ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း တစ်လကျော်အကြာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရ သည့် စစ်ရှောင် (၃၀၀) ကျော်အတွက် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေသည်ဟု တာဝန်ရှိသူများက ပြောသည်။
အဆိုပါ စစ်ရှောင်များသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့်ကချင် လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တို့အကြားကတိုက်ပွဲများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်ဟု အကူအညီပေးနေသူ တစ်ဦးက ပြောသည်။
စစ်ရှောင်များကို ကူညီပေးသည့် တာဝန်ရှိသူတစ်ဦးက “အဓိကတော့ အစားအသောက်ပါပဲ။ နည်းနည်းစုပြီး တော့ လှူကြတာပေါ့နော်။ အဝတ်အစားတို့ စားစရာသောက် စရာတို့၊ ပိုက်ဆံတို့ပေါ့နော်။ အဲ့ဒါတွေပဲ လှူကြတာ။ သူတို့ ဟိုလိုအလှူရှင် ကြီးကြီးမားမားတော့ မရှိပါဘူး။ ရတဲ့ဟာလေးကို အဲ့ဒီ ၃ နေရာကို ခွဲပြီးတော့ ပြန်လှူပေး တာပေါ့နော်။ ကျန်တဲ့ဟာတွေက သူတို့ဆီ ဒါရိုက်သွားလှူတာလည်း အနည်းအကျဉ်းတော့ ရှိတယ်။ တပတ်စာ တပတ်စာပေါ့ လူကြီးတစ်ယောက်ဆို တပတ်စာဆန်သုံးပြည်လောက်၊ ကလေးဆို ဆန်နှစ်ပြည်လောက်၊ စား စရာတွေ ပြီးရင် ဟင်းချက်စရာပေါ့နော် ပြန်လှူပေးတာပေါ့” ဟု ပြောသည်။
လီဆူတိုင်းရင်းသား ၁၄၀ ကျော် စစ်ရှောင်နေသည့် နေရာတွင် သောက်သုံးရေ အခက်အခဲပါ ရှိနေသည်ဟု အကူအညီပေးနေသူများက ပြောသည်။
“ဟိုတစ်ဖွဲ့ဆိုရင် အဲ့ဒီလီဆူအဖွဲ့ဆိုရင် ရေလိုတယ်ပေါ့နော်။ ရေခက်ခဲတယ်။ ရေကလည်း သေသေချာချာကျကျ နန တူးမှ အဆင်ပြေမှာပေါ့။ လူကလည်း များတယ်ပေါ့နော်။ လူ ၁၅၀ လောက် တစ်စုတည်းနေတယ်ဆိုတော့။ အဲ့မှာ ရေကမရှိဘူး။ နေရာအသစ်ဆိုတော့လေ။ အဲ့လိုဆိုတော့ သူတို့က ရေလိုတယ်တဲ့။ ရေလိုတယ်ဆိုတော့ တွက်ချက်ကြည့်တော့ အနည်းဆုံး သိန်း ၃၀ လောက်ကုန်မှ ရေက ထွက်တဲ့အမျိုးဆိုတော့။ ရေတွင်းတူးမယ်ဆို အဲ့လောက်ကုန်မယ်။ ရေသွယ်မယ်ဆိုလည်း ရေရှိတဲ့နေရာနဲ့ သုံးမိုင်လောက် ဝေးတယ်ဆိုတော့ အဲလိုပိုက်တွေ အများကြီး သုံးမိုင်စာလောက် ကုန်မယ်ဆိုတော့ အဲ့လောက်မှ ရေကရမှာ။”
တစ်လကျော်အကြာ ထွက်ပြေးတိမ်းရှောင်နေရသည့် အဆိုပါ စစ်ရှောင် ၃၀၀ ကျော်သည် မိုးမိတ်မြို့ပေါ်ရှိ ပလောင်ကုန်းဆိုသည့် နေရာတွင် ရေပုံးကျေးရွာမှ စစ်ရှောင်လူဦးရေ ၂၀၀ ကျော်၊ မြို့မနှစ်ခြင်း ဘုရားကျောင်း တွင် နမ့်ရှီးကျေးရွာခံ အယောက် ၃၀ နှင့် သရက်တောကျေးရွာဘက်က လီဆူတိုင်းရင်းသား စစ်ရှောင် ၁၄၁ ဦးတို့ ရောက်ရှိသည်ဟု ကူညီပေးနေသူများက ပြောသည်။
ပလောင်ကုန်းဆိုသည့် နေရာတွင် စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက “၃၀၀ ပတ်ဝန်းကျင်လောက် တော့ ရှိသေးတယ်။ အလုပ်မလုပ်နိုင်တဲ့ ကလေးတွေတို့၊ အဖိုးအဖွားတွေတို့ အဲ့ဒါတွေရှိတယ်။ ခရစ်ယာန်နှစ် ခြင်း ကျောင်းကလည်း ၃၀ လောက်ရှိတယ်။ ဟိုဘက် လီဆူအဖွဲ့ကလည်း ၁၄၀ လောက်ရှိတယ်။ သူတို့လည်း မပြန် သေးဘူး။ ဒီမှာတောင် နေရာသစ်တွေ ရှာနေကြပြီ။ ပလောင်အဖွဲ့တွေကတော့ သူတို့ရဲ့ ဆွေမျိုးတွေ ဘာ တွေ ဟိုဘက်မှာ ပလောင်ကုန်း သူတို့ဆွေမျိုးတွေ အိမ်မှာ ခွဲပြီးနေကြတယ်။ အဲ့ဒါ ပလောင်ပေါ့။ ဟိုဘက်နှစ် ခြင်း ကချင်အဖွဲ့ကတော့ မြို့မကျောင်းဆိုတဲ့ အသင်းတော် မှာ နေကြတယ်။ လီဆူတွေကတော့ မိုးမိတ်တောင် ဘက်က သရက်တောဆိုတဲ့ ရွာမှာ လီဆူလူငယ်သင်တန်း ကျောင်းလေး ဖွင့်ထားတာ အဲ့ဒီမှာ နေကြတာ။ သူ့အဖွဲ့ နဲ့သူပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် ၎င်းတို့၏ ကျေးရွာများအနီး တိုက်ပွဲများ ထပ်မံဖြစ်ပွားခြင်း မရှိသော်လည်း အနီးအနားတွင် သွားလာ လှုပ်ရှားမှုများ ရှိနေသေးသည့်အတွက် စိတ်မချရသည့် အခြေအနေများနှင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွား လာမည် ကိုစိုးရိမ်ပြီး နေရပ်ကို မပြန်ကြသေးခြင်း ဖြစ်သည်ဟု စစ်ရှောင်များ ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့ထဲက လွယ်မောက်၊ ခါးချည်ကျေးရွာအနီးတွင် နိုဝင်ဘာလ ကုန်ပိုင်းမှ စတင် ၍ ဒီဇင်ဘာလ ပထမပတ် အထိ စစ်တပ်နှင့် KIA, PDF ပူးပေါင်းအဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် အနီးအနား ကျေးရွာများက ဒေသခံပြည်သူများက မိုးမိတ်မြို့ပေါ်သို့ စစ်ဘေးရှောင်လာကြခြင်း ဖြစ် သည်။အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သားတစ်ဦး သေဆုံးခဲ့သည်။
မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအာင်း အမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLA၊ ရှမ်းပြည်တပ်မတော် SSPP နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က စစ်ရေး လှုပ်ရှားလျှက်ရှိသည်။