လောင်းလုံးမြို့နယ်အတွင်း ကထိက တစ်ဦးနှင့် ထွေအုပ်စာရေးမ တစ်ဦး ပစ်သတ်ခံရ

လောင်းလုံးမြို့နယ်အတွင်း ကထိက တစ်ဦးနှင့် ထွေအုပ်စာရေးမ တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာတွင် ကထိကတစ်ဦးနှင့် ထွေအုပ်စာရေးမတစ်ဦးတို့ ၎င်းတို့၏ နေအိမ်အသီးသီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့၊ ညနေ ၆ နာရီခွဲ အချိန်ခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “မှောင်ရီပျိုးခါစပဲ ရှိသေးတာ။ ဦးဆုံး တကြိမ် သေနတ်သံ လေးငါး ချက်ကြားရတယ်။ ၁၅ မိနစ်လောက်ပဲ ခြားမယ် နောက်တကြိမ်လဲ လေးငါးချက်ပဲ။ ဆေးရုံရောက်ပြီး သေသွား တယ်လို့ ဆေးရုံသွားပို့သူတွေ ပြန်လာပြောပြလို့သိရတယ်” ဟု ပြောသည်။

သေဆုံးသွားသူများမှာ အသက် ၄၅ နှစ်ခန့်အရွယ် ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှ လက်ထောက် ကတိက ဒေါက်တာဦးဝင်းဘို ဆိုသူဖြစ်ပြီး ဇနီးဖြစ်သူနှင့် အတူ နေအိမ်တွင်ရှိနေစဉ် အမည်မသိ လူတစ်စုရောက်ရှိ လာ ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက်  ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။

ထို့နောက် ည ၆ နာရီ၊ ၄၅ မိနစ် အချိန်ခန့်တွင် လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကျေး စာရေး ဒေါ်မြမြမိုးကိုလည်း နေအိမ်တွင် ဘုရားပန်းလဲနေစဉ် ၎င်း အမည်မသိအဖွဲ့မှပင် သေနတ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည့်အတွက် ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ ပစ်ခတ်ခံခဲ့ရပြီး နောက်၎င်းတို့ နှစ်ဦးကို အရေးပေါ် လူနာတင်ကားဖြင့် နေအိမ်မှ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြ သော်လည်း ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟု ပန်းတင်အင်း ရွာသားများက ပြောသည်။

ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှ လက်ထောက် ကတိက ဒေါက်တာဦးဝင်းဘိုနှင့် လောင်းလုံးမြို့နယ် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကျေးစာရေး ဒေါ်မြမြမိုးတို့သည် ကျေးရွာအတွင်း စစ်ကောင်စီ သတင်းပေး ဒလန်များဖြစ်သည်ဟု ရွာသားများက စွပ်စွဲပြောဆိုခံထားရသူများ ဖြစ်သည်။

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ၎င်းတို့ နှစ်ဦးသည် CDM ဝန်ထမ်းများကို စစ်ကောင်စီအား သတင်းပေးပို့ကာ ဖမ်း ဆီးခိုင်းခြင်းကို ပြုလုပ်သူများဖြစ်သည်ဟု ပြောဆိုမှုများရှိပြီး ကျေးရွာအတွင်း ဒလန်ဟုနာမည်ကြီးနေသူများ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် ဒေသအတွင်းရှိ PDF အဖွဲ့များ၏ မကြာခဏ သတိပေးစာများ ပို့ခြင်းလည်း ခံရဖူး သူများ ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့သည့် ပန်းတင်အင်းကျေးရွာက အဆိုပါ ကထိက နှင့် ထွေအုပ်စာရေးမတို့ ပစ်ခတ်ခံရ မှုကို လောင်းလုံ PDF အဖွဲ့ (Launglone People Defence Force-LLPDF)နှင့် Dawei Guemilia Revolution Force-DGRF) အဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

LLPDF နှင့် DGRF အဖွဲ့တို့၏ ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် ဦးဝင်းဘိုသည် CDM ဝန်ထမ်းများအား ရုံးတက်ရန် အတင်းအကြပ်ဖိအားပေး ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ ပြည်သူများအား ခြိမ်းခြောက်ကြိမ်းမောင်းခြင်း၊ ဒေါ်မြမြမိုးသည်လည်း စစ်ကောင်စီနှင့် ပူးပေါင်း၍ ပြည်သူများအပေါ် မောက်မာ ရမ်းကားကာ CDM ဝန်ထမ်းများနှင့် ပြည်သူများကို တိုင်းတန်းဖမ်းဆီးသည်များ လုပ်ဆောင်နေသူ ဖြစ်သည်ဟု ရေးသားထားသည်။

ထို့အပြင် LLPDF နှင့် DGRF အဖွဲ့တို့ အနေဖြင့် ဒေသတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲများသာမက စစ်ကောင်စီဘက်တွင် ရပ်တည်နေသည့် သတင်းပေး ဒလန်များ၊ ပျူးစောထီးများနှင့် စစ်အုပ်ချုပ်ရေး ယန္တရား များ လည်ပတ်နိုင်ရန် ပါဝင်ကူညီနေကြသည့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ အစရှိသည့် စစ်ကောင်စီထောက်တိုင်များအားလုံးကို သေချာစိစစ်ပြီး အမြတ်ဖြတ် သုတ်သင်သွားမည်ဟု ထုတ်ပြန်ပြောဆို လိုက်သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...