စစ်ကောင်စီထံ ထိုင်းလွှဲလိုက်သည့် မြန်မာ ၂၀၀ နီးပါး စစ်သားစုဆောင်းခံရမည့်အန္တရာယ်ရှိ

စစ်ကောင်စီထံ ထိုင်းလွှဲလိုက်သည့် မြန်မာ ၂၀၀ နီးပါး စစ်သားစုဆောင်းခံရမည့်အန္တရာယ်ရှိ

ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက စစ်ကောင်စီထံလွှဲပြောင်းပေးလိုက်သည့် မြန်မာနိုင်ငံသား ၁၈၆ ဦးအနက် စစ်မှုထမ်းသတ်မှတ်ချက်အတွင်း အကျုံးဝင်သူများ စစ်သားစုဆောင်းခံရမည့်အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်)က ထိုင်းနိုင်ငံ၊ ရနောင်းမြို့ ဖန်တလားလူဝင်မှုကြီးကြပ်ရေးရုံးအချုပ်မှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ ၁၈၆ ဦးကို ရနောင်းမြို့ စူလ်ကာကော်လှေဆိပ်မှတဆင့် ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ရှိ စင်တာတခုသို့ ပို့ဆောင်ထားပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးနေကြောင်း သိရသည်။

“ကော့သောင်းမှာကတည်းက စစ်သားလုပ်ပေးဖို့အတွက် သုံးနှစ် အာမခံလက်မှတ်ထိုးထားပေးရပါတယ်။ အိမ်နဲ့မိသားစုနဲ့လည်း အဆက်အသွယ် မပေးလုပ်ဘူး။ သတ်မှတ်ချက်ပြည့်မှီသူတွေကို မြိတ်က လေ့ကျင့်ရေးသင်တန်းကျောင်းကို ပို့မယ်လို့ သိရပါတယ်။ လက်ရှိက အကုန်လုံးကိုအရင် ခေါ်သွားတာပါ။ ပြီးမှအသက်၊ အမည်၊ နေရပ်ပေါ့ စသဖြင့်စစ်ဆေးပြီးရင် ရွေးထုတ်မှာပါ။ မြိတ်စစ်သားလေ့ကျင့်ရေးစခန်းကတဆင့် ဘယ်ကိုထပ်ပို့သလဲတော့ မသိရပါဘူး”ဟု လွှဲပြောင်းခံရသူများနှင့် နီးစပ်သော ဒေသခံသတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ပြန်လွှဲပေးခဲ့သည့် မြန်မာ ၁၈၆ ဦးသတင်းနှင့်ပတ်သက်၍ စစ်ကောင်စီကသတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ ၎င်းတို့အနက် မည်မျှစစ်သားစုဆောင်းခံမည်ဆိုသည်ကိုမူ မသိရသေးဘဲ အားလုံးအတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

“မနေ့က အမျိုးသားချည်းပဲ များတာမို့ အတော်များများ ပါနိုင်ပါတယ်။ အတိအကျ ဘယ်လောက်ပါမလဲဆိုတာကို မသိရသေးဘူး” ဟု ကော့သောင်းဒေသခံတဦးက ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ နေရပ်ပြန်ပို့ခံသည့် မြန်မာနိုင်ငံသားများအား စစ်ကောင်စီမှ စစ်သားလေ့ကျင့်ရေးစခန်းသို့မပို့ခင် စင်တာတခုတွင် ထိန်းသိမ်းထားလေ့ရှိပြီး မိသားစုဝင်များအနေဖြင့် မြို့နယ်ထွေအုပ်ရုံးမှတဆင့် ချိတ်ဆက်ကာ ပိုက်ဆံပေးထုတ်ပေးသည့် လမ်းကြောင်းလည်းရှိကြောင်း သိရသည်။

စစ်မှုမထမ်းလိုသူများအား ပိုက်ဆံပေးပြီး ပြန်လည်ရွေးထုတ်ရန် ပွဲစားလမ်းကြောင်းသည် သြဂုတ်လတွင် တဦးကို ဘတ် ၆,၀၀၀ (ရှစ်သိန်းကျပ်နီးပါး) မှ ဘတ် ၁၅,၀၀၀ (၂၀သိန်းကျပ်နီးပါး)ခန့်အထိပေါက်ဈေးရှိသော်လည်း ယခုအခါ ဘတ် ၅၀,၀၀၀ (၆၇သိန်း ကျပ်နီးပါး) အထိ ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့တွင်လည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် ရနောင်း- ကော့သောင်းလမ်းကြောင်းမှတဆင့် မြန်မာပြည်ဘက်သို့ ပြန်လည်ပို့ဆောင်ခံရကာ စစ်ကောင်စီ၏ စစ်သားအဖြစ် စုဆောင်းခံလိုက်ရသည့် အသက် ၁၆နှစ်မှ ၃၃ နှစ်ကြား အမျိုးသား ၂၇ ဦးသည် ပုလောမြို့နယ်အတွင်း စက်လှေဖြင့် လိုက်ပါလာစဉ် စစ်ကောင်စီတပ်သားနှစ်ဦးကို ပစ်ခတ်ပြီး ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ(၄) နယ်မြေထံသို့ ထွက်ပြေးခိုလှုံခဲ့ဖူးသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံမှ လူငယ်အများစုသည် စစ်မှုထမ်းတိမ်းရှောင်ရန် အနီးဆုံးဖြစ်သည့် ထိုင်းနိုင်ငံသို့ တရားဝင်ရော၊ တရားမဝင်လမ်းကြောင်းမှတဆင့် နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ခွာကြသော်လည်း ထိုင်းနိုင်ငံတွင်းဖမ်းမိကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရချိန်တွင်လည်း စစ်သားစုဆောင်းခံရမည့် အန္တရာယ်ရင်ဆိုင်နေရသည်။

စစ်ကောင်စီသည် ပြည်တွင်းရှိလူငယ်များကိုလည်း အဓမ္မဖမ်းဆီး၍ စစ်သားစုဆောင်းနေကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။ စစ်သားစုဆောင်းခံရပြီး သင်တန်းတက်ရောက်နေသူအချို့ သင်တန်းမှ ထွက်ပြေးတိမ်းရှောင်သည့် ဖြစ်ရပ်များလည်းရှိနေပြီး စစ်မှုထမ်းတိမ်းရှောင်သူများကို အရေးယူမည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ပြောဆိုထားသည်။

ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေး(BACS)မှ အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် “စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း” အစီရင်ခံစာတွင် စစ်မှုထမ်းအပတ်စဉ် (၁) မှ (၅) အတွင်း စစ်မှုထမ်းစုဆောင်းခံရသူ ၂၁,၀၀၀ ထက်မနည်းရှိကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း၌ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ရာ မြို့ရွာများပြမြေပုံ (မြေပုံ − SHRF)
December 20, 2024
မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရ၏ စီမံကိန်းတခုဖြစ်သော ကျောက်ဖြူ − မူဆယ် အမြန်ရထားလမ်းကို...
December 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစု၌ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ကျန်းမာရေးပြဿနာ‌...
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေးနယ်မြေတနေရာ၌ ကျင်းပသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် ပါဝင်သူများ
December 19, 2024
မွန်တော်လှန်ရေးတပ်များအားလုံးပါဝင်သည့် တခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေးကို အကောင်ထည်ဖော်ရန်...
December 18, 2024
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာနှင့် နတ်ကြီးကျေးရွာတို့ကို...