ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်သုံးဆီဈေး အမြင့်ဆုံးသို့ ရောက်ရှိလာ၍ စက်လှေမောင်းသူအချို့ လုပ်ငန်းရပ်ဆိုင်းထားရသည်ဟု အင်းလေးနှင့် ညောင်ရွှေ ကို စက်လှေပြေးဆွဲသူများက ပြောသည်။
အင်းလေးဒေသတွင် ယခင်က ဖောင်တော်ဦးဘုရားနှင့် ညောင်ရွှေမြို့ ပြေးဆွဲသည့် စက်လှေများမှာ အနည်းဆုံး ၆ စီးမှ ၁၀ စီးအထိ ရှိကြသော်လည်း ယခု ၂ စီးခန့်သာ ကျန်တော့သည်ဟု လက်ရှိ စက်လှေမောင်းသူများက ပြော သည်။
ညောင်ရွှေ-ဖောင်တော်ဦး ကို စက်လှေပြေးဆွဲနေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ဒီဇယ်ဈေး က တစ်ဂါလံ ၁ ဂါလံ တစ်သာင်းခွဲနီးပါးဆိုတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ အရင်က ညောင်ရွှေ-ဖောင်တော် ဦး စက်လှေတွေ တစ်နေကုန်ရှိတယ်။ အခုမနက် နောက်ကျမှ ထွက်နိုင်တယ်။ ညမိုးချုပ်မှပဲ ပြန်နိုင်တယ်။ တစ် စီးလုံးလူရော ကုန်ရော ပြည့်အောင်စောင့်ရတယ်။ တချို့ရက်တွေ မကိုက်တော့လို့ ညပါ စောင့်အိပ်ပြီးမှ နောက် ရက်ကုန်နဲ့ ပေါင်းတင်ရတယ်” ဟု ပြောသည်။
လက်ရှိ အင်းလေး ဖောင်တော်ဦး-ညောင်ရွှေ ပြေးဆွဲနေသည့် စက်လှေများမှာလည်း ဒီဇယ်ဈေးမြင့်တက်မှု ကြောင့် နှစ်စီးကိုတစ်စီးအဖြစ် ပေါင်းကာ စက်လှေမောင်းသူနှစ်ဦး အတူတူသွားနေကြရသည်ဟု အဆိုပါ စက် လှေပြေးဆွဲနေသည့် အမျိုးသားက ပြောသည်။
ထို့အပြင် ယခင်က စက်လှေစီးက တစ်ဦးလျှင် ဈေးနှုန်းများမှာ ၁,၀၀၀ ကျပ် မှ ၁,၅၀၀ ကျပ်၊ ယခု နောက်ဆုံး ဈေးမှ ၂,၀၀၀ ကျပ်အထိ တိုးမြင့်ကောက်ခံနေသော်လည်း တွက်ခြေမကိုက်၍ ရပ်နားလိုက်ရသည့် စက်လှေ များ လာနေသည်ဟု သိရသည်။ သို့သော် စက်လှေစီးခကို တစ်ဦးလျှင် ၂,၀၀၀ ကျပ် အထက် တိုးမြင့်ကောက်ခံမည်ဆို ပါက စက်လှေ စီးမည့်သူ ပင် မရှိနိုင်တော့၍ တွက်ခြေကိုက်အောင်သာ စီစဉ်ရမည့် အခြေအနေမျိုး ဖြစ်နေသည် ဟု စက်လှေပြေးဆွဲသူများ က ပြောသည်။
စက်လှေလိုင်းဆွဲသူ တစ်ဦးက “စက်လှေခ ထပ်တိုးကောက်ဖို့တော့ မလွယ်ဘူး။ အင်းလေး အရှေ့ဖက်ရော အနောက်ဘက်ရော ကားလမ်း ပေါက်နေတာက ၇ နှစ်လောက်ရှိနေပြီလေ။ တချို့လူတွေဆိုရင် ကားလမ်း ပေါက်တဲ့ နန်းပန်၊ ရွာကြီး၊ ရွာမ၊ အင်း တိန် အဲ့ဒီရွာတွေမှာပဲ လပေးနဲ့ ဆိုင်ကယ်တွေ အပ်ထားကြတော့တယ်။ တောင် ကြီးသွားရင် ဖောင်တော်ဦးက တဆင့် စက်လှေစီးပြီးမှ ညောင်ရွှေမှာ ကားပြန်စီးတာမျိုး ၂ ဆင့် မလုပ် ကြတော့ဘူး။ တိုက်ရိုက်ပဲ ဆိုင်ကယ်နဲ့ သွားကြတယ်။ နောက်ပြီးတော့ ကားဂိတ်က ညောင်ရွှေအပြင် နန်းပန်မှာ လည်းရှိ နေပြီ။ ညောင်ရွှေ-တောင်ကြီး က ကားခ ၂၅၀၀၊ စက်လှေခနဲ့ဆို ၄၅၀၀ ကုန်မယ်။ နန်းပန်ဂိတ်က သွား ရင် ၃,၀၀၀ နဲ့ တောင်ကြီး အရောက်ပဲ” ဟုပြောသည်။
