တစ်ကြော့ပြန် အိမ်စောင့်အစိုးရကို ယုံကြည်သင့်ပါသလား

တစ်ကြော့ပြန် အိမ်စောင့်အစိုးရကို ယုံကြည်သင့်ပါသလား

စစ်အာဏာသိမ်းမှု ခြောက်လပြည့်တွင် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ယာယီခေတ္တသာ ထိန်းသိမ်းခြင်းဖြစ်သည်ဟု ပြည်သူကို မျက်လှည့်ပြလိုသဖြင့် အိမ်စောင့်အစိုးရကို ဖွဲ့စည်းလိုက်ပါသည်။ ထို့ပြင် အာဏာကို ၂၀၂၃ ခုနှစ်အထိသာ ကိုင်ထားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ နှစ်ဝက်တွင် ရွေးကောက်ပွဲကျင်းပကာ အာဏာလွှဲပေးမည်ဖြစ်ကြောင်း ပြောကြားလာပါသည်။

စစ်ခေါင်းဆောင်အနေဖြင့် မည်သည့်ရည်ရွယ်ချက်ကြောင့် ထိုကဲ့သို့ လုပ်ဆောင်လာသနည်း။

- အိမ်စောင့်အစိုးရသမိုင်း

၁၉၅၈ ခုနှစ်မှာ ဒီမိုကရေစီအစိုးရက မြန်မာ့တပ်မတော်ထံ နိုင်ငံအာဏာကို လွှဲအပ်ခဲ့သည့်အတွက် ဗိုလ်ချုပ်ကြီးနေဝင်းက “အိမ်စောင့်အစိုးရ” ကို ဖွဲ့စည်းခဲ့ပါသည်။ ယင်းကဲ့သို့ အာဏာလွှဲအပ်ခြင်းသည် ဖဆပလ နှစ်ခြမ်းကွဲမှု၏ နောက်ဆက်တွဲပြဿနာဟု သာမာန်အားဖြင့် သိရှိခဲ့ကြသော် လည်း အာဏာလွှဲအပ်ခဲ့သူ ဝန်ကြီးချုပ်ဉီးနုကိုယ်တိုင်က နောက်ပိုင်းမှာရေးသားသည့်စာအရ စစ်တပ်မှ “အာဏာသိမ်းမှာ မလိုလားသည့်အတွက် ဖြစ်ကြောင်း” ထုတ်ဖော်ခဲ့သည်။ ထိုစဉ်က စစ်ခေါင်းဆောင်တစ်ချို့၏ ‘အာဏာသိမ်းမည်’ ဆိုသည့် ချိန်းခြောက်မှုလေသံများ ပြန့်ခဲ့ပါသည်။ သေချာသည်မှာ ၁၉၅၈ အိမ်စောင့်အစိုးရသည် နေဝင်း၏ အာဏာသိမ်းအစီအမံထဲက ကနေဉီးခြေလှမ်းဖြစ်ပါသည်။

- လက်ရှိအိမ်စောင့်အစိုးရ

မင်းအောင်လှိုင် ဝန်ကြီးချုပ်တာဝန်ယူမည့် လက်ရှိ အိမ်စောင့်အစိုးရသည်လည်း ၁၉၅၈ ခုနှစ် သမိုင်းဆိုးကြီးကို တစ်ကျော့ပြန်လည်စေသည့် အပေါစားမျက်လှည့်သာဖြစ်ပါမည်။ အိမ်စောင့်အစိုးရ (Caretaker Government) ကို Cambridge Dictionary က အဓိပ္ပယ်ဖွင့်ဆိုရာတွင် a government that has power for a short period of time until a new one is chosen (အစိုးရသစ်မရွေးချယ်ခင် ယာယီအာဏာကိုင်ထားသာ အစိုးရ) ဟု ဆိုသည်။ မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ရာမှာ သူမမျှောင်လင့်ခဲ့သည်အထိ လူထုတုန့်ပြန်မှုက ပြင်းထန်ခဲ့ပြီး လက်ရှိတွင်လည်း မျောက်အုန်းသီးရကဲ့သို့ ဖြစ်နေသည့်အတွက် အိမ်စောင့်အစိုးရဟု သုံးနှုန်းခြင်းဖြင့် အာဏာကို ယာယီသာ ထိမ်းသိမ်းလိုကြောင်း လူထုကယုံကြည်စေရန် လှည့်စားခြင်း သို့မဟုတ် ရေအေးတစ်ခွက် လောင်းလိုက်ခြင်းသက်သက်သာ ဖြစ်ပါသည်။

သို့သော် မည်သူကမျှ လက်ခံယုံကြည်လိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ အာဏာကို ၂ နှစ်ခွဲသာထိမ်းသိမ်းရန် ဤကဲ့သို့ ကြီးလေးသောရက်စက်မှုကို အဘယ်ကြောင့် သူလုပ်ချင်ပါမည်နည်း။ အာဏာကို ရာသက်ပန် ဆုတ်ကိုင်လိုသောကြောင့်သာလျှင်ဖြစ်ကြောင်း ထင်ရှားပါသည်။

