ကာလကြာရှည် ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာ နယ်စပ် မိုရေးစျေးကို ပြန်ဖွင့်နိုင်ရန်နဲ့ နှစ်ဖက်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရန် ပြင်ဆင်

ကာလကြာရှည် ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာ နယ်စပ် မိုရေးစျေးကို ပြန်ဖွင့်နိုင်ရန်နဲ့ နှစ်ဖက်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရန် ပြင်ဆင်

ကာလကြာရှည်ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာ နယ်စပ် မိုရေးစျေးကို ပြန်ဖွင့်နိုင်ရန်နဲ့ နှစ်ဖက်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြင်ဆင်လျက်ရှိကြောင်း မဏိပူရ်ပြည်နယ် တာဝန်ရှိသူတွေက အတည်ပြုပြောကြားတယ်လို့ ဇန်နဝါရီလ (၁၀) ရက်နေ့ထုတ် The Mizoram Post သတင်းစာမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံဖက်ခြမ်း မဏိပူရ်ပြည်နယ်တွင်း မျိုးနွယ်စုပဋိပက္ခများကြောင့် မိုရေး -တမူး နယ်စပ်စျေးနဲ့ နယ်စပ်ကို မကြာခဏ ပိတ်ခဲ့ရပြီးနောက် မြန်မာပြည်ဖက်ခြမ်း ပြည်တွင်းစစ်ပဋိပက္ခ ပိုမိုဆိုးရွားလာတဲ့အခြေအနေကြောင့် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းပေါ်ရှိ မိုရေးနယ်စပ်စျေးကို ကာလကြာရှည်စွာ ပိတ်ထားခဲ့ရာမှ ယခု ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် မဏိပူရ်ပြည်နယ်ဖက်က တရားဝင် ပြောကြားလာခြင်းဖြစ်ပါတယ်။

ထိုသို့ ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေစေရန်အတွက် နယ်စပ်ဂိတ် အမှတ် (၁) နဲ့ (၂) နှစ်ခုလုံးကို ပြန်လည်ဖွင့်လှစ်သွားဖို့ ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး ယင်းကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အိန္ဒိယအာဏာပိုင်များက အိန္ဒိယဖက်ခြမ်း မိုရေးမြို့သို့ ဖြတ်ကျော်ဝင်ရောက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံသား၊ ကုန်သည် ၆၀ ဦးကိုလည်း နယ်စပ်ဖြတ်ကျော်ခွင့် စတင်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်ရန်အတွက် ဝင်ခွင့်လက်မှတ်များရရှိဖို့ လျှောက်ထားသူများအနေနဲ့ မိုးရေးမြို့ရှိ အိန္ဒိယအာဏာပိုင်များထံ ဇီ၀ဗေဒဆိုင်ရာ အချက်အလက်၊ ဓာတ်ပုံများနဲ့ အခြားလိုအပ်တဲ့ စာရွက်စာတမ်းများကို တင်သွင်းဖို့ လိုအပ်မှာဖြစ်တယ်လို့ မဏိပူရ်အာဏာပိုင်များက ပြောပါတယ်။

အဆိုပါ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် မြန်မာနိုင်ငံသားများအနေနဲ့ မိုရေးမြို့တွင် တစ်ပတ်အထိ နေထိုင်ခွင့်ရမှာဖြစ်ပြီး ထပ်မံနေထိုင်ရန်လိုအပ်ပါက သက်တမ်းတိုးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

နယ်စပ်ဖြတ်ကျော်ဖို့အတွက် မိုရေးမြို့ရှိ Integrated Check Post (ICP) တွင် နယ်စပ်ဂိတ်အမှတ် (၁) မှ ဝင်ရောက်သူများကို အာသံရိုင်ဖယ်တပ်နဲ့ မဏိပူရ်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ခံယူရမှာဖြစ်ပြီး ဂိတ်အမှတ် (၂) မှတစ်ဆင့် ဖြတ်ကူးသူများအတွက်လည်း အလားတူဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

“မြန်မာပြည်ဖက် အာဏာသိမ်းမှုနဲ့ မဏိပူရ်ပြည်နယ်အတွင်း လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် မိုရေးနယ်စပ်ကုန်သွယ်ရေးဂိတ် ရပ်တန့်ခဲ့ရတာ ဒေသတွင်းစီးပွားရေးကို သိသိသာသာ ထိခိုက်စေတယ်။ ကုန်သွယ်မှု ပိုပိုပြီးအားကောင်းလာချိန်မှာ ရပ်တန့်လိုက်တာဆိုတော့ နှစ်ဖက်နိုင်ငံစလုံးရဲ့ စီးပွားရေးတုံ့ဆိုင်းမှု ကြုံရတယ်” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ်ကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာအိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ကုန်ပစ္စည်း ၁၈ မျိုးကို ကနဦးကုန်သွယ်မှုပြုခဲ့ပါတယ်။

မကြာခင် နယ်စပ်ဂိတ်ဖွင့်ပြီး ကုန်သွယ်ရေးပြန်လုပ်လာလျှင် ကုန်ပစ္စည်း ၆၂ မျိုးအထိ ကုန်သွယ်ခွင့်ပြုမှာဖြစ်တယ်လို့သိရပြီး ထိုသို့ ပြန်လည်စတင်ခြင်းဟာ နိုင်ငံနှစ်ဖက်စလုံးအတွက် စီးပွားရေးလုပ်ငန်း ပြန်လည်ရှင်သန်လာစေမယ့်အပြင် အိန္ဒိယ – မြန်မာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမယ်လို့ မျှော်လင့်ကြောင်း ကုန်သည်တစ်ဦးက ပြောပါတယ်။

January 8, 2025
အိန္ဒိယ - မြန်မာ နှစ်နိုင်ငံနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါထာရ် - ရိဒ်ခေါဒါရ်...
January 6, 2025
တီးတိန်မြို့၊ မြို့မရပ်ကွက်မှာ ပုတ်တင်ညိုကိုဖမ်းဖို့ ကျောက်ခဲပစ်ပေါက်ရင်း...
January 2, 2025
တီးတိန်မြို့မှာ ချင်းညီနောင်အဖွဲ့မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လာမှာကိုစိုးရိမ်ပြီး ဒီဇင်ဘာလ ၂၉...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...