အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း အကျအဆုံးများ၍ ဖားအံကနေ စစ်ကူ နေ့စဉ်ပို့ဆောင်နေရ

အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း အကျအဆုံးများ၍ ဖားအံကနေ စစ်ကူ နေ့စဉ်ပို့ဆောင်နေရ

မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အထိအခိုက် အကျအဆုံးများနေ၍ တပ်မ (၇၇) နှင့် တပ်ကူတပ်မ (၅၅) တပ်ဖွဲ့ဝင်များကို စုဖွဲ့ပြီး ဖားအံမှ ကော့ကရိတ်မြို့ဘက်ကို အရပ်သားကုန်တင်ကား နှင့် ယာဉ်လိုင်းကားများဖြင့် နေ့စဉ် စစ်ကူ ပို့ဆောင်နေကြာင်း ဖားအံမြို့ရှိ စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

“ ဖားအံကနေ တပ်မ (၂၂) မှာ နယ်စုံကလာတဲ့ စစ်သားတွေ စုရပ်ထားတယ်။ ပြီးရင် ကရင်လက်နက်ကိုင် အပစ်ရပ်အဖွဲ့ အစည်း နာမည်ခံ စီးပွားရေးလုပ်ကြတဲ့ ကုန်ကားတွေနဲ့ ခဲယမ်း၊ ရိက္ခာသယ်တယ်။ ယာဉ်လိုင်းဆွဲ စားတဲ့ အိမ်စီးကားတွေနဲ့ လူကိုတင်ပြီး ကျုံဒိုး၊ကော့ကရိတ်စစ်တပ်တွေကို စစ်ကူပို့ပေးနေတာ နေတိုင်း ရှိနေတယ်။” ဟု တပ်မ(၂၂) အနီး နေထိုင်သူတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် စစ်ကူစစ်ကြောင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရာနှင့်ချီ၍ သေဆုံးကြသလို သေဆုံးသူများတွင် အရာရှိများပါ ပါဝင်နေ၍ စစ်ကြောင်းပျက်ပြီး သေဆုံးသွားသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်အလောင်းများကိုပင် ပြန်မကောက်နိုင်ကြကြောင်း အဆိုပါတပ်နှင့် နီးစသည့် သတင်းအရင်းအမြစ်က ဆက်ပြောသည်။

ဒေါနတောင်တက်လမ်းသစ် နှင့် လမ်းဟောင်း နေရာဘက်မှာ နှစ်ဖက်ခွဲပြီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်အင်အား (၁,၀၀၀) ကျော်ခန့်မှာ နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း စစ် ကြောင်းများနှင့် နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေကြောင်း၊ တစ်လနီးပါးကြာလာသည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ ထိခိုက်ကျဆုံးသူများလာနေပြီး ယနေ့ အချိန်ထိ ထိုးဖောက်တိုက်ခိုက်နိုင်ခြင်း မရှိသေးကြောင်း တော်လှန်ရေးစစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ရေးသတင်းအရေးအမြစ်တစ်ဦးက "အာရှလမ်းသစ်ရော၊ ဒေါနတောင်လမ်းဟောင်းကိုထွက်လာမယ့် ရန်ကုတ်၊ စော်ဟဲရွာဘက်ရောက်နေတဲ့ စစ်တပ်အောင်ဇေယျ စစ်ကူအဖွဲ့တွေနေ့တိုင်း လူရာချီသေကြ လူရာချီ ဒဏ်ရာရ ကြသလို ကျနော်တို့ KNLA နဲ့ PDF ဘက်ကလည်း လူဆယ်ချီကျတာ ဒဏ်ရာရတာ ရှိနေပေမယ့် သူတို့ကို ဖြတ်တိုက်တာက မြေပြင်မှာ အသာစီးရနေတယ်။ လေယာဉ် ဗုံးကြဲတာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့်သာ ငြိမ်လိုက် တိုက်လိုက်ဖြစ်နေတာမျိုး" ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် စစ်ကောင်စီ စစ်ကြောင်းအနေဖြင့် အာရှလမ်းသစ်ရှိ တောနော်ရေတံခွန် နှင့် ယခင် KNU စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်နေရာတွင် ပိတ်မိတိုက်ခိုက်ခံနေရသလို ဒေါနတောင်တက် လမ်းဟောင်းဘက်က တက်သည့် စစ်တပ်စစ်ကြောင်းမှာလည်း ရန်ကုတ်၊ စော်ဟဲ ကျေးရွာအနီးအထိရောက်ရှိကာ ရှေ့မတိုးနိုင်သေး ကြောင်း စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။

သို့သော် ဒေါနတောင် တောတွင်းလမ်းမှ တပ်ဖျောက်တက်လာနေသည့် စစ်ကြောင်းမှာ ဒေါနတောင် မြဝတီ ခရိုင် အပိုင်နယ်မြေထဲသို့ ရောက်ရှိသွားပြီးဟု သတင်းများထွက်ပေါ် နေသော်လည်း ကေအိုင်စီ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ စတင် ထိုးစစ်ဆင်နေသည့် မြဝတီမြို့နယ်ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် လေကြောင်း နှင့် မြေပြင်စစ်ကြောင်းများဖြင့် အပြင်းအထန် ထိုစစ်ဆင်နေသည်မှာ ယခု မေလ ၉ ရက်နေ့အထိ တစ်လတာအတွင်း KNLA ပူးပေါင်းအဖွဲ့ဘက်မှ သံချပ်ကာယာဉ် အပါအဝင် စစ်သုံးယာဉ် အချို့ကို ခြေမှုန်းဖျက်ဆီးထားနိုင်ကြာင်း KNLA ပူးပေါင်း စစ်ကြောင်းများ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

Most read this week

May 20, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) နယ်မြေ၊...
May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...