ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော် အသုံးပြုကောက်ယူခဲ့သည့် သန်းခေါင်စာရင်း မအောင်မြင်ဟု GSCB ထုတ်ပြန်

ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော် အသုံးပြုကောက်ယူခဲ့သည့် သန်းခေါင်စာရင်း မအောင်မြင်ဟု GSCB ထုတ်ပြန်

စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က နိုဝင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုမှာ အတု‌အယောင်ရွေးကောက်ပွဲတစ်ရပ်ကို ဖန်တီးပြီး နိုင်ငံရေးထွက်ပေါက်ရှာရန်အတွက် ကြိုးစားခြင်းသာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဘက်ပေါင်းစုံကအားနည်းပြိုကျနေပြီဖြစ်သည့် အကြမ်းဖက် စစ်အုပ်စုသည် အတုအယောင်ဟန်ပြရွေးကောက်ပွဲ တစ်ခုဖန်တီး၍ နိုင်ငံရေးအရ ထွက်ပေါက် ရှာနိုင်ရေးအတွက်ရှေ့ပြေးလုပ်ငန်းစဉ် တစ်ခုအဖြစ်  ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးကို အဓမ္မကြိုးပမ်းခဲ့ပါသည်" ဟု ရေးသားထားသည်။

စစ်ကောင်စီကအောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း သန်းခေါင်စာရင်းကိုပြီးစီးအောင်ကောက်မည်ဟု ကြေညာခဲ့သော်လည်း ပြည်သူလူထု၏ ယုံကြည်မှုနှင့်ကြည်ဖြူစွာ ပူးပေါင်းမှုကို လုံးဝ မရရှိခဲ့သည့်အတွက် အောက်တိုဘာ ၃၁ရက်နေ့အထိ ထပ်တိုးကောက်ခဲ့ရသည်ဟုဆိုသည်။

ရခိုင်ပြည်တွင်လည်း မြို့နယ်၁၇ ခုရှိရာတွင် စစ်ကောင်စီသည် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်စသည့် မြို့ (၃) ခုခန့်တွင်သာ သန်းခေါင်စာရင်းကောက်ယူနိုင်ပြီး ကျန်မြို့နယ်များတွင် ကောက်ယူနိုင်ခြင်းမရှိချေ။

စစ်ကောင်စီအနေဖြင့် ထိုမြို့(၃) ခုတွင်လည်း ရုပ်ပြပုံစံအနေဖြင့်သာ လုပ်ဆောင်နိုင်သည့်အတွက် စစ်ကောင်စီကောက်ယူသည့် သန်းခေါင်စာရင်းမှာ တိကျမှန်ကန်မှုမရှိဟု မာန်အောင်မြို့ခံတစ်ဦးက ပြောသည်။

"နာမည်နဲ့အသက်ကိုမေးတယ်။ ကျန်တဲ့ဟာတွေကို သူတို့ ဖြည့်လိုက်မယ်လို့ပြောတယ်။ ဒီလောက်ပါပဲ။ ကျနော်မြင်တာကတော့ သန်းခေါင်စာရင်းရလာဒ်ဟာ တိတိကျကျ ထွက်လာမှာမဟုတ်ဘူး။ အ‌ဖြစ်သဘောလောက်ပဲလုပ်တာပါ။ သန်ခေါင်းစာရင်းကောက်ယူမှုက လုံးဝမအောင်မြင်ဘူး" ဟု ပြောသည်။

ရခိုင်ပြည်တွင်‌ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်သဖြင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။

ထို့အပြင် အမ်း၊ ဂွနှင့် တောင်ကုတ်မြို့တို့တွင် ကောက်ယူရန် ကြိုးစားခဲ့သော်လည်းထိုဒေသများသို့ AA ထိုးဖောက်ဝင်လာသည့်အတွက် စစ်‌ကောင်စီတပ်တို့နှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိရာ သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်မှာ ပျက်စီးခဲ့ရသလို နခခ (၅) တစ်ခုသာ ကျန်ရှိတော့သည့် မောင်တောမြို့တွင်လည်း ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။

ထို့အပြင်လက်ရှိ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူခဲ့သည့် စစ်တွေ၊ အမ်း၊ကျောက်ဖြူ၊ မာန်အောင်စသည့် မြို့များတွင် နေထိုင်သော ဒေသခံအများစုမှာလည်း လွတ်မြောက်နယ်မြေများနှင့် ပြည်မဘက်သို့ စစ်ဘေးရှောင်ထွက်သွားကြသည့်အတွက် သန်းခေါင်စာရင်းကောက်ယူမှုမှာ အချည်းအနှီးသာဖြစ်ခဲ့ရသည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

"စာရင်းမကောက်ခင်ကတည်းက အချက်အလက်တချို့ကို သူတို့မှာဖြည့်ပြီးသား ပါလာတယ်။ ပြီးတော့သူတို့မေးချင်တာတွေကို မေးသွားတယ်။ ဒါတွေကတော့ သဘာဝမကျဘူး။ အမှန်လည်းမရနိုင်ဘူး။ ပြီးတော့ လူမရှိတဲ့ အိမ်တွေများတယ်။ သူတို့ကဝတ်ကျေတမ်းကျေအဆင့် ကောက်သွားကြတာပါ"ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတစ်ဝန်း စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ ခန့်ဖြင့် ဆောင်ရွက်ခဲ့သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို အဓမ္မ ကြိုးပမ်းခဲ့သည့်ကာလသည် နိုင်ငံအဝှမ်းရှိ မြို့နယ်ပေါင်း (၃၃၀)၌ မြို့နယ် (၂၃၃) ခုထက်မနည်း (နိုင်ငံ၏ ဧရိယာ (၇၀) ရာခိုင်နှုန်းကျော်)၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်ကာလဖြစ်သည်ဟု GSCB က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဆယ်စုနှစ်ငါးခုအတွင်းတွင် အဆိုးဆုံးဖြစ်ခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၄၀၀) ကျော် သေဆုံးခဲ့ပြီး (၁၀၀) ဦးထက်မနည်း ပျောက်ဆုံးခဲ့၍ ရေဘေးသင့်ပြည်သူ (၁)သန်းကျော်အထိ ထိခိုက်ပျက်စီးနေမှုများ ကြုံနေရသည့်အချိန်ဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်ကောင်စီအား တော်လှန်နေကြသလို GSCB ကလည်း  စစ်အုပ်စု၏ အတုအယောင် ဟန်ပြရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းသည့်ကိစ္စရပ်များကို ဆန့်ကျင်ဖီဆန်ခြင်းအပါအဝင် အာဏာရှင်စနစ်များ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးအတွက် ဦးတည်၍ အရှိန်အဟုန်မြှင့် ပါဝင်တော်လှန်‌ပေးကြရန်လည်း အလေးအနက် တိုက်တွန်းထားသည်။

Most read this week

January 22, 2025
လက်ရှိ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် ဧရာ၀တီတိုင်း၊...
January 21, 2025
ရခိုင်ပြည်၊ စစ်တွေမြို့ပြင်၊  ဝါဘိုကျေးရွာဘက်တွင် အာရက္ခတပ်တော် (AA) နှင့်...
January 17, 2025
ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃...