ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ အ.မ.က-၆ (မိုင်းလုံး) စာသင်ကျောင်းဝင်းထဲတွင် မိုင်းပေါက်ကွဲမှုကြောင့် လုပ်အားပေးနေသည့် အရပ်သားတစ်ဦး သေဆုံးသွားသည်ဟု မြို့ခံနာရေးကူညီမှု အသင်း တာဝန်ရှိ သူများက ပြောသည်။
မိုင်းပေါက်ကွဲ ထိမှန်သေဆုံးသွားသူမှာ မိုင်းလုံးရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ်ရှိ ဦးမားရ်(ခ) ကယားမောင် ဆိုသူဖြစ်ပြီး မြို့ခံနာရေးကူညီမှုအသင်းက ဩဂုတ်လ ၁၇ ရက်နေ့၊ နေ့လည်ပိုင်းတွင် လေးမိုင် သုဿန် သို့ နာရေး ပို့ဆောင်ပေးခဲ့ကြသည်ဟု သိရသည်။
“သူက ကျောင်းဝင်းထဲ ခြုံတွေထူနေတဲ့ နေရာမှာ မြက်ရိတ်စက်နဲ့ မြက်ရိတ်တာပေါ့။ မြက်ရိတ်စက်နဲ့ ရိတ်နေ တုန်း ထိမိပြီး ပေါက်ကွဲတယ်။ ပြီးတော့ အစတွေမှန်တာပေါ့။ ဗုံးတော့ဗုံးပဲ ပြောရမှာပေါ့။ ဒါပေမယ့် အရင် တိုက်ပွဲဖြစ်တုန်းက မကွဲသေးတဲ့ ဟာတွေလား ဘာတွေလဲတော့ မသိဘူးပေါ့။ နှစ်ယောက်ထိတာပေါ့။ တစ် ယောက်ကတော့ ခြေထောက်တွေ ရှပ်မှန်တယ်။ နောက်တစ်ယောက် လည်စလုတ်တည့်တည့် တစ်ချက်မှန် တယ်” ဟု မြို့ခံနာရေးကူညီမှုအသင်း၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဩဂုတ်လ (၁၆) ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင် အချိန်ခန့်တွင် ကျောင်းဝင်းထဲ မြက်ရှင်းနေစဉ် မိုင်းပေါက် ကွဲထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဦးမားရ်မှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားပြီး ၎င်းနှင့် အတူရှိနေသူတစ်ဦးမှာ ခြေထောက် ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။ သို့သော် ၎င်းသည် မစိုးရိမ်ဒဏ်ရာရကာ လွိုင်ကော် ဆေးရုံ တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ဦးမားရ်နှင့် အဆိုပါ မိုင်းထိမှန်သူတို့သည် မိုင်းလုံး စာသင်ကျောင်းတွင် မကြာခဏ ဆိုသလို လုပ်အားပေး နေကြ သူများဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သူများ မဟုတ်ကြောင်း မိုင်းလုံး ရပ်ကွက်နေ ပြည်သူများက ပြော သည်။
“ကျောင်းမှာ ကွဲတာဆိုတော့ ကျောင်းတွေ၊ ဆေးရုံတွေ အထဲမှာ တပ်စွဲနိုင်တဲ့ဘက်ကပဲ ထင်တယ်။ မြို့ပေါ်ကျောင်းဆိုတော့ ဖြစ်နိုင်ခြေ ပို များတာပေါ့။” ဟု အသက် ၃၅ နှစ်အရွယ် မိုင်းလုံးရပ်ကွက်တွင် နေထိုင်သူ အမျိုးသား တစ်ဦးက ပြောသည်။ ”နောက်တချက်အနေနဲ့တော့ အရင်စစ်ဖြစ်တုန်းက တော်လှန်ရေးတပ်တွေ ထောင်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့တော့ ပြောနေကြတယ်။ ဒါပေမယ့် သူတို့ မိုင်းထောင်တဲ့ နေရာတွေတော့ သတိပေးစာတွေ ကပ် တယ်။ အကြောင်းမဲ့သက်သက်တော့ ပြည်သူထိခိုက်အောင် မလုပ်ဘူး” ဟု ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်အတွင်း ကျေးရွာပေါင်း ၂၀ ထက်မနည်းက လူနေအိမ်များ၊ ကျောင်း၊ စျေး၊ သာယာ ရေးအဆောက်အဦ ဘုရားကျောင်းများ၊ ဆိုင်ခန်းများ နှင့် လူထုပိုင် လယ်ယာကွင်းများထဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြေမြုပ်မိုင်းများ ထောင်ထားသည်ကို တွေ့ရှိရပြီး အဆိုပါ မြေမြုပ်မိုင်းများ ပေါက်ကွဲမှုကြောင့်
ပြည်နယ်အတွင်း သေဆုံးသည့် အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့် ရေးအဖွဲ့ (Amnesty International-AI) အဖွဲ့ကလည်း ဇူလိုင်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုသို့ စစ်ကောင်စီတပ်ဘက်က မြေမြုပ်မိုင်းများ ထောင်ထားခဲ့ဖူးသောကြောင့် ယခု မိုင်းထိသေဆုံးမှုမှာလည်း ၎င်းတို့လက်ချက် ဖြစ်နိုင်ကြောင်း မြို့ခံပြည်သူများက သုံးသပ်ပြောဆိုနေကြသော်လည်း သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။