- မင်းအောင်လှိုင်၏ လမ်းပြမြေပုံ

မင်းအောင်လှိုင်အနေဖြင့် သူ့လမ်းစဉ်အတိုင်း ဆောင်ရွက်ပါက တကယ်လည်း ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်အတွင်းမှာ ကျင်းပလိုပါလိမ့်မည်။ အနိုင်ရပါတီကို အာဏာလွှဲအပ်ပါလိမ့်မည်။ ထို့ကြောင့် ကြံ့ခိုင်ရေးပါတီနှင့် တစ်ချို့တိုင်းရင်းသားပါတီများသည် ထိုအစီအစဉ်ကို စောင့်မျှော်နေကြခြင်းဖြစ်သည်။

သို့သော် ပြသနာသည် ရွေးကောက်ပွဲရလဒ်နှင့် အစိုးရလုပ်မည့်သူကို မင်းအောင်လှိုင်က ကြိုတင်အကွက်ဆင်ပြီးသား သို့မဟုတ် ဘိသိက်ခံ (anointed) ပြီးသား ဖြစ်မည့်အချက်ဖြစ်ပါသည်။ ဖြစ်နိုင်ခြေအရှိဆုံးနည်းလမ်းသည် မင်းအောင်လှိုင်က သူကိုယ်တိုင် သမ္မတရာထူးတာဝန်ယူသည့် အခင်းအကျင်းဖြစ်ပြီး၊ ဒုတိယဖြစ်နိုင်ခြေသည် ကြံ့ခိုင်ရေးပါတီထဲက သို့မဟုတ် တိုင်းရင်းသားထဲက တစ်ဉီးဉီးကို သမ္မတလုပ်ခိုင်းသည့် နည်းလမ်းဖြစ်ပါသည်။ မည်သည့်နည်းလမ်းပဲဖြစ်ဖြစ် သူ့အနေဖြင့် အဆိုပါလမ်းပြမြေပုံအတိုင်း အနည်းဆုံး သက်တမ်း နှစ်ကြိမ်အထိ၊ တစ်နည်းအားဖြင့် ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲ၊ မင်းအောင်လှိုင် အသက် ၇၈ ပြည့်သည်အထိ၊ နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားလိုပါသည်။

- အဆုံးတိုင်တိုက်အရမည့် နောက်ဆုံးစစ်ပွဲ

အထက်ဖော်ပြသည့် အချက်များကို ခြုံငုံသုံးသပ်လျှင် မင်းအောင်လှိုင်၏ အိမ်စောင့်အစိုးရနှင့် ရွေးကောက်ပွဲကတိသည် စစ်အာဏာရှင် သက်ဆိုးရှည်စေရေး လမ်းပြမြေပုံအဆင့်ဆင့်ကို သိုးရေခြုံထားခြင်းသက်သက်သာ ဖြစ်ပါသည်။ သူသည် ၁၉၅၈ နှင့် ၁၉၆၂ ကြား နိုင်ငံရေးကစားကွက်များဖြစ်သော နေဝင်း၏ ‘အိမ်စောင့်အစိုးရ’ နှင့် ဉီးနု၏ ‘ဘာသာရေးအသုံးချသည့် နိုင်ငံရေး’ အမွေများကို ဆက်ခံထားပါသည်။ တစ်ကျော့ပြန် အသက်သွင်းထားပါသည်။

ထို့ကြောင့် မင်းအောင်လှိုင်သည် သူ့လမ်းပြမြေပုံ အကောင်ထည်ဖော်မှု အောင်မြင်သွားပါက ၂၀၂၃ ခုနှစ်အထိသာ အာဏာထိန်းရန်မဟုတ်ဘဲ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ စစ်ဖိနပ်အောက်မှာ ပြည်သူများ ခံရဉီးမှာဖြစ်ပါသည်။ တစ်နည်းအားဖြင့် မင်းအောင်လှိုင်၏ လမ်းပြမည့်ပုံသည် ပြည်သူများအတွက် မျှော်လင့်စရာ လုံးဝမရှိပေ။

ထို့ကြောင့် ပြည်သူများအနေဖြင့် နောက်ဆုံးကျည်ဆံကို ထုတ်သုံးရတော့မည်။ ဤတစ်ကြိမ်ကို နောက်ဆုံးစစ်ပွဲအဖြစ် စိတ်ပိုင်းဖြတ်ရမည်။ ကိုဗစ်အပါအဝင် ကြားမှာ မည်သည့်အခက်အခဲ ကြုံတွေ့စေကာမူ တော်လှန်ရေးအရှိန် ရပ်တန့်ခြင်းမရှိသင့်ပေ။

ဤနှစ်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တာရား လုံးဝရပ်တန့်အောင် မလုပ်ဆောင်နိုင်ပါက လူငယ်များ သွေးအေးသွားပြီး မင်းအောင်လှိုင်၏ လမ်းပြမြေပုံ အကောင်အထည်ဖော်ဆာင်မှု အောင်မြင်သွားနိုင်သည်ကို သတိချက်ရပါလိမ့်မည်။

ဆလိုင်းထောင်း

Federal Journal

Most read this week

November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...