စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် လွိုင်ကော်၊ နိုးကိုးဒေသခံနဲ့ စစ်ဘေးရှောင်တွေ တိမ်းရှောင်နေရ

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် လွိုင်ကော်၊ နိုးကိုးဒေသခံနဲ့ စစ်ဘေးရှောင်တွေ တိမ်းရှောင်နေရ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းက နိုးကိုးကျေးရွာအုပ်စုအတွင်းမှာနေထိုင်တဲ့ ကျေးရွာခံတွေအပြင် အဲ့ဒီအုပ်စုအတွင်းကို စစ်ဘေးရှောင်လာသူတွေဟာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် လုံခြုံရေးအရ ရွေ့ပြောင်းတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ တတိယပတ်ကစပြီး စစ်ဘေးရှောင်တွေဟာ ဘေးကင်းလုံခြုံမယ်လို့ယူဆကြတဲ့ နေရာတွေကို ရွေ့ပြောင်းကြတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားရှိရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှု ပြုလုပ်မှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

“ဘယ်လိုကြားထားလဲဆိုတော့ သူတို့(စစ်ကောင်စီ) စစ်ကြောင်းထိုးမှာပေါ့နော်။ ဒီးမော့ဆို ဒါမှမဟုတ်ရင် မိုးဗြဲပေါ့၊ မိုးဗြဲဖက်ကနေလာခဲ့ရင်တော့ အဲ့ဖက်တကြောက (မိုးဗြဲ – ဒီးမော့ဆိုမြို့နယ်အတွင်းကို သွားလာတဲ့လမ်းကြောင်း) ပိတ်မိပြီပေါ့။ အဲ့လိုမျိုးဖြစ်သွားမှာစိုးလို့။ ပြီးရင်မိုးဗြဲဖက်လာမယ်ဆိုလည်း မိုးဗြဲတံတားတစ်ခုပဲ အဲ့ဖက်တစ်လမ်းပဲကျန်တဲ့ခါကျတော့ အဲ့တစ်လမ်းပဲနောက်ဆုံးဖြစ်သွားမယ်ဆိုပြီးတော့ ထွက်လာတာပေါ့နော်”လို့ လွိုင်ကော်မြို့ ၊ နိုးကိုးကျေးရွာအုပ်စု၊ သရက်ပင်ရွာမှာစစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

၁ လေးလုံးစစ်ဆင်ရေးစတင်ချိန်ကစပြီး လွိုင်ကော်မြို့တွင်းကနေ နေရပ်စွန့်ခွာထွက်ပြေးရင်း အသိမိတ်ဆွေရှိရာ သရက်ပင်ကျေးရွာမှာ ကလေးငယ်နဲ့အတူ တိမ်းရှောင်ရပြီး ယခုတဖန်ထပ်မံတိမ်းရှောင်နေကြရတယ်လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။

လက်ရှိ တိမ်းရှောင်ကြတဲ့အထဲ နိုးကိုးကျေးရွာအုပ်စုထဲက ကျေးရွာ ၈ ရွာက ကျေးရွာခံတွေအပြင် အဆိုပါကျေးရွာမှာ လာရောက်နေထိုင်တဲ့ စစ်ဘေးရှောင်တွေလည်း ပါဝင်ပါတယ်။

တိမ်းရှောင်တဲ့နေရာမှာလည်း အခြေခံအသုံးအဆောင်ပစ္စည်းတွေနဲ့ ဆန်၊ စပါး၊ အရေးကြီးပစ္စည်းတွေကို အရင်ဆုံး ရွေ့ပြောင်းနေကြတာ ရှိပါတယ်။

” သူတို့ပထမဆုံး အရေးကြီးတဲ့ပစ္စည်းတွေ ကားရှိတဲ့သူတွေအကုန်ရွှေ့ထားပေါ့နော်။ လမ်းပိတ်သွားရင်အဆင်မပြေတော့ဘူးပေါ့။ အဲ့လိုလေးကြားတဲ့ခါကျတော့ သူများတွေသယ်တာတော့ကြာပြီ စပါးများတဲ့လူတွေခါကျတော့။ ပြီးတချို့ကျတော့လည်း ရောင်းသင့်ရင်ရောင်းလိုက်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သီးနှံရိတ်သိမ်းပြီးစ ကာလဖြစ်တာကြောင့် ရိတ်သိမ်းထားတဲ့ စပါး၊ ဆန် တွေကို သိမ်းဆည်းဖို့ နေရာ လိုက်ရှာ ဌားရမ်းရတယ်လို့ ဆန်စက်ပိုင်ရှင်တွေကလည်း ပြောပါတယ်။

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့ကနေ လွိုင်ကော်သွားတဲ့လမ်းတစ်လျှောက်က ပီကင်းကောခူ ၊ ဝါရီကောခူကျေးရွာအပြင် တခြားကျေးရွာတွေလည်း တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က နိုးကိုးကျေးရွာအုပ်စုထဲကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၀နှစ်အရွယ် ကလေးငယ်အပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲမှာကို ကျေးရွာခံတွေဟာ စိုးရိတ်ထိတ်လန့်ကြပြီး တိမ်းရှောင်ကြသူလည်း ရှိပါတယ်။

Most read this week

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...