ကချင်စစ်ဘေးရှောင်များ ရိက္ခာအခက်ကြုံနေရ

ကချင်စစ်ဘေးရှောင်များ ရိက္ခာအခက်ကြုံနေရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနား KBC စစ်ရှောင်စခန်းရှိ စစ်ရှောင် ၃၀၀၀ နီးပါးအတွက် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု စစ်ရှောင်များနှင့် စခန်းတာဝန်ခံက ပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း စခန်းအတွင်း ရောဂါဖြစ်ပွားသူများရှိလာ၍ စစ်ရှောင်စခန်းကို အဝင်အထွက် တစ်လ ခန့် ပိတ်လိုက်ရခြင်းကြောင့် အစားအသောက်နှင့် ရိက္ခာအခက်အခဲ လိုအပ်ချက် ပိုများလာရခြင်းဖြစ်သည်ဟု စစ်ရှောင်များက ဆိုသည်။

စစ်ရှောင် အိမ်ထောင်စု ၅၃၂ စု၊ လူဦးရေ ၂၉ ကျော်အတွက် အခြေခံစားသောက်ကုန်များ လိုအပ်နေခြင်းဖြစ်သည်ဟု စစ်ရှောင်စခန်းတာဝန်ခံ ဦးဘရန်ဆိုင်းက ပြောသည်။

"တချို့အိမ်ထောင်စုတွေ ခက်ခဲတဲ့ဟာဆိုရင် ဆန်ပြုတ်စားနေရတဲ့သူတွေတောင် တော်တော်များနေပြီ။ စစ်ရှောင်တွေက တစ်ပူပေါ်နှစ်ပူဆင့်သလို ပိုပြီးတော့ အရမ်းကို ဒုက္ခရောက်နေကြပါတယ်" ဟု ဦးဘရန်ဆိုင်းက ပြောသည်။  

စစ်ရှောင် ဒေါ်ဒွဲဘူက "အကုန်လုံးကအိမ်ထဲမှာပဲနေကြရတော့ ပိုက်ဆံကပြတ်ကြပြီလေနော့်။ စားချင်တဲ့ဟာ လည်းမစားရဖြစ်နေတာ" ဟု ပြောသည်။

ထို့အပြင် စစ်ရှောင်စခန်းအတွင်းရှိ အသက် ၈၀ ကျော် အဘိုးအဘွားများအတွက်လည်း အာဟာရများ လိုအပ်နေသည်ဟု ဆိုသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံရေးအခြေအနေလည်း ဆိုးရွားနေသည့်အတွက် စစ်ရှောင်များမှာ အပြင်သို့ နေ့စားအလုပ်လုပ်ရန်လည်း မဖြစ်နိုင်၊ အလုပ်အကိုင်မရှိသည့်အတွက် အခြားဝင်ငွေများလည်းပြတ်နေပြီး ပိုမိုခက်ခဲလာရခြင်းဖြစ်သည်ဟု စစ်ရှောင်စခန်းတာဝန်ခံ ဦးဘရန်ဆိုင်းက ပြောသည်။

“အခြေအနေကျတော့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတာပေ့ါ။ လိုအပ်တယ်ဆိုတာက အရင်တုန်းကတော့ ကိုဗစ်မဖြစ်ခင်၊ Lock down မချခင်က မိသားစုစားဝတ်နေရေးနဲ့ပတ်သက်ပြီး နေ့စားသွား အလုပ်သွားရှာစားတဲ့လူတွေရှိတယ်။ အဲ့လိုမျိုးအချိန်မှာ ကိုဗစ်ပြန်ဖြစ်တဲ့အခါကြတော့ တော်တော်လေးခက်ခဲသွားတာ။” ဟု ပြောသည်။

“စစ်ရှောင်တိုင်းက အဓိကတော့ အခြေခံအစားအစာ၊ ဆန်တွေ၊ ဆီ၊ ဆားတွေ လိုအပ်တာပေါ့။ ပြီးခဲ့တဲ့ နှစ်ပတ်သုံးပတ်ကဆို ဆန်ပြုတ်စားရတယ်။ အခု လွန်ခဲ့တဲ့ သုံးလေးရက်က လူကယ်ပြန်ကနေ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ထားတာတွေရှိတယ်။ အဲ့ဒါတွေနဲ့ အခုလောလောဆယ် နည်းနည်းချောင်တယ်လို့တော့ ပြောလို့ရတာပေါ့။”

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လစဉ်စစ်ရှောင်များအတွက် လိုအပ်ချက်အပေါ်မူတည်၍ ထောက်ပံ့ပေးသည့် အစီအစဉ်အရ အချို့ကို ၇၀ ရာခိုင်နှုန်း (ကျပ် ၁၁,၀၀၀) နှင့် အချို့ကို ၁၀၀ ရာခိုင်နှုန်း (ကျပ် ၁၅,၀၀၀) ထောက်ပံ့ပေးလျှက်ရှိပြီး ယခု အောက်တိုဘာလအတွက် ထောက်ပံ့ငွေ မရရှိသေးဟု ဆိုသည်။

မိုင်းနား KBC စစ်ရှောင်စခန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မုဆိုးမ မိသားစုများ၊ သက်ကြီးရွယ်အိုများရှိသည့် မိသားစုများနှင့် မသန်စွမ်းများရှိသည့် မိသားစုများအတွက် ထောက်ပံ့မှု ၁၀၀ ရာခိုင်နှုန်း (ကျပ် ၁၅၀၀၀) နှုန်းဖြင့် အယောက်စီတိုင်းကိုပေးပြီး၊ အခြားသာမာန်မိသားစုများအား ၇၀ ရာခိုင်နှုန်းဖြင့် (တစ်ဦးလျှင် ကျပ် ၁၁၀၀၀) ထောက်ပံ့ပေးခြင်းဖြစ်သည်။

ထိုထောက်ပံ့မှုကို စစ်တပ်အာဏာမသိမ်းခင်က လစဉ်ပုံမှန် အချိန်မှီရရှိခဲ့သော်လည်း နိုင်ငံရေးအခြေအနေအရ နောက်ကျမှုများရှိသည်ဟု စစ်ရှောင်များက ပြောသည်။

မိုင်းနား KBC စစ်ရှောင်စခန်းမှ စစ်ရှောင်များအတွက် အဓိက လိုအပ်နေသည်များမှာ ဆန်၊ အခြေခံစားသောက် ကုန်၊ ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု ပြောသည်။

မိုင်းနား KBC စစ်ဘေးရှောင်စခန်းတွင် ကချင်ပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၄ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံရွာသားများသည် ၂၀၁၁ ခုနှစ်တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ပြန်လည်ဖြစ်ပွားလာသည့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်သည်။

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...