အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီ ဦးစားပေးလာနိုင်မလား

အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီ ဦးစားပေးလာနိုင်မလား

ဓာတ်ပုံ - Social Media

အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ ဦးစားပေးသင့်တယ်လို့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဆိုင်ထားရတဲ့ စစ်ကောင်စီကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလာပါတယ်။

ရွေးကောက်ပွဲဟာ ဦးစားပေးရမယ့်ကိစ္စမဟုတ်ဘဲ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ပြီး ဆွေးနွေးဖို့ ဆောင်ရွက်သင့်တယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် လုပ်ချင်တဲ့ စစ်ကောင်စီအတွက် အာဆီယံတိုက်တွန်းချက်ဟာ မလိုက်လျောနိုင်တဲ့ ကိစ္စတွေလို့ သုံးသပ်ပါတယ်။

“သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အတွက် ရွေးကောက်ပွဲလုပ်ချင်တာဖြစ်ပြီး အကြမ်းဖက်မှုတွေ မရပ်ဆိုင်းဘူး။ အဲဒီလိုအနေအထားကို မလေးရှားက ထုတ်ပြလိုက်တာ။ အဲဒီတော့ အာဆီယံထဲမှာ ဆက်နေချင်တယ်ဆိုရင် သူ့သဘောထား ဆက်ဖော်ပြချင်တယ် ပါဝင်ချင်တယ်ဆိုလို့ရှိရင်တော့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရမယ့်သဘော။ လေကြောင်းထိုးစစ်တွေ ရပ်ဆိုင်းရမယ့်သဘော ဖြစ်လာပါလိမ့်မယ်။ ဒါတွေကတော့ စစ်ကောင်စီအနေနဲ့ မလိုက်လျောနိုင်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်မှာ အာဆီယံကနေပြီးတော့ လုံးဝ အပြီးတိုင် ထုတ်ပယ်ခံရတဲ့အနေအထားအထိ ရောက်ရှိနိုင်တယ်လို့ ကျွန်တော်သုံးသပ်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ လေးနှစ်နီးပါးကြာသည့်တိုင် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာအစုအဖွဲ့တွေကြားမှာ ညှိနှိုင်းဆွေးနွေးဖို့နဲ့ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်ကို ညှိနှိုင်းဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

တစ်ဘက်မှာ မြန်မာ့အရေးကို ကြားဝင်ညှိနှိုင်းနေတဲ့ တရုတ်အစိုးရကလည်း သူနဲ့နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ကို စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး ဖိအားပေးတိုက်တွန်းထားတာပါ။

ဒီအတွက်ကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဇန်နဝါရီ ၂၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရမော်နင်းက ထုတ်ပြောပါတယ်။

ဒါပေမယ့် နှစ်ဖက်အပစ်ခတ်ရပ်စဲဖို့ ဘယ်အချက်တွေကို သဘောတူထားတယ်ဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။ လက်ရှိမှာ တရုတ်အစိုးရဘက်က ပိတ်ဆို့ကန့်သတ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်းကုန်သွယ်မှုတွေကို ပြန်လည်ဖွင့်ပေးထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကူညီထောက်ပံ့ပေးမှာဖြစ်ပြီး ဆွေးနွေးပွဲတွေကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အလားတူ အာဆီယံ အလှည့်ကျဥက္ကဌဖြစ်လာတဲ့ မလေးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနိုင်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတာပါ။

ပြည်တွင်းမှာလည်း ငွေဆောင်ဆွေးနွေးပွဲကနေ တွေ့ဆုံဆွေးနွေးရေး သဘောတူညီမှုတွေရှိနေသလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်ကောင်စီရော လက်နက်ကိုင်အဖွဲ့အားလုံးကိုပါ အပစ်ခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းထားတာပါ။

ဒီအပေါ် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆွေးနွေးရေးနဲ့ပတ်သက်ပြီး ပြည်တွင်းမှာရော နိုင်ငံတကာကပါ တိုက်တွန်းနေချိန်မှာ အာဆီယံက အခုလိုပြောလာတာဟာ ဖြစ်လာနိုင်ခြေများတယ်လို့ သုံးသပ်ပါတယ်။

“ပြည်တွင်းမှာလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ ဆိုင်တဲ့ကိစ္စ လှုပ်ရှားမှုရှိတယ်။ ပြီးရင်နိုင်ငံတကာအ သိုင်းအဝိုင်းကလည်း အဲဒါကိုတိုက်တွန်းနေတယ်။ တိုက်တွန်းနေတဲ့အချိန်မှာ တရုတ်ကလည်း ကြားဝင်ပြီးတော့ လုပ်လာတယ်။ အာဆီယံကလည်း ဒါမျိုးဟာတွေထပ်ပြီး တွန်းပို့တာတွေ ဖြစ် လာတယ်။ အထူးသဖြင့် အာဆီယံရဲ့ပြောဆိုမှုက ရွေးကောက်ပွဲကို ဦးစားမပေးဘဲ တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်ခတ်ရပ်စဲရေးကို ဦးစားပေးဖို့ဆိုတာ သူတို့ပြောထားတာ ကျွန်တော်တို့သိရတယ်။ အဲဒီဟာက ပိုပြီးတော့ ဖြစ်လာနိုင်ခြေများတယ်လို့ ကျွန်တော်တို့မှန်းလို့ရတယ်ခင်ဗျ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းအားလုံးကို တိုက်ခိုက်မှုတွေရပ်တန့်ဖို့ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေက တောင်းဆိုထားပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုဖို့ စစ်ကောင်စီကို တိုက်တွန်းထားတာပါ။

စစ်ကောင်စီကလည်း အရေးနိမ့်မှုတွေ ရင်ဆိုင်နေရချိန်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မကြာခဏဖိတ်ခေါ်နေပြီး တော်လှန်ရေးအဖွဲ့တွေကို လက်နက်စွန့်ခိုင်းကာ နိုင်ငံရေးဆွေးနွေးဖို့ အထက်စီးက ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ စိုးမိုးနယ်မြေများစွာ လက်လွှတ်ထားရတဲ့ စစ်ကောင်စီအနေနဲ့ ကိုးကန့်တပ် MNDAA နဲ့သာ ယာယီ အပစ်ခတ်ရပ်တန့်ထားနိုင်ပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိုးစစ်တွေကို ဆက်လက်ရင်ဆိုင်နေရပါတယ်။

Most read this week

January 22, 2025
နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေချိန် စစ်ကောင်စီက...
January 21, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက...
January 21, 2025
မင်းဘူး ရွှေစက်တော်ဘုရား ဖွင့်ဖို့အတွက် စျေးသည်တွေကို စစ်ကောင်စီ ဖိအားပေးခိုင်းစေတာတွေ...
January 20, 2025
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။...