ချင်းစည်းလုံးညီညွတ်ရေးကို အလေးထားရန် MDF နှင့် CDF – Kanpetlet ထံ ချင်းလဲန်းကောင်စီဥက္ကဌ စာပေးပို့၊ စာနှင့်လက်တွေ့ ကိုက်ညီမှုမရှိဟု MDF တုန့်ပြန်

ချင်းစည်းလုံးညီညွတ်ရေးကို အလေးထားရန် MDF နှင့် CDF – Kanpetlet ထံ ချင်းလဲန်းကောင်စီဥက္ကဌ စာပေးပို့၊ စာနှင့်လက်တွေ့ ကိုက်ညီမှုမရှိဟု MDF တုန့်ပြန်

ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားရန် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် Maraland Defense Force (MDF) နှင့် CDF - Kanpetlet တပ်ဖွဲ့များထံ ချင်းလဲန်းကောင်စီ ဥက္ကဌက မေတ္တာရပ်ခံစာ ပေးပို့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်က ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် ချင်းကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့၏ စစ်ဦးစီးချုပ်ထံသို့ ချင်းလဲန်းကောင်စီ ဥက္ကဌလည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး CNF ၏ ဥက္ကဌလည်းဖြစ်သူ ပူးဇင်ကျုံးက ပေးပို့ခဲခြင်းဖြစ်ပါသည်။

ယင်းစာကို ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီ ဥက္ကဌကိုလည်း လိပ်မူထားပြီး တခြား ချင်းညီနောင်အဖွဲ့ဝင်များကိုမူ ပေးပို့ခြင်းမရှိကြောင်း သိရသည်။

ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့များ၏ ကြားဝင်ဖြေရှင်းမှုများ ဆောင်ရွက်နေချိန်မှာ ချင်းလူမျိုးအချင်းချင်းကြား မလိုလားအပ်သော သွေးထွက်သံယိုမှု၊ စစ်ရေးတိုက်ခိုက်မှုများကို အဖွဲ့အသီးသီးမှ သတိထားရှောင်ရှားရမည့် အချိန်ကာလဖြစ်သည်ဟု ပေးပို့စာတွင် ဖော်ပြထားသည်။

ညှိနှိုင်းပေါင်းစပ်မှု နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ကြပါရန် ချင်းလဲန်းကောင်စီ ဥက္ကဌက မေတ္တာရပ်ခံထားကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်နှင့် မရာဒေသတွင် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြားတွင် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း၊ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားနေသည့်အချိန်တွင် ယခုကဲ့သို့ ချင်းလဲန်းကောင်စီ ဥက္ကဌက မေတ္တာရပ်ခံစာ ပေးပို့ခြင်းဖြစ်သည်ဟု သိရသည်။

“CC မှာ ပါဝင်တဲ့ ကန်ပက်လက်ကောင်စီနဲ့ CB မှာပါဝင်တဲ့ ကန်ပက်လက်မြို့နယ်ကောင်စီဆိုပြီး ရှိကြတယ်။ ပြည်သူလူထုတွေကလည်း နှစ်ခြမ်းပုံစံဖြစ်နေကြတော့ ဒီဟာတွေကို စုစည်းတဲ့အချိန်မှာ ပထမခြေလှမ်းအနေနဲ့က ကန်ပက်လက်မြို့ထဲက ပြည်သူတွေ၊ ပြီး‌တော့ ကန်ပက်လက်မှာရှိတဲ့ တော်လှန်ရေးတွေကို တခုထဲဖြစ်အောင်ကို ကျနော်တို့အနေနဲ့ လိုလားပါတယ်ဆိုတဲ့ သဘောပါ။ တဖက်မှာလည်း ဒီလိုစုစည်းဖို့အတွက် ဆောင်ရွက်တဲ့အချိန်မှာ သွေးထွက်သံယိုမှုတွေ၊ ပဋိပက္ခတွေ၊ လက်နက်နဲ့ ဖြေရှင်းတာတွေကို မလိုလားတဲ့အတွက် ဒါတွေကို ဝိုင်းဝန်းပြီးမှ အဖြေရှာကြမယ်၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့အချိန်မှာ အင်အားတွေနဲ့ သုံးပြီး ဖြေရှင်းတာမျိုး နှစ်ဖက်စလုံးက မလုပ်ကြဖို့ ပေးပို့စာပါပဲ” ဟု ချင်းလဲန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။

၂၀၂၅ ဇန်နဝါရီလ ၇ ရက်က ချင်းလန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် ကန်ပက်လက်ကောင်စီ၏ တပ်ဖွဲ့စခန်းကို CDF - ကန်ပက်လက်က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်ထဲတွင်လည်း ကန်ပက်လက်ကောင်စီ၏ ခေါင်းဆောင်နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။

ကန်ပက်လက်မြို့တွင် ချင်းလန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် ကန်ပက်လက်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် ကန်ပက်လက်မြို့နယ်ကောင်စီဟူ၍ ရှိသည်။

