ခံစစ်အတွက် အခိုင်အမာ တည်ဆောက်ထားသည့် နယ်မြေခံရဲစခန်းကို စစ်ကောင်စီတပ်နှင့် ရဲများက စွန့်ခွာ သွားခဲ့ကြပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လာရောက် မီးရှို့ဖျက်ဆီး ပစ်ခဲ့ကြသည် ဟု ဒေသခံ များက ပြောသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က သကျက်တောကျေးရွာ နယ်မြေခံရဲစခန်းကို ဇန္နဝါရီလ ၁၃ ရက်နေ့ည ပိုင်းက စွန့်ခွာသွားခဲ့ကြခြင်းဖြစ်ပြီး သုံးရက်အကြာတွင် ယခုကဲ့သို့ PDF အဖွဲ့များက မီးရှို့ခံကြခြင်းဖြစ်သည်။
စွန့်ခွာသွားသည့် အဆိုပါ ရဲစခန်းကို လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LLPDF နှင့် ထားဝယ် အထူးပြောက်ကျားအဖွဲ့တို့က ပူးပေါင်းကာ ဇန္နဝါရီလ ၁၆ ရက်နေ့၊ ည ၁၁ နာရီ အချိန်ခန့်တွင်ဝင်ရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု LLPDF တာဝန်ရှိတစ်ဦးက ပြောသည်။
အဆိုပါ ရဲစခန်းအရှေ့ရှိ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဂိတ်ချ ကာရံထားသည့် အတားအဆီးများ ကို လည်း ခရီးသွားလာသူများ လွတ်လပ်စွာ သွားလာနိုင်ရန် PDF အဖွဲ့များက ဖယ်ရှားပေးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “ညက ဆိုင်ကယ်တွေရော ကားတွေနဲ့ပါ PDFတွေရောက်လာတာ၊ ရွာ သားတစ်ယောက်ရဲ့ အိမ်နဲ့နီးတဲ့ အဆောင်တစ်ခုကလွဲရင် အကုန်လုံးမီးရှို့ပစ်တာ၊ မီးငြိမ်းခါနီး အာရုဏ်တက်ချိန် လောက်မှ ပြန်သွားကြတယ်” ဟု ပြောသည်။
မီးရှို့ခံရခြင်းကြောင့် ရဲစခန်းဝင်းအတွင်းရှိ ပင်မ အဆောင်အဦ အပါအဝင် အဆောင် စုစုပေါင်း ၆ ဆောင်မီးလောင်ပြာကျသွားခဲ့ပြီး အဆိုပါ နယ်မြေခံရဲစခန်း မီးရှို့ခံရခြင်းကို ဇန္နဝါရီလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်ထိ စစ်တပ်နှင့် ရဲတွဲ့ဝင်များက လာရောက် စစ်ဆေးခြင်းမျိုးပင် မရှိသေးဘူးဟု ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် သကျက်တော ရဲစခန်းကို ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားအင်အား ၂၀ ကျော်ခန့်ဖြင့် အခိုင်အမာ တပ်စွဲကာနေထိုင်ထားသည့် စခန်းဖြစ်ပြီး ရွာသားများအား မတရားဖမ်းဆီးခြင်း၊ ကျေးရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်း၍ အဖိုးတန်ပစ္စည်းများ ယူငင်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်စီးခြင်း နှင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို အများအပြား ပြုလုပ်ခဲ့ဘူးသည့် စခန်းတစ်ခု ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။’
သကျက်တော ရဲစခန်းသည် ပြီးခဲ့သည့်နှစ် မေလအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က ၄ ကြိမ် ထက် မနည်း အပြင်းအထန် တိုက်ခိုက်ခြင်းခံခဲ့ရသေးသည်။
ဇန္နဝါရီလ ၆ ရက်နေ့ မကြာသေးမှီနေ့တွင်လည်း သကျက်တော ရဲစခန်းအတွင်းမှ ဈေးဝယ်ထွက်သူ ၂ ဦးကို PDF တပ်ဖွဲ့က စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေ၊ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။