မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ ပူတာအိုမြို့ရှိ ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးများ ပြတ်လပ်နေပြီး မိုးတွင်းကာ လ တုတ်ကွေးရာသီဖြစ်သည့်အတွက် ဖျားနာသူများနေ၍ အခက်အခဲများ ရှိနေသည်ဟု ဒေသခံများက ပြော သည်။
ယခုကဲ့သို့ မိုးကွင်းကာလ၊ တုတ်ကွေးရာသီတွင် ဖျားနာသူ အများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ဖြစ်ပြီး ပူတာအိုမြို့ ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရာတွင်လည်း ဆေးဝါးနှင့် ကျန်းမာရေးဝန်ထမ်း လုံလောက်မှု မရှိခြင်းတို့ကြောင့် အခက်အခဲများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
ပူတာအိုမြို့၊ လုံဇွပ်ရပ်ကွက်က ဒေသခံတစ်ဦးက “အခုလိုဖြစ်တာ ဘာရောဂါလဲ ဆိုတာတော့ မသိဘူး။ အခုက ဆေးရုံသွားတော့လည်း ဆေးက မရှိဘူး။ အပြင်ဆေးခန်းတွေကနေပနေပဲ ရတဲ့ ဆေးလောက်ပဲ ဝယ်စားနေရ တယ်။ ဆေးလည်း ကိုယ့်ဟာကိုယ်ပဲ ဝယ်ထိုးရတယ် အဲ့လိုဖြစ်နေတယ်” ဟု ပြောသည်။
ပူတာအိုမြို့၊ လုံဇွပ်ရပ်ကွက်တွင် တတိယပတ်မှာစတင်၍ ယခုဩဂုတ်လ ဒုတိယပတ်အထိ သက်ကြီးရွယ်အိုများ နှင့် ကလေးငယ်များစုမှာ ဇူလိုင်လ အဖျားတက်၊ အော့အန်၊ မူးဝေ၊ ခေါင်းကိုက်သည်များ ဖြစ်ပွားနေကြသည်ဟု ရွာသားများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပူတာအိုမြို့ရှိ ခရိုင်ဆေးရုံက ဆရာဝန်အများစုမှာ CDM ပြလုပ်သွားကြသည့် အပြင် COVID-19 ကပ်ရောဂါနှင့် လက်ရှိ နိုင်ငံရေး အခြေအနေ အမျိုးမျိုးကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲပြီး ဆေးဝါးများ သယ်ယူပို့ဆောင်ရေးပိုင်း အခက်အခဲဖြစ်နေခြင်းကြောင့် ပူတာအိုမြို့က ပြည်သူ့ဆေးရုံ တွင်လည်း ဆေးဝါးနှင့် ကျန်းမာရေးဝန်ထမ်း လုံလောက်မှု မရှိဘူးဟု သိရသည်။
“အခုလို ဆေးရုံတွေမှာ ဆေးမရှိတဲ့အတွက် ပြည်တွေက အပြင် ဆေးခန်းက ဆေးဝါးတွေကို စျေးကြီးကြီးနဲ့ ပိုက် ဆံပေးပြီး ဝယ်စားနေရတော့ ငွေကြေးမပြည့်စုံတဲ့ မိသားစုတွေက မဝယ်စားနိုင်ဘူး။ တချို့ မိသားစုတွေ က ဆေးခန်းက ဆေးတွေ မဝယ်စားနိုင်တော့ဘူး။ အာဟာရှိဖို့အတွက် အသား၊ ငါး ဝယ်စားဖို့ဆိုလည်း အခု ပူတာအိုမှာက ကျွဲ/ နွား နဲ့ ဝက်တွေမှာ ရောဂါဖြစ်နေတဲ့ အတွက်ကြောင့် ရောင်းဖို့ပိတ်ပင်ထားတယ်။ ဘယ်သူမှ မဝယ်စားကြဘူး။ အဲ့ဒါကြောင့် အသက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေက အားမရှိတော့ ဖျားနာတာ လွယ်လွယ် ကူကူ ပျောက်ကင်းဖို့ ခက်ခဲတယ်” ပူတာအိုမြို့ခံ တစ်ဦးက ပြောသည်။
ပူတာအိုမြို့ရှိ လုံးဇွပ်ရပ်ကွက်က ပြည်သူများသည် ကျန်းမာရေးအခက်အခဲအပြင် စားဝတ်နေရေးပိုင်းလည်း ထိခိုက်လာနေသည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။
၎င်းတို့သည် တောင်ယာစပါးနှင့် လယ်ယာများကို အဓိက စိုက်ပျိုးလုပ်ကိုင် စားသောက်ကြသော်လည်း ၂၀၂၀ ခုနှစ်မှစတင်၍ ဖြစ်ပွားလာခဲ့သည့် COVID-19 ကပ်ရောဂါကြောင့် အလုပ်အကိုင်မရှိကြဘူးဟု သိရသည်။
ထို့အပြင် ၂၀၂၁-၂၀၂၂ ခုနှစ် တွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေ အနေများကြောင့် အလုပ်အကိုင်များရှားပါးခြင်း၊ တနေရာမှ တနေရာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ရန်လည်း ခက်ခဲနေခြင်းတို့ကြောင့် စားဝတ်နေရေးပိုင်း ပိုမိုခက်ခဲလာသည်ဟု ဒေသခံများက ပြောသည်။
အလားတူ ပူတာအိုမြို့နယ်အတွင်းရှိ တောင်ယာလုပ်ကိုင်သူများမှာလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် သစ်တောဦးစီးဌာနက တောင်ယာခုတ်လုပ်ငန်းကို ပိတ်ပင်ထားခြင်းကြောင့် တောင်ယာစိုက်ပျိုးရန်လည်း အခြေ အနေမပေးဘူးဟု ဆိုကြသည်။