မတူပီမြို့နယ်၊ မရာဒေသတွင်လည်း ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် CDF - Lautu ၊ CDF - မရာ နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် Maraland Defense Force (MTC/MDF) တို့ကြား စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေကြောင်း သိရသည်။

“MDF ကို ပို့ထားတာက မရာနယ်မှာ လှုပ်ရှားတဲ့နယ်မြေထဲမှာ MDF နဲ့ CDF - လောက်တူနဲ့ကလည်း နယ်မြေကိစ္စအချို့ကြောင့် အငြင်းပွားနေတာတွေလည်းရှိတယ်။ ဒီဟာတွေ CDF - မရာနဲ့ CDF - လောက်တူက ကျနော်တို့ CC မှာ ပါဝင်တဲ့အဖွဲ့တွေဖြစ်တယ်။ တဖက် MDF က CB မှာ ပါတဲ့အဖွဲ့ဖြစ်တယ်။ ဒီပဋိပက္ခတွေကြားထဲမှာ ဖြေရှင်းဆောင်ရွက်တဲ့အချိန်မှာ ကန်ပက်လက်လိုဟာမျိုးပဲ လက်နက်ကိုင်ပြီးတော့ ဖြေရှင်းတာမျိုး မလုပ်ပဲနဲ့ အတတ်နိုင်ဆုံး စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့၊ အလားတူ ကန်ပက်လက်လိုပဲ မေတ္တာရပ်ခံထားတာပါ” ဟု ချင်းလဲန်းကောင်စီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။

ချင်းလဲန်းကောင်စီ ဥက္ကဌ၏ မေတ္တာရပ်ခံစာသည် MTC/ MDF ၏ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးထံသို့ ပေးပို့ခြင်းမရှိဘဲ စစ်ရေးဌာနမှ စစ်ဦးစီချုပ်ထံ ပေးပို့ခြင်းက MTC/ MDF ကို အသိအမှတ်မပြုခြင်းဖြစ်ကြောင်း MTC/ MDF အထွေထွေအတွင်းရေးမှူး Paw Sila က ပြောသည်။

“အဲဒီစာက MDF ကို အသိအမှတ်မပြုတဲ့အနေနဲ့ ကျနော်တို့ မြင်ရပါတယ်။ အဲဒါကြောင့် MTC/MDF ကို အသိအမှတ်မပြုတဲ့စာကို အကြောင်းပြန်ဖို့ မရှိပါဘူး။ ဒုတိယအနေနဲ့ကြည့်ရင် စစ်ရေးဘက်ကိုမလုပ်ဖို့ ဖြစ်ပါတယ်။ ဒါဆို ဘာဖြစ်လို့ ချင်းလဲန်းကောင်စီက တပ်တွေကို မရာဒေသကို လာပို့တာလဲ။ ဘာလို့ စစ်ဆင်ရေး လာလုပ်နေတာလဲ။ လက်နက်အပြည့်အစုံနဲ့ ဘာလို့ လာနေတာလဲ။ အဲဒါကို မလာဘူးဆိုရင် စစ်ရေးဖော်ဆောင်စရာအကြောင်းလည်း မရှိပါဘူး။ ပြသနာဖြစ်စရာအကြောင်းလည်း မရှိပါဘူး။ သူတို့တပ်တွေကို ရုတ်သိမ်းလိုက်ရင် ပြီးတဲ့ဟာကို သူတို့က ဒရုန်းရော၊ လက်နက်အပြည့်အစုံနဲ့ လာတိုက်နေတော့ ကျနော်တို့က ခံနေရမှာလား။ အဲဒါကြောင့် ကျနော်တို့ စစ်ရေးဘက်ကို လုံးဝ မပြုချင်လို့ ကျနော်တို့က အမြဲတမ်း ထိန်းနေရတာဖြစ်ပါတယ်။ အလကားသေလို့မရလို့သာ ခုခံကာကွယ်တဲ့အနေနဲ့ ဒီလိုအခြေအနေ ရောက်နေတာဖြစ်ပါတယ်။ အခုလည်း သေနတ်သံတွေ ကြားနေရတဲ့အချိန် ဖြစ်တယ်။ စာနဲ့လက်တွေ့က လုံးဝ ကိုက်ညီမှုမရှိဘူးလို့ပဲ ကျနော်တို့ မြင်ပါတယ်” ဟု MTC/ MDF အထွေထွေအတွင်းရေးမှူး Paw Sila က ပြောသည်။

ကန်ပက်လက်နှင့်  မရာဒေသက ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား ပြေလည်မှုရရှိနိုင်ရေးအတွက် Third Party အရပ်ဖက်အဖွဲ့အစည်းများက ကြားဝင်ညှိနှိုင်းမှုများလည်းရှိကြောင်း သိရသည်။

Most read this week

January 22, 2025
စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို...
January 21, 2025
NUG က ချင်းလဲန်းကောင်စီ (Chinland Council) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC...
January 20, 2025
စမီးမြို့မြင်ကွင်း။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်း၊...
January 20, 2025
ချင်းတော်လှန်ရေးတပ်ဖွဲ့ နှစ်ခုက တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို စတင်တော့မည်ဟု ကြေညာသောကြောင့်...