ဖားကန့်မြေစာပုံပြိုကျ၊ လူ ၃၀ ခန့် ပျောက်နေ

ဖားကန့်မြေစာပုံပြိုကျ၊ လူ ၃၀ ခန့် ပျောက်နေ

ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား အယောက် ၃၀ ခန့် ပျောက်ဆုံးနေသည်။

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအနီးရှိ တင်အောင်ကြိုင် (ခေါ်) ကြိုင် ကုမ္ပဏီ၏ ကျောက်စိမ်းလုပ်ကွက်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၁၂ နာရီအချိန်ခန့်က မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက “ည ၁၂ နာရီလောက်မှာ မြေစာပြိုတယ် ဆိုတာကတော့ဟုတ်တယ်။ မြေစာပြိုတဲ့ အခါမှာကျတော့ အလောင်းတွေ ပေါ်လာတာတို့လည်း လောလောဆယ်မရှိသေးဘူး။ ကျနော် ကြားသိရတာကတော့ ညဆိုင်း တစ်ဝက်က နားခါနီး ဆိုတော့ လူက နည်းကောင်းနည်းနိုင်တယ်။ ခန့်မှန်းခြေ ကျနော်တို့ သိရသလောက်တော့ အယောက် ၂၀ ထက်မကဘူး။ ၃၀လောက်လို့ အဲ့လို ကြားသိရတာတော့ ရှိတယ်” ဟု ပြောသည်။

မြေစာပြိုကျမှုထဲ လူဦးရေ မည်မျှပါသွားသည်ကို အတိအကျ မည်သူမှ မသိရသေးဘူးဟု အနီးနားဝန်းကျင်ရှိ မှော်စီစာကျေးရွာနေ ပြည်သူများက ပြောသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ အချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်းမျိုးလည်း မရှိသေးဘူးဟု အဆိုပါ မြေစာပြိုကျမှု အခြေအနေကို သွားကြည့်သူ အချို့က အတည်ပြုပြောဆိုသည်။

အထက်ပါ ဖားကန့် ဒေသခံအမျိုးသားက “ကယ်ဆယ်ရေး ဘာမှမလုပ်ဘူး။ လက်ရှိအချိန်မှာ ကူညီဆောင်ရွက် နေတာတွေ မရှိဘူး။ ရေမဆေး ကျောက်ရှာသူတွေ ပါသွားတယ် ဆိုတာတော့ သူတို့မြေစာပုံက ရေမဆေး သမားတွေ ပြောပြချက်အရပဲ သိရ တာပေါ့နော်။ ဒါပေမယ့်

နာမည်စာရင်းတွေ အပျောက်စာရင်းတွေ ထွက်လာတာတော့ လောလောဆယ်ထိတော့ မရှိသေးဘူး” ဟု ပြောသည်။

ယခု မြေစာပြိုကျမှု ဖြစ်ပွားခဲ့သည့် မှော်စီစာကျေးရွာမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ထိန်းချုပ်ထားသည့် နေရာဖြစ်သည်။ မြေစာပြိုကျမှု ဖြစ်စဉ်နှင့် ပတ်သက်၍ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

အဆိုပါ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းနေရာတွင် မြေစာစွန့်ပစ်နေချိန်တွင် ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မှော်စီစာရွာခံများက ပြောသည်။

မှော်စီစာ ဒေသခံနောက်တစ်ဦးပြောတာက “ကုမ္ပဏီလုပ်ကွက်ဟောင်း နေရာမှာ မြေစာတင်ကား နှစ်စီးကော နောက်ပြီး ရေမဆေးတွေကော လုပ်ကွက်ကျင်းသားတွေကော ပြောတယ်” ဟု ပြောသည်။

မြေစာပြိုကျမှုထဲ မြေသယ်ကား နှစ်စီး၊ မြေသယ်ကားမောင်းသူ နှစ်ဦး အပါအဝင် ကျောက်စိမ်း (ရေမဆေး ကျောက်) ရှာဖွေသူများ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မနကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက် တစ်ခုတွင် နွံကန်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အဆိုပါလုပ်ကွက်အတွင်းရှိ ကုမ္ပဏီဝန်ထမ်းများနှင့် ရေမဆေး (ကျောက်တူးဖော်သူ) စုစုပေါင်း ၂၂ ဦး ပျောက်ဆုံးခဲ့သည်။

ဓါတ်ပုံ - NMG ပုံဟောင်း

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...