စစ်ကောင်စီနှင့် တွေ့ဆုံမှု လားဟူ လူငယ်အဖွဲ့ လက်မခံ

စစ်ကောင်စီနှင့် တွေ့ဆုံမှု လားဟူ လူငယ်အဖွဲ့ လက်မခံ

လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့၏ အတွင်းရေးမှူးဟောင်း ကျာဆော်လမွန်နှင့်အဖွဲ့က စစ်ကောင်စီ က ခေါ်ယူကျင်းပသည့် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ခြင်းသည် လားဟူတစ်မျိုးသား လုံးကို သစ္စာဖောက်ခြင်းဖြစ်ပြီး ကိုယ်ကျိုးစီးပွားအတွက် တွေ့ဆုံနေခြင်း ဖြစ်သည်ဟု ဖက်ဒရယ်ကိုရှေးရှုသော လားဟူလူငယ်များအဖွဲ့ (Lahu Youths for Federal Democracy) က ပြောဆို လိုက်သည်။

ကျာဆော်လမွန်နှင့် အဖွဲ့က မိခင် အဖွဲ့အစည်း LDU က ချမှတ်ထားသည့် မူပေါ်လစီများကို အကြိမ်ကြိမ် ချိုး ဖောက်ကာ LDU ဥက္ကဋ္ဌ များကို မလေးစားသည့်အပြင် လားဟူတမျိုးသားလုံးကို သစ္စာဖောက်ပြီး ကိုယ်ကျိုး စီးပွားအတွက် စစ်ကောင်စီနှင့် တွေ့ဆုံနေခြင်း ဖြစ်သည်ဟု Lahu Youths for Federal Democracy အဖွဲ့က ဩဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ဖက်ဒရယ်ကိုရှေးရှုသော လားဟူလူငယ်များအဖွဲ့ တာဝန်ခံ ဒယ်နီရယ်ယန်းက “ကျနော်တို့ နီးစပ်ရာမှာ သူတို့ကို (ကျာဆော်လမွန်)ကို ဘယ် လိုမျိုးပြောလဲဆိုတော့ လားဟူ သစ္စာဖောက်အနေနဲ့ သတ်မှတ်ပြီးတော့ စစ်ကောင်စီ နဲ့ သွားပေါင်းတဲ့ အတွက် ကြောင့်မို့လို့ လုံးဝမဖြစ်သင့်ဘူးပေါ့နော်။ အခုနွေဦးတော်လှန်ရေး တစ်လျှောက်မှာ လူထုတွေ ပေးဆပ်လာခဲ့ တဲ့ဟာ ကျနော်တို့ လားဟူလူထုတွေလည်း ပါဝင်နေတဲ့အချိန်မှာ ဒီလိုမျိုး သစ္စာ ဖောက်တစ်ယောက်ကြောင့်မို့လို့ အော် လားဟူလူမျိုးဆိုတာ စစ်ကောင်စီနဲ့သွားတွေ့ပြီးတော့ ဆက်ဆံတဲ့လူမျိုး အနေနဲ့ မြင်ခံရတယ်။

ဒါကြောင့်မို့လို့ LDU မဟုတ်ပဲနဲ့ လူတစ်စု သွားတွေ့ တဲ့အပေါ်မှာ ကျနော်တို့ကတော့ လုံးဝ ကိုပဲ ရှုတ်ချဆန့်ကျင်တယ်။ ပြီးတော့ လားဟူ သစ္စာဖောက်အနေနဲ့ ကျနော်တို့ လူငယ်စုက သတ်မှတ်ပါတယ်” ဟု ပြောသည်။ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လားဟူ ဒီမို ကရက်တစ်အစည်းအရုံး LUD  တာဝန်က ရပ်နားခံထားရသည့် ကျာဆော်လမွန်နှင့်အဖွဲ့၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP နှင့် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLO က ခေါင်းဆောင်တွေကို နေပြည် တော် ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

LDU တွင် အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ကျာဆော်လမွန်၊ တွဲဖက် အတွင်းရေးမှူး (၂) ကျာယာကုပ်နှင့် ဗဟိုကော်မတီဝင် ကျာဖူး တို့သုံးဦးကို အဖွဲ့အစည်း၏ စည်းမျဉ်းများကို ချိုးဖောက်မှုဖြင့် ယခု နှစ် ဇူလိုင် ၈ ရက်နေ့တွင် တာဝန်မှ ရပ်စဲလိုက်ပြီဖြစ်ကြောင်း LDU က ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

