ရိုက်နှက်စစ်ကြောမှုကြောင့် မျက်နှာဖူးရောင် ဒဏ်ရာများရရှိထားသည့် လူငယ် ၂ ဦးကို သံကြိုးဖြင့် ချည်နှောင်၍ PDF များဟုဆိုကာ အောင်လံမြို့အခြေစိုက် အမှတ်၁၅ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးတပ်က ကားပေါ်တင် ပြီး မြို့ထဲလှည့်ပတ်ပြသခဲ့သည်ဟု မြို့ခံများက အတည်ပြုပြောသည်။
မကွေး - အောင်လံ - ပြည်လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လုံခြုံရေးအပြည့်ယူထားပြီး အောင်လံမြို့ကို လှည့်လည် ပြသခဲ့ခြင်း ဖြစ်သည်။
”စွပ်စွဲဖမ်းဆီးနှိပ်စက်ပြီး မြို့လှည့်ပြတယ်ဆိုတာလည်း မိုက်ရိုင်းပြီး လူမဆန်တဲ့လုပ်ရပ်။ ဒီမြို့နယ်ထဲက ကပစ တပ်တွေပါ မိုက်ရိုင်းကုန်တာ” ဟု အသက် ၄၀ နှစ် အရွယ် ဈေးဆိုင်ပိုင်တစ်ဦး က ပြောသည်။
ဇွန် ၁၆ ရက်နေ့ ညနေပိုင်းက မြို့မရဲစခန်းမှ မကွေး-အောင်လံ-ပြည်လမ်းတလျောက် ကို လုံခြုံရေး အပြည့်ယူ ထားပြီး အောင်လံမြို့လှည့်လည်ပြသခဲ့ဖြစ်ကြောင်း ကြက်ရုန်းလေးကျေးရွာက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ USDP ၏ စည်းရုံးမှူးနှင့် တပည့်တစ်ဦးကို သတ်သွားသူများဟုလည်း ပြောဆိုသွားသည် ဟု သိရ သည်။
အမှတ် ၁၅ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၅ သည် မကွေးတိုင်း၊ အောင်လံမြို့နယ် ရွာမထုံးကျေးရွာတွင် အခြေစိုက်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အောင်လံမြို၏ မြို့နယ်စစ်ကောင်စီအဖြစ် အုပ်ချုပ်နေသည့် တပ်ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ဇွန် ၁၃ ရက်နေ့က ပျူစောထီးခေါင်းဆောင်ဆိုသူ ကြက်ရုန်းလေးကျေးရွာသား ဦးမြငြိမ်းသည် USDP ပါတီ၏ စည်းရုံးရေးမှူး တစ်ဦးနှင့် ၎င်း၏ တပည့်ဖြစ်သူတို့ကို အမည်မသိ အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့မှုကြောင့် နှစ်ဦးစလုံး သေဆုံးသွားခြင်း ဖြစ်သည်။
ဦးမြငြိမ်းသည် ကြက်ရုန်းလေးကျေးရွာသားများ အနိုင်ကျင့် ဗိုလ်ကျမှုများ လုပ်တတ်ပြီး သူသတင်းပေးတိုင် ကြားမှုကြောင့် လူငယ်အချို့ကိုလည်း စစ်တပ်က ဖမ်းဆီး စစ်ဆေးခံနေလျှက်ရှိသည်။
အောင်လံမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှာသူများက လူငယ်နှစ်ဦးကို မြို့ပတ်ပြသည့် ဓါတ်ပုံကို ရိုက်ထားသူများ ရှိပါက ပို့ပေးကြပါရန်လည်း နိုးဆော်ထားသည်ဟု သိရသည်။
ဓါတ်ပုံ - VOA