စစ်အာဏာရှင်စနစ်ကြောင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများပြော

စစ်အာဏာရှင်စနစ်ကြောင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများပြော

စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး ဖောက်ခံနေရဆဲဖြစ်ကြောင်း မေလ (၁)ရက်နေ့  မဲဆောက်မြို့တွင် ပြုလုပ်သည့် (၁၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားတွင် အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောဆိုသည်။

ယနေ့ ညနေပိုင်း ၄ နာရီအချိန်တွင် မဲဆောက်မြို့တစ်နေရာ၌ သက်ဆိုင်ရာအလုပ်သမားအင်အားစုများ ပူးပေါင်း၍ ပြုလုပ်ကျင်းပခဲ့သည့် အဆိုပါ မေဒေးနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် NLF-Myanmar ၏ တွဲဖက်ဥက္ကဌ မတင်တင်ဝေက ယခုလို ပြောဆိုခဲ့သည်။

၎င်းက “ ဒီချိုးဖောက်မှုတွေက ဆက်ပြီး ဘာကြောင့်ရှိရလဲဆိုတော့ စစ်အာဏာရှင်မပျက်မချင်း ဒါကရှိနေမှာပဲ။ ကျမတို့အလုပ်သမားတွေက လုပ်အားခတွေအမြတ်ထုတ်ခံနေရတယ်။ မြန်မာပြည်မှာ လုပ်ငန်းအခြေအနေတွေ မကောင်းလို့ ထိုင်းဘက်ခြမ်းကိုလာတယ်။ ဒီဘက်ကိုလာတော့လည်း အခွင့် အရေးတွေ ချိုး ဖောက် ခံရတယ်။ အလုပ်သမားအခွင့်အရေးက ၁၀၀ ရာခိုင်နှုန်းအထိ ချိုးဖောက်ခံ နေရတယ်”ဟု အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်းရှိအလုပ်သမားများနှင့် ပြည်ပသို့ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း ငွေကြေးအမြတ်ထုတ်ခြင်း၊ အဓမ္မဖိအား ပေးခိုင်းစေခြင်း နှင့် ခြိမ်းခြောက်ခံရခြင်း စသည့်အလုပ်သမားများ၏ တွေ့ကြုံခံစားနေရမှုများကို သက်ဆိုင်ရာ အလုပ်သမားခေါင်း ဆောင်များက ရှင်းပြပြောဆိုမှုများပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်သူရဲကောင်းများကို အလေးပြုဦးညွတ်ခဲ့ကြပြီး ယနေ့ ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မေဒေးနေ့ ဖြစ်ပေါ်လာပုံနှင့် မြန်မာအလုပ်သမားအရေးအခြေအနေများကို ရှင်းပြခြင်း၊ အလုပ်သမားများ၏အသံကို ဖော်ထုတ်ထားသည့် ရုပ်သံပြသခြင်း အစီအစဉ်များကိုပါ ပြုလုပ်ကျင်းပခဲ့ကြသည်။

ထို့အတူ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း ထိုင်းနိုင်ငံ အစိုးရ၏ ချမှတ်ထားသည့် ဥပဒေများကို သေချာလိုက်နာပြီး မိမိလုပ်ခလစာများအပေါ်တွင်လည်း တန်ဖိုးထားသုံးစွဲ ကြရန် မြန်မာပြည်သားအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ယနေ့ အခမ်းအနားတွင် ယခုလို တိုက်တွန်း ပြောဆိုသည်။

“ကျနော်တို့ကို နေခွင့်ပေးထားတယ်။ စားဖို့ပေးထားတယ်။ အလုပ်ပေးထားတဲ့ ထိုင်းနိုင်ငံအပေါ်မှာ ကျေးဇူအထူး သိတတ်ပါ။ သူတို့ရဲ့ ဥပဒေကိုလေးစားလိုက်နာပြီးတော့ ထိုင်းပြည်သူတွေနဲ့ စည်းစည်း လုံးလုံးချစ်ချစ်ခင်ခင်နဲ့ ပေါင်းစည်းပြီးဖြတ်သန်းပါ။ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မိမိတို့ရရှိလာတဲ့ ဝင်ငွေအပေါ်မှာ တန်ဖိုးတွေထားပါ။ မထင်မှတ်ထားတဲ့သဘာဝကပ်ဘေးဒုက္ခတွေနဲ့ စာရွက် စာတမ်း လုပ်ရတာ စရိတ်ကြီးနေမှုအပေါ်မှာ ကျနော်တို့က စုစုဆောင်းဆောင်းနဲ့ ချွေတာရမယ်” ဟု ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်ပြည်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါး သွားခြင်းနှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံ၏ စီးပွားရေး ကဏ္ဍများ ပြိုလဲကာ လူငယ်အများစု အိမ်နီးချင်း တိုင်းပြည်များသို့ ထွက်ခွာအလုပ်လုပ်ကိုင်သူများသိသိသာသာ တိုးမြှင့်သွားကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ဆိုသည်။

ထို့အပြင် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ် ယိုယွင်းပျက်စီးမှုများအပေါ် အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ၏ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ် ဖိနှိပ်မှုများဆက်လက်ဖြစ်ပေါ်နေကာ မြန် မာနိုင်ငံ၏ တစ်ရက်တာအခြေခံ လုပ်အားခမှာလည်း (၄,၈၀၀) ကျပ်သာ သတ်မှတ်ထားသေးကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်အပါအဝင် မြို့နယ် (၉) မြို့နယ်တွင် ခန့်မှန်းခြေ မြန်မာရွှေ့ ပြောင်း အလုပ်သမား ဦးရေ ၄ သိန်းကျော်ခန့်ရှိနေပြီး အလုပ်သမားအချို့မှာ ယနေ့ အချိန်အထိ ထိုင်းနိုင်ငံ၏ အခြေခံလုပ်အားခကို အပြည့်အဝမရရှိကြသူများရှိသေးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောဆိုသည်။

အလုပ်သမားများအတွက် တစ်ရက်လျှင်အလုပ်ချိန် ၈ နာရီသတ်မှတ်ရန် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် ၁၈၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ် ညီလာခံကြီးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Most read this week

May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 14, 2024
အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်သတင်းလွတ်လပ်ခွင့်ကို ပံ့ပိုးပေးရန် ရည်ရွယ်ဖွဲ့စည်းထားသည့် WAN-IFRA...