ထို့ကြောင့် ယခု စစ်ကောင်စီခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံမှုမှာ LDU ကို ကိုယ်စားမပြုဘူးဟု LDU ဥက္ကဋ္ဌ ကျာဟား အမည်နှင့် LDU က ထုတ်ပြန်ထားသည်။

ကျာဆော်လမွန်ဦးဆောင်သည့် လားဟူအဖွဲ့၏ လုပ်ရပ်မှာ အာဏာရှင်ကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေး စတင် ချိန်မှ ယခုလက်ရှိအချိန်ထိ တစိုက်မတ်မတ် ပါဝင်လာခဲ့သည့် လားဟူ လူငယ်များနှင့် လူထု၏ သဘော ထားကို ဆန့်ကျင်သည့်အပြင် မျိုးနွယ်စု ကိုယ်စားပြု ထောက်ခံမှုလည်းမရှိဘဲ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေ ခြင်းကြောင့် ပြင်းထန်စွာ ရှုတ်ချသည်ဟု ဆိုသည်။

ယခုစစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံနေသည့် ကျဆော်လမွန်ကိုလည်း လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အနေဖြင့် အဖွဲ့မှ တာဝန်များကို ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိ ၎င်းအနေဖြင့် စစ်ကောင်စီနှင့် သွားတွေ့ဆုံနေခြင်းမှာ လားဟူလူထုကို ကိုယ်စားမပြုဘူးဟု ဒယ်နီရယ်ယန်းက ဆက်ပြောသည်။

“ကျနော်တို့ လားဟူလူမျိုးက လူမျိုးတစ်မျိုးသားလုံး စစ်ကောင်စီနဲ့ သွားတွေ့တာ မဟုတ်ဘူး။ ဒီလိုမျိုးပေါ့ သူတို့ကိုယ်ကျိူးရှာတဲ့ လူတစ်စုကသာ သူတို့အကျိုးအတွက် မျှော်ကိုးပြီးတော့ စစ်ကောင်စီနဲ့ သွားတွေ့တယ်ဆို တာကို ကျနော်တို့ ကွက်ကွက်ကွင်းကွင်း ဖော်ပြချင်တဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး ကြေညာချက်ကို ကျနော်တို့ လူငယ်တွေအနေနဲ့ ထုတ်ရတာပါ ခင်ဗျ။”

ထို့ကြောင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU ၏ အမည်နာမကို အလွဲသုံးစားထားပေမယ့် မူရင်း LDU အဖွဲ့၏ ဖွဲ့စည်းပုံပါ ရည်ရွယ်ချက်များ ဖြစ်သည့် လားဟူအမျိုးသား စည်းလုံးညီညွတ်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲ မှန်ကန်သည့် ငြိမ်းချမ်းရေးဖြစ်စဥ်ကို အကောင်အထည်‌ဖော်ဆောင်ရေး စသည့် အချက်များကို စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ကျာဆော်လမွန်တို့အဖွဲ့က အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးဟု Lahu Youths for Federal Democracy က ထောက်ပြထားသည်။

ယခုကဲ့သို့ စစ်ကောင်စီ ခေါ်ယူကျင်းပသည့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်သည့် ကျာ ဆော်လမွန်နှင့်အဖွဲ့က LDU ၏ အမည်နာမကို ထပ်မံအလွဲသုံးစားခြင်းသာ ဖြစ်ပြီး ၁၉၇၃ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့သော လားဟူလက်နက်ကိုင် တော်လှန်ရေးအဖွဲ့၏ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ကို ကိုယ်စား မပြုဘူးဟု LDU ကလည်း ဩဂုတ်လ ၂၂ ရက်နေ့တွင် ထပ်မံ အသိပေးချက် ထုတ်ပြန်ထားသည်။

Lahu Youths for Federal Democracy အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံနေသည့် ကျာဆော်လ မွန်နှင့် အဖွဲ့ကို လက်ခံမှာမဟုတ်ပဲ နွေဦးတော်လှန်ရေး အောင်မြင်သည် အထိ အာဏာရှင်ကို တော်လှန်နေသည့် အစိုးရ၊ အဖွဲ့အစည်း၊ အစုအဖွဲ့များနှင့် လက်တွဲပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုရေစီကို အခြေခံသော နိုင်ငံတော် သစ်ပေါ်ပေါက်လာသည်အထိ အတူတိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...