မင်းတပ်နှင့် ဖလမ်းမြို့တွင် ချင်းညီနောင်စစ်ဆင်ရေး အောင်မြင်မှုများ ရရှိထား

မင်းတပ်နှင့် ဖလမ်းမြို့တွင် ချင်းညီနောင်စစ်ဆင်ရေး အောင်မြင်မှုများ ရရှိထား

ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့် ဖလမ်းတို့တွင် အောင်မြင်မှု အများအပြားရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်က ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ရှာဖွေမှုကို အွန်လိုင်းမှ ပြုလုပ်ရာတွင် ချင်းညီနောင်တာဝန်ရှိသူများက စစ်ဆင်ရေးအခြေအနေများကို ပြောဆိုသွားခြင်းဖြစ်သည်။

“အခုဆိုရင် ဖလမ်းမှာလည်း အောင်မြင်မှုတွေ အများကြီးရရှိထားတာ ရှိပါတယ်။ ကျနော်တို့ မင်းတပ်မှာလည်း တော်တော်လေး အောင်မြင်မှုတွေ ရရှိထားပါပြီ။ ဆိုတော့ပြည်သူလူထုအတွက်လည်း  အားတက်စရာပေါ့လေ။ တိုက်ပွဲတွင်း ဘေးထွက်ဆိုးကျိုး နည်းအောင် စီမံခန့်ခွဲတဲ့အခါမှာ တိုက်ပွဲသတင်း အောင်မြင်မှုတွေကို အချိန်နဲ့တပြေးညီ မပေးနိုင်တာ ဖြစ်ပါတယ်။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ အသက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အခါကျတော့ ဒါကိုနားလည်ပေးကြဖို့ မျှော်လင့်ပါတယ်” ဟု CDF Mindat စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေက ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့(နိုဝင်ဘာ၂၁ ရက်နေ့) က ဖလမ်းမြို့ တိုက်ပွဲတွင် လေကြောင်းပစ်ကူများ တနေကုန်နီးပါး ပေးနေခဲ့ပြီး မင်းတပ်တိုက်ပွဲတွင် ယမန်နေ့ညက တညလုံးနီးပါး ပစ်ကူတွေ တောက်လျှောက်ပေးနေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူမျိုးစုံဖြင့် စစ်ကောင်စီက ခုခံနေခြင်းဖြစ်သည်ဟု သိရသည်။

“မနေ့က ဆိုရင် ကျနော်တို့ဘက်မှာရော မင်းတပ်ဘက်မှာရော လေယာဉ်တွေ ညပိုင်းမှာ တောက်လျှောက် ပစ်နေတယ်။ ဒီမှာ ဆိုရင်လည်း မနေ့ကဆိုရင် ခေါင်းထောင်လို့ မရအောင်ကို လေယာဉ်တွေ ဝဲနေတာပေါ့လေ။ ကျနော်တို့ ကျဆုံးမှုတွေ ရှိသလို တဖက်မှာလည်း အောင်မြင်မှုတွေလည်း ရရှိနေပါတယ်” ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ဆလိုင်းတင်မီက ပြောသည်။

နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မင်းတပ်နှင့် ဖလမ်းမြို့ပေါ်က စစ်ကောင်စီ စစ်စခန်းများကို ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့ နိုဝင်ဘာလ ၂၂ ရက်အထိ၊ နှစ်ပတ်ကြာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု သိရသည်။

လက်ရှိတိုက်ပွဲများတွင် ရှေ့တန်းက ရဲဘော်များ ထိခိုက်ကျဆုံးမှုများ၊ ဒဏ်ရာရရှိမှုများ ရှိမည်ဖြစ်ပြီး ဆေးဝါးကုသမှုပိုင်း အပါအဝင် ဆက်ပြီးတာဝန်ယူရမည့်အပိုင်းများ ရှိနေမည်ဟု ချင်းညီနောင်တာဝန်ရှိသူများက ပြောသည်။

ယင်းအတွက် ဘဏ္ဍာငွေ လိုအပ်နေသလို လက်ရှိစစ်ဆင်ရေးအတွက်လည်း ငွေကြေးလိုအပ်လျက်ရှိကြောင်း သိရသည်။ ပြည်ပမှ ပြည်သူများနှင့် တနိုင်ငံလုံးရှိ ပြည်သူလူထုအနေဖြင့် ယုံကြည်စွာ မင်းတပ်နှင့် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ထောက်ပံ့ကူညီကြရန် ချင်းညီနောင်တာဝန်ရှိသူများက မေတ္တာရပ်ခံထားသည်။

Most read this week

January 24, 2025
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ လက်မှတ်ထိုးထုတ်ပြန်လိုက်သော အမိန်ကြောင့် မလေးရှားနိုင်ငံမှ...
January 22, 2025
စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို...
January 22, 2025
ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားရန် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် Maraland...
January 21, 2025
NUG က ချင်းလဲန်းကောင်စီ (Chinland Council) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC...