ကချင်ပြည်နယ် ဖားကန့်တွင် ဆယ်ကျော်သက် ကလေးငယ်များ အုပ်စု ဖွဲ့ကာ ခိုးမှု၊ လုယက်မှုများ မကြာခဏ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာသည့် မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့် ဒေသအတွင်း အလုပ်အကိုင် ရှား ပါးမှုများကြောင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု အတွင်း အသက်မပြည့်သေးသည့် ကလေးငယ်များက အုပ်စုဖွဲ့ကာ ခိုးဆိုးလုယက်မှုများကို ကျူးလွန်နေ ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကလေးတွေက အသက် ၁၄-၁၅ အရွယ်တွေပဲရှိသေးတယ်။ တချို့ဆို အသက် ၁၀ နှစ်လောက်တွေတောင် ပါတယ်။ အုပ်စုလိုက်ဖွဲ့ပြီးမှ လုယက်မှု ခိုးမှုတွေကို လုပ်နေကြတယ်။ တချို့ကလေးတွေက မူးယစ်ဆေးဝါး သုံးစွဲပြီး လုယက်မှုတွေ လုပ်နေကြတာ။ တချို့က လုယက်မှု ခိုးမှုတွေကို စီးပွားရေးလို လုပ်နေကျတယ်။ အဲ့ဒီ ကလေးတွေက ဘာတွေကိုမှ မကြောက်တတ်တော့ဘူး။ လူပါသတ်ရဲတဲ့ အဆင့်ရောက်နေကြပြီ” ဟု လုံးခင်း ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် လုံးခင်းကျေးရွာအတွင်းက လုယက်မှုနှင့် ပတ်သက်၍ ဖမ်းဆီး ရမိသူ နှစ်ဦးသည်လည်း အသက် ၁၄-၁၅ နှစ်ကြား အရွယ်ကလေးငယ်များ ဖြစ်သည်ဟု အဆိုပါ ရပ်မိရပ်ဖက ပြောသည်။ ၎င်းတို့၏ ထွက်ဆိုချက်များအရ ကလေးငယ်များ အုပ်စုဖွဲ့ကာ ခိုးဆိုးလုယက်မှုများကို လုပ်နေကြ ခြင်း ဖြစ်သည်ဟု သိရသည်။
နေ့စဉ်နီးပါး ဖားကန့်-လုံးခင်း ဒေသအတွင်း ခိုးဆိုးလုယက်မှုများ ဖြစ်ပွားနေပြီး အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ က အရေးယူဆောင်ရွက်ပေးမှုများ မရှိသည့်အတွက် ဒေသခံပြည်သူများက မိမိတို့၏ လုံခြုံရေးကို မိမိတို့ကိုယ် တိုင်က တာဝန်ယူဖြေရှင်းနေရသည်ဟု ဆိုကြသည်။
ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာရသည့် အကြောင်းအရင်းမှာ အလုပ်အကိုင်မရှိခြင်း၊ အရောင်းအဝယ်များ မကောင်းခြင်း၊ မူးဆေးဝါးပြဿနာ ပိုမိုများပြားလာနေခြင်းတို့အပြင် နေ့စဉ်တက်နေသည့် ကုန်စျေးနှုန်းအခြေ အနေများကြောင့် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဖားကန့် ဒေသခံတစ်ဦးက “အရင်ကဆိုရင် စားသောက်ကုန်ပစ္စည်းတွေ သယ်ယူတဲ့ ကားကိုဂိတ်က မကျော်ခိုင်း လို့ ကုန်ဈေးတက်တယ် ဆို ရင် နားလည်တယ်။ အခုက ကုန်ကားကလည်း ပုံမှန်သွားလာလို့ ရနေပြီ။ ကုန်ဈေး နှုန်းက တက်ပဲတက်နေ တယ်။ ကျနော်တို့ဘက်မှာက ဆီဈေးလည်း ပိုပိုတက်လာတယ်။ ဒီတိုင်းဆိုရင် စားဝတ် နေရေး ပိုခက်ခဲမယ်။ အလုပ်ကမရှိဆိုတော့ ခိုးမူ၊ လုယက်မူတွေ ပြန်များလာ နိုင်တယ်။ ပိုပြီးများလာနိုင်တယ်” ဟု ပြောသည်။
ဖားကန့်၊ လုံးခင်းဒေသတို့သည် ကျောက်စိမ်းအပြင် ရွှေတို့ထွက်သည့် နေရာဒေသဖြစ်သော်လည်း အာဏာသိမ်း ပြီးနောက် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေမျိုးမျိုးအကြောင့် အရောင်းအဝယ်မကောင်းခြင်း၊ အလုပ်အ ကိုင်ရှားပါးလာခြင်းတို့ကို ကြုံနေရသည်ဟု ဆိုသည်။
ထိုအခြေအနေများ၏ နောက်ဆက်တွဲပြဿနာအနေဖြင့် အခြေခံလူတန်းစားအများစုမှာ စားဝတ်နေရေး အတွက် တစ်ရက်ထက် တစ်ရက်ခက်ခဲလာနေပြီး လူငယ်အများစုကလည်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတို့တွင် ပျက်စီးလာခြင်း ဖြစ်သည်ဟု လုံးခင်း ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာမသိမ်းခင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားလာသည့် ၂၀၂၀ ခုနှစ်မှ စတင်၍ ဖားကန့်ဒေသအတွင်းက ကျောက်စိမ်းလုပ်ကွက်အချို့ကလည်း ပိတ်ထားသည်မှာ ယနေ့အချိန်ထိဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာ ဏာသိမ်းပြီးနောက် ဒေသခံစီးပွားရေးလုပ်ငန်းရှင် အများစုပိုင်ဆိုင်သည့် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက် အများစုမှာ မလည်ပတ်နိုင်ပဲ ပိတ်ထားရသည်ဟုလည်း သိရသည်။
ကိုဗစ်ကပ်ရောနှင့် လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ကျောက်စိမ်းလုပ်ကွက်များကို ပိတ်ထားသည့် အတွက် ကျောက်တူးသမား အတော်များများသည်လည်း အလုပ်လက်မဲ့ဘဝရောက်နေကြပြီး မိသားစု ဝမ်းရေး အတွက်လည်း ကြုံရာနေ့စား ကျပန်းအလုပ်များကို ဝင်ရောက်လုပ်ကိုင်နေကြရသည်ဟု သိရသည်။
ထို့အပြင် တရိပ်ရိပ်တက်လာနေသည့် ကုန်စည်စျေးနှုန်းများကြောင့်လည်း အခြေခံလူတန်းစားများ၏ နေ့စဉ် စားဝတ်နေရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဖားကန့် ဒေသခံများက ပြောသည်။