အင်းလေးဒေသတွင် ဒီဇယ်ဈေးနှုန်းမှာ ဩဂုတ်လ ပထမပတ်တွင်း တစ်ဂါလံ ၉,၈၀၀ ကျပ်သာ ရှိခဲ့သော်လည်း ဩဂုတ်လ ဒုတိယပတ်တွင် ၁၀,၅၀၀ ကျပ် အထိမြင့်တက်လာခဲ့သည်ဟု အသက် ၂၈ နှစ်အရွယ် အင်းလေးဒေသ တွင်း စက်သုံးဆီရောင်းချသူ တစ်ဦးက ပြောသည်။
ထို့အပြင် ဩဂုတ်လ တတိယပတ်တွင် တစ်ဂါလံ ၁၂,၀၀၀ ကျပ် အထိ မြင့်တက်လာခဲ့ပြီးနောက် ယခု ဩဂုတ်လ နောက်ဆုံးပတ်တွင် ၁၄,၀၀၀ ကျပ် အထိ ဖြစ်လာနေသည်ဟု ၎င်းက ဆက်ပြောသည်။
အလားတူ အခြားစက်သုံးဆီများဖြစ်သည့် အောက်တိန်း ၉၂ ဈေးနှုန်းကလည်း ၂၄၀၀ ကျပ် ဝန်းကျင်မှ ၃၃၀၀ ကျပ်အထိ မြင့်တက်လာသောကြောင့် ခရီးသွားလာကြသူများ လျော့နည်းလာပြီး ယခင်ကထက် သုံးပုံတစ်ပုံခန့် ရောင်းအားကျဆင်းသွားသည်ဟု စက်သုံးဆီရောင်းချနေသူများက ဆိုသည်။
အင်းလေးဒေသတွင် စက်လှေများ၌ အသုံးပြုသည့် ဒီဇယ်ဈေးနှုန်းသာမက ဓါတ်ဆီဈေးပါ မြင့်တက်လာခြင်း ကြောင့် ဓါတ်ဆီအသုံးပြုရသည့် Honda အောက်ပိုင်းရှည် စက်လှေ အသုံးပြုသည့် ဒေသခံများမှာလည်း အခက် တွေ့လာနေသည်ဟု သိရသည်။
အဆိုပါ Honda အောက်ပိုင်းရှည်စက်လှေများမှာ အင်းလေးဒေသ ရေပေါ်ရွာများတွင် သွားလာရေးအတွက် အိမ် တိုင်းလိုလို၌ မရှိမဖြစ် မော်တော်ယာဉ်တစ်ခု ဖြစ်ကြောင်း၊ သို့သော်လည်း ဓါတ်ဆီဈေး မြင့်တက်လာမှုကြောင့် အဆိုပါမော်တော်ယာဉ်များပါ ရပ်ထားရပြီး လှေများကိုသာ လှော်ခတ်နေရသောကြောင့် ခရီးနှောင့်နှေး ကြန့် ကြာမှုများ ဖြစ်လာနေသည်ဟု အင်းလေးဒေသခံ အချို့က ပြောသည်။
အင်းလေးကန်အတွင်း နေထိုင်သည့် အသက် ၄၀ အရွယ် တံငါသည်တစ်ဦးက “အရင်က အင်းလယ် ငါးဖမ်းသွား ရင် မနက် ၃ နာရီလောက် အောက်ပိုင်းရှည် စက်လေးနဲ့ သွားတာပေါ့။ အခုတော့ ကိုယ်တိုင်လှော်ရတာ မနက် ၁ နာရီဆို သွားရပြီ။ အရင်ထက်ကြာတယ်။ ပိုလည်း ပင်ပန်းတယ်” ဟု ပြောသည်။
အင်းလေးဒေသတွင် ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်း သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိနေသော်လည်း အင်းလေး ဖောင်တော်ဦးဘုရားနှင့် ၁၃ မိုင်ခန့်သာ ကွာဝေးသည့် ညောင်ရွှေမြို့တွင်မူ ဒီဇယ်တစ်ဂါလံ ၁၂,၅၀၀ ကျပ်ဝန်းကျင်နှင့် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၆၀၀ ကျပ်ဝန်းကျင်သာ ရောင်းချနေကြောင်း သိရသည်။
အင်းလေးဒေသနှင့် ညောင်ရွှေမြို့တွင် စက်သုံးဆီဈေးနှုန်း ကွာဟချက် ကြီးမားနေရခြင်းမှာ စက်သုံးဆီ လက္ကား အရောင်းဆိုင်များမှ ယခင်ကကဲ့သို့ ဆိုင်တိုင်ရာ အရောက် ပို့ဆောင်ပေးခြင်း မရှိတော့ပဲ အင်းလေးဒေသရှိ စက်သုံးဆီ အရောင်းဆိုင်များဘက်က သယ်ယူစရိတ်ကို ကိုယ်တိုင်ကျခံနေရခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။