ဖမ်းဆီးထားသည့် မုဒိန်းကျူးလွန်သူ ထွက်ပြေး

ဖမ်းဆီးထားသည့် မုဒိန်းကျူးလွန်သူ ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/ TNLA) မှ ဖမ်းဆီးထိန်းသိမ်းထားသည့် မုဒိမ်းမှု ကျူးလွန်သူ အမျိုးသားတစ်ဦး ထွက်ပြေးလွတ်မြောက် သွား သည်။

ယခုလွတ်မြောက်သွားသူမှာ ကွတ်ခိုင်မြို့နယ်၊ လွယ်ဆမ်စစ်ကျေးရွာက အိမ်အကူ အမျိုးသမီးငယ်အား အဓမ္မပြု ကျင့်သူ ဦးလော်တာဖူ ဆိုသူ ဖြစ်သည်။

ကွတ်ခိုင်မြို့နယ် PSLF/TNLA  အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “သင်္ကြန်တုန်းက သူက အချုပ်ထဲကနေ လွတ်မြောက်သွားတယ်။ ကျနော်တို့က ကွတ်ခိုင်ဒေသ တိုက်နယ်အမှတ် (၁) မှာ ချုပ်ထားတယ်။ တရားခံကို ထမင်းကျွေးနေချိန်မှာ သူကထောင်ထဲကနေ ထွက်ပြေးသွားတယ်” ဟု ပြောသည်။

ဦးလော်တာဖူသည် ၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့က ၎င်း၏ နေအိမ်ရှိ အိမ်အကူ အမျိုးသမီးငယ်အား မုဒိမ်း ကျင့်ခဲ့သောကြောင့် PSLF/TNLA တာဝန်ရှိသူများက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဦးလော်တာဖူ လွတ်မြောက်သွားသည်နှင့် ပတ်သက်၍ စုံစမ်းရန် လူများ လွှတ်ထားပြီး ဖြစ်သည်ဟု PSLF/TNLA အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အသက် ၁၄ နှစ်အရွယ်သာရှိသေးသည့် အိမ်အကူအမျိုးသမီးငယ်အား မုဒိမ်းကျင့်ခဲ့သည့် ဦးလော်တာဖူ လွတ် သွားခြင်းသည် TNLA ၏ ပေါ့ဆမှုကြောင့် ဖြစ်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးသူများက ပြောသည်။

အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးက “အစကတည်းက ဒီအမှုက သေးငယ်တဲ့ အမှုမဟုတ်ပါဘူး။ အရမ်းပေါ့ဆလွန်းတယ်။ တစ်လပိုင်းကတည်းက ဖမ်းထားတာ ဘာအမှုမှ မစစ်ဆေးသေးဘူး။ အခုက တရားခံ ပါ ထွက်ပြေးသွားတယ်။ အစက အဲတရုတ်တွေက ကျနော်အပါအဝင် TNLA က ဖမ်းဆီးထားတဲ့ တာဝန်ရှိသူတွေ ရောကို ပိုက်ဆံပေးမယ် အမှုကို ရုတ်သိမ်းခိုင်းတာ။ ကျနော်က ကလေးငယ်အတွက် တရားမျှတမှုပဲ လိုချင် တယ် ကျန်တာမလိုဘူးလို့ ပြောထားတာ” ဟု ပြောသည်။

အသက် ( ၄၂) နှစ်အရွယ် ဦးလော်တာဖူသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အိမ်အကူ အသက် (၁၄) နှစ်အရွယ် အမျိုး သမီးငယ်အား အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

အဓမ္မ ပြုကျင့်ခံရသူ အိမ်အကူ အမျိုးသမီးငယ်လေးမှာ မိခင်ဖြစ်သူက စိတ်မနှံ့သူတစ်ဦးဖြစ်ကာ အဖွားနှင့် နေထိုင်သူ ဖြစ်သည်။

ယခုကဲ့သို့ တရားခံ ထွက်ပြေးလွတ်မြောက်သွားခြင်းမှာ PSLF/TNLA အဖွဲ့အတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး အထက်ကိုလည်း ပြန်လည်တင်ပြထားသည်ဟု ကွတ်ခိုင်မြို့နယ် PSLF/TNLA အုပ်ချုပ်ရေး အရာရှိတစ်ဦး က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအား ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလထဲတွင်လည်း တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် နမ့်ဆန်မြို့နယ်အတွင်းရှိ လုံတောက်ကျေးအုပ်စုက စိတ်ကျန်းမာရေးချို့တဲ့သူ ၁၆ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးလည်း မုဒိမ်းကျင့်ခံရ ပြီး ကိုယ်ဝန် ၃ လ လွယ်ထားရသည်။

ကျူးလွန်သူအမျိုးသားမှာ ဆွေးမျိုးတော်စပ်သူ အိမ်ထောင်သည် မိုင်းလှဝင်း ဆိုသူဖြစ်ပြီး မေလ ၁၇ ရက်နေ့က PSLF/ TNLA တာဝန်ရှိသူများက လာရောက်ဖမ်းဆီးသွားခဲ့သည်။

အလားတူ မတ်လ ၂၅ ရက်နေ့တွင်လည်း နမ့်ခမ်းမြို့နယ်အတွင်းက ကျေးရွာတစ်ရွာတွင် အသက် ၆၀ အရွယ်ရှိသူ အမျိုးသားကြီးတစ်ဦးက အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့သည်။ ထိုအမျိုးသားကြီးကိုလည်း PSLF/ TNLA က မတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...