ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင်-အထွက် ၂၁ မိုင်ဂိတ်တွင် အဖမ်းခံလိုက်ရသည့် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်နှင့် လူငယ်အမျိုးသားတစ်ဦးတို့ ယနေ့အချိန်ထိ အဆက်အသွယ်မရသေး ဟု နီးစပ်သူများက ပြောသည်။
မိုးညှင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော် နှင့် လူငယ်အမျိုးသားတစ်ဦးတို့ကို NUG ၏ ငွေတိုက်စာချုပ်များနှင့်အတူ မြစ်ကြီးနားမြို့ အဝင်-အထွက် ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းဂိတ်တွင် ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ် မရခြင်းကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု သိရသည်။
“သူတို့နှစ်ယောက်က လိုင်ဇာကနေ ပြန်လာတယ်လို့ ကြားတယ်။ ကားပေါ်မှာ NUG Bond တွေ တွေ့လို့ ဖမ်းခံရတာ” ဟု NLD ပါတီဝင် တစ်ဦး က ပြောသည်။
သြဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်က မြစ်ကြီးနား-မန္တလေးလမ်းအတိုင်း ကိုမျိုးကျော်နှင့် သူငယ်ချင်းဖြစ်သူ ကိုစိုင်းမောင်တို့သည် နှစ်ဦးကားဖြင့် မောင်းနှင်လာစဉ် မြစ်ကြီးနားမြို့ အဝင်-အထွက် ၂၁ မိုင် ဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ ကိုမျိုးကျော်နှင့် ကိုစိုင်းမောင်တို့ကို မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့အထိ မသိရသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ဆိုသည်။
နီးစပ်သူ တစ်ဦး က “အဖမ်းမခံရခင် မနက်အစောပိုင်းမှာ အဆက်အသွယ်ရသေးတယ်။ အဲ့တော့ မရတော့ဘူး အခုထိပဲပေါ့နော်။ ဘယ်ကို ဖမ်းသွားတာလဲ၊ ဘယ်မှာထားထားလဲ အဲ့ဒါကို မသိရသေးတော့ စိုးရိမ်တာပေါ့နော်။ စစ်တပ်ကလည်း သိတဲ့အတိုင်း သူတို့ဖမ်းသွားပြီဆိုတာနဲ့ အဲ့အဖမ်းခံရတဲ့လူအတွက်က အသက်အန္တရာယ်ကို စိုးရိမ်ရတာမျိုးလေ။ လူမဆန်တဲ့လုပ်ရပ်တွေကို အမြဲလုပ်နေကြတာဆိုတော့ ပိုစိုးရိမ်တာပေါ့ဗျာ” ဟု ပြော သည်။
ကိုမျိုးကျော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ပြည်ယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ် သည်ဟု သိရသည်။ ထို့အပြင် ၎င်းနှင့်အတူ အဖမ်းခံလိုက်ရသည့် ကိုစိုင်းမောင်သည်လည်း ဖားကန့်သပိတ်တွင် ပါဝင်ဖူးသူ ဖြစ်သည်ဟု သိရသည်။
ကချင်ပြည်နယ် အတွင်းရှိ နန်စီးအောင် ပူးပေါင်းစစ်ဆေးရေး စခန်းဂိတ်၊ ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေး စခန်းဂိတ်နှင့် ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေး စခန်းဂိတ်တို့တွင် ဖြတ်သန်းသွားလာနေသည့် ခရီးသွားပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ တင်းကြပ်ထားသည်။
အဆိုပါဂိတ်များတွင် ကား၊ ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယခုနောက်ပိုင်းတွင် တောက်လျှောက် စစ်ဆေးနေခြင်း ဖြစ်သည်ဟု ခရီးသွားပြည်သူ ဒေသခံ များက ပြောသည်။