန်းကဏ္ဍအား အထောက်အပံ့ ဖြစ်စေရန်။

ပန်းတိုင် ၂

သတင်းမီဒီယာ လွတ်လပ်ခွင့်၊ လူထု၏သတင်းအချက်အလက်များရပိုင်ခွင့် နှင့် သတင်းသမားများအား အကာအ ကွယ်ပေးမည့် ဥပဒေမူဘောင်အခင်းအကျင်းတစ်ရပ် ပေါ်ထွန်းလာစေရန်။

ပန်းတိုင် ၃

အတွင်းအပြင် ကွန်ရက်ချိတ်ဆက်မှု ပိုမိုအားကောင်းပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်များ/လုပ်ငန်း စဉ်များ ပေါ်ထွက်လာစေရန်။

တန်ဖိုးထားမှု (Value)

  • အဖွဲ့ဝင်အဖွဲ့အစည်းများအကြား အပြန်အလှန် လေးစားခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်ခြင်း။
  • ရေရှည် ရပ်တည်နိုင်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း။
  • သတင်းသမားများ၊ မီဒီယာများ၏ အခွင့်အရေးနှင့် ဘေးကင်းလုံခြုံစေခြင်း။\
  • လွတ်လပ်သော သတင်းမီဒီယာဖြစ်ခြင်း။
  • လူ့အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ ကျား၊မတန်းတူရေး၊ တရားမျှတရေးကို အခြေခံခြင်း။

နိုင်ငံတကာမြန်မာသတင်း၏ အခြေခံမူဝါဒများ

၁။ အဖွဲ့ဝင်အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် အပြန်အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန်။

၂။ နိုင်ငံတကာမြန်မာ့သတင်းအနေဖြင့် အဆင့်တိုင်းနှင့် ဆုံးဖြတ်ချက်ချသည့် နေရာများတွင် အမျိုးသမီးများ ၏ ပါဝင်မှုနှင့် ကျား၊မ တန်းတူရေးကို အလေးပေး ဆောင်ရွက်ရန်။

၃။ တိုင်းရင်းသားဒေသအသီးသီးတွင် ဘက်စုံမီဒီယာဖွံ့ဖြိုးတိုးတက်ရန်။ (ဘက်စုံမီဒီယာဆိုသည်မှာ တိုင်းရင်းသားရေဒီယို၊ ရပ်ရွာလူထုအခြေပြုရေဒီယို၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ရုပ်မြင်သံကြား၊ ဒစ်ဂျစ်တယ်၊ အွန်လိုင်းမီဒီယာ အစရှိသည်ဖြင့်)

၄။ သတင်းမီဒီယာများ လွတ်လပ်စွာ (Independent) ရပ်တည်နိုင်ရန်။

၅။ တိုင်းရင်းသားဒေသအပါအဝင် သတင်းသမားများ၏ အခွင့်အရေးနှင့် ဘေးကင်းလုံခြုံရေး အတွက် ရပ်တည်လုပ်ဆောင်ရန်။

၆။ အရည်အသွေးပြည့်မှီသည့် ဒေသအခြေစိုက်တိုင်းရင်းသားသတင်းသမားများ ပိုမိုပေါ်ထွက် လာစေရန်။

သတင်းမီဒီယာကျင့်ဝတ်

၁။ သတင်းသည် အခြေမြစ်ရှိသော အချက်အလက်များအပေါ်အခြေခံ၍ တိကျမှန်ကန်မှုကို တာဝန်ခံရမည်။ သတင်းရယူရာတွင် မိမိ၏သတင်းဌာနအမည်ကို တရားဝင် ထုတ်ဖော်ပြရမည်။

၂။ တတ်နိုင်သမျှ သတင်းရင်းမြစ်ကို ဖော်ပြရမည်။ သတင်းဖော်ပြရာတွင် မျှတမှုရှိစေရန် သတင်းရင်းမြစ်တစ်ခုထက်မက ကိုးကားဖော်ပြနိုင်ရန်ကြိုးစားရမည်။

၃။ သတင်းရင်းမြစ် သို့မဟုတ် သတင်းပေးသူ၏ သဘောတူညီမှု ခွင့်ပြုချက်မရရှိပဲ အမည်၊ လိပ်စာ စသည်တို့ကို ဖော်ပြသုံးစွဲခြင်းမပြုလုပ်ရ။ အမည်မဖော်လိုသူ (Anonymous) ပေးသည့် သတင်းအချက်အလက်ကို သုံးစွဲမည်ဆိုပါက သတင်းရင်းမြစ်အမှန်ကို အယ်ဒီတာအား အသိပေးထားရမည်။

၄။ အန္တရာယ်ရှိနိုင်ကြောင်းသိရှိလျက်နှင့် ထုတ်ဖော်ပြောကြားသတင်းပေးသည့် သတင်းရင်းမြစ်အား မည်သည့်အခြေအနေတွင်မဆို လျှို့ဝှက်ထိန်းသိမ်းထားရမည်။

၅။ သတင်းအမှားကို ဖော်ပြမိပါက ပြန်လည်ပြင်ဆင်ချက် (သို့မဟုတ်) ဖြေရှင်းချက် အမြန်ဆုံး ဖော်ပြပေးရမည်။

၆။ သတင်းအတုနှင့် သတင်းအမှားများကို တားဆီးဖော်ထုတ်သွားရမည်။

၇။ တရားရုံး၏ စီရင်ဆုံးဖြတ်ချက် မကျသေးသည့် စစ်ဆေးဆဲအမှုများနှင့်ပတ်သက်၍ သတင်းရေးရာတွင် တရားစွဲဆိုခံရသူအား အပြစ်ရှိသူအဖြစ် ဖော်ပြရေးသားမှု မပြုရ။

၈။ သတင်းရေးသားရာ၌ မိမိထင်မြင်ယူဆချက်များမပါရှိစေဘဲ ဘက်လိုက်မှုကင်းရှင်းစေရန် သတိပြုရေးသားရမည်။

၉။ ငွေကြေးအခွင့်အရေး လာဘ်လာဘ တံစိုးလက်ဆောင် တစုံတရာမျှော်ကိုး၍ဖြစ်စေ၊ ရယူ၍ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ဘက်လိုက် သတင်းမရေးသားရ။

၁၀ ။ နိုင်ငံရေးအဖွဲ့အစည်း၊ စီးပွားရေးအဖွဲ့အစည်း၊ အာဏာပိုင်အဖွဲ့အစည်း စသည့် အဖွဲ့အစည်းတစ်ခုခု၏သြဇာကြောင့် မမှန်သတင်း ဝါဒဖြန့်သတင်းစသဖြင့် ဘက်လိုက်ရေးသားခြင်း မပြုရ။

၁၁။ လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ လိင်နှင့် လိင်စိတ်ခံယူမှု၊ နိုင်ငံရေးနောက်ခံ၊ လူမှုရေးနောက်ခံတို့ကို အကြောင်းပြု၍ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော ခွဲခြား၊ ရှုံ့ချ အပြစ်တင် ဝေဖန်သည့် သတင်း / သတင်းဆောင်းပါး စသဖြင့် ရေးသားခြင်း မပြုရ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အသုံးအနှုန်းများကို ရှောင်ကြဉ်ရမည်။

၁၂။ အခြားသူတစ်ဦးတစ်ယောက် ထုတ်လုပ်ဖန်တီးထားသည့် သတင်း၊ ဓါတ်ပုံ၊ ဆောင်းပါး၊ ဝေဖန်သုံးသပ်ချက်စသည်တို့ကို မူရင်းဖန်တီးသူ၏ ခွင့်ပြုချက်မရရှိဘဲ ကူးယူဖော်ပြခြင်းမပြုရ။ ခွင့်ပြုချက်ရယူ၍ ဖော်ပြလျှင်လည်း မူလရင်းမြစ်အမည် နာမကို ဖော်ပြပေးရမည်။

၁၃။ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် စပ်လျဉ်းသည့် သတင်းများရေးသားရာတွင် သက်ဆိုင်ရာ ဥပဒေပြဌာန်းချက်များ အား သတိပြုလိုက်နာရမည်။

၁၄။ အင်တာနက် လူမှုကွန်ရက်များ (အထူးသဖြင့်  facebook နှင့် ကိုယ်ပိုင် ဘလောဂ်များ) မှတဆင့် သတင်းများ ရယူရာတွင်၊ သတင်းခိုင်လုံမှုရှိကြောင်း သက်သေအထောက်အထား ဖော်ပြခြင်း မရှိပါက သုံးစွဲခြင်းမပြုရ။

၁၅။ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ကလေးသူငယ်များ ကြည့်ရှုရန် မသင့်လျော်သည့် သွေးထွက်သံယိုမှု၊ အကြမ်းဖက်မှု၊ လိင်လှုံ့ဆော်မှုများ ပါဝင်သည့် သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ရုပ်ပုံ စသည်တို့ကို ဖော်ပြခြင်း မပြုရ။

၁၆။ လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒရေးဆိုင်ရာ လူမှုပဋိပက္ခများ ဖြစ်ပွားစေရန်လှုံ့ဆော်အားပေးသည့် သတင်း၊ ဆောင်းပါး၊ ဝေဖန်စာ၊ ရုပ်ပုံ၊

ဓါတ်ပုံများ စသည်တို့ကို ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်။

ဘီအဲန်အိုင် အဖွဲ့ဝင်ဖြစ်ရန် စံနှုန်းများ

  • လွတ်လပ်သော မီဒီယာအဖွဲ့ တဖွဲ့ဖြစ်ရမည်။အနည်းဆုံး ၁နှစ်နှင့်အထက် သက်တမ်းရှိသည့် တည်တံ့ခိုင်မြဲသော မီဒီယာအဖွဲ့တဖွဲ့ ဖြစ်ရမည်။
  • မူရင်းကိုယ်ပိုင်သတင်း ထုတ်လုပ်သောအဖွဲ့ ဖြစ်ရမည်။
  • ဘီအဲန်အိုင်၏ မျှော်မှန်းချက်များနှင့် ရပ်တည်ချက်များကို လက်ခံရမည့်အပြင် ဘီအဲန်အိုင်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။
  • ဘီအဲန်အိုင် အဖွဲ့ဝင် ဖြစ်လာစေရန် လက်ရှိအဖွဲ့ဝင် ၂ဖွဲ့၏ ထောက်ခံမှုဖြင့် အဖွဲ့ဝင်သစ် အမည်စာရင်းကို တင်သွင်းရမည်ဖြစ်ပြီး အဖွဲ့ဝင်သစ် လက်ခံ/မခံကို ဘီအဲန်အိုင်အဖွဲ့ဝင် အယ်ဒီတာများ ပုံမှန်အစည်းဝေးအ တွင်း ဘီအဲန်အိုင် အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်သွားမည်။
  • ဘီအဲန်အိုင်မှ ချမှတ်ထားသော လိုက်နာရမည့်ကျင့်ဝတ်များကို လက်ခံသဘောတူရမည်။
  • ဘီအဲန်အိုင် ပုံမှန် အစည်းဝေးများက ပေးအပ်သောတာဝန်ကို ထမ်းဆောင်နိုင်ရမည်။