တရုတ်စွက်ဖက်မှုက လက်ရှိ အခြေအနေများကို ပိုမို ခက်ခဲစေမည်ဟု ABSDF ပြော

တရုတ်စွက်ဖက်မှုက လက်ရှိ အခြေအနေများကို ပိုမို ခက်ခဲစေမည်ဟု ABSDF ပြော

လူထုရဲ့ ဆန္ဒသဘောထားကို မထင်ဟပ်တဲ့ မည်သည့် စွက်ဖက်မှုမျိုးက မဆို လက်ရှိ ရှိနေသည့် အခက်အခဲများကို ပိုမိုဆိုးရွားလာစေလိမ့်မည်ဟု တရုတ်စွက်ဖက်မှုနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရာတွင် ABSDF က ပြောကြားခဲ့သည်။

နိုင်ငံတကာရောက် မိတ်ဆွေများနှင့် အွန်လိုင်း တွေ့ဆုံဆွေးနွေးမှုတစ်ခုကိုပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများကိုလည်း ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်ဦး ABSDF ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး - ၁ ရဲဘော် ကျော်ကျော်လင်းက ယခုကဲ့သို့ ပြောသည်။

ရဲဘော်ကျော်လင်းက “အဓိက ကျနော်တို့ ထောက်ပြတဲ့အချက်ကတော့ လူထုရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်မှု မရှိတဲ့ ဘယ်လိုမျိုး စွက်ဖက်မှုမဆို ဒါက အခုလက်ရှိ ဖြစ်နေတဲ့ အခက်အခဲတွေကို ပိုပြီး ကြီးထွားလာမယ်လို့ပဲ ကျနော်တို့ ယုံကြည်ပါတယ်။ နောက်တစ်ခုကတော့ အခု ဒီပဋိပက္ခအပေါ်မှာ ဘက်တစ်ဖက်ထဲကို ကျနော်တို့ ဇောင်းပေးပြီးတော့ ရပ်တည်ခြင်းဟာ ပဋိပက္ခကို ဖြေရှင်းပေးရာ မရောက်ပါဘူး။ နောက်ပြီးတော့ တကယ်တမ်း လက်ရှိ ကျနော်တို့ မြန်မာပြည်မှာ ဒီ ကျနော်တို့ တိုင်းရင်းသား ပြည်သူအားလုံး ခံစားနေရတဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းပေးနိုင်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ ဒါက အခုချက်ခြင်းလက်ငင်း ပြဿနာရဲ့ အရှိန်တန့်တာလောက်ပဲ သူတို့ လုပ်နိုင်မှာပါ။ တကယ်တမ်းကျတော့ ပြဿနာရဲ့ အရင်းခံ အကြောင်းအရင်းကို ဒီလို နည်းလမ်းတွေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ ဒါကြောင့်မို့ ဒီလိုမျိုး စွက်ဖက်မှုတွေဟာ နည်းလမ်းမှန်တဲ့ ကျနော်တို့ ကူညီမှုလို့ ကျနော်တို့ အနေနဲ့ မယူဆပါဘူးခင်ဗျာ” ဟု ပြောသည်။

လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF က နိုဝင်ဘာလ ၂၃ ရက်နေ့ အွန်လိုင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ရဲဘော် ကျော်ကျော်လင်းက ပြောသည်။

“အဓိက ရည်ရွယ်ချက်က ကျနော်တို့ ၂ ခုရှိပါတယ်။ မိတ်ဆွေတွေကို အွန်လိုင်းမှာ မကဒတ ကနေပြီးတော့ ဒီနေ့ လုပ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ ရှင်းလင်းတင်ပြတာနဲ့အတူ ဒီဖက်မှာလည်း ကျနော်တို့ မကဒတက စစ်မြေပြင်မှာ လိုအပ်နေတဲ့ ရဲဘော်တွေအတွက် လိုအပ်ချက်တွေကိုလည်း ကျနော်တို့ဆီက တင်ပြတောင်းခံတဲ့ဟာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နိုင်ငံရေးအရ ကျနော်တို့ ရှင်းလင်းတင်ပြတာလည်း ပါသလို ကျနော်တို့ လိုအပ်ချက်တွေကို ကျနော်တို့ ကူညီပံ့ပိုးပေးဖို့ တင်ပြတောင်းခံတာခင်ဗျာ။ အဓိက အဲဒါပါ။”

စစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း ရဲဘော်ကျော်ကျော်လင်းက ယခုကဲ့သို့ ဆက်ပြောသည်။

“အဓိက ကျနော်တို့ ဆွေးနွေးတာက ဒီနွေဦးတော်လှန်ရေး ပြန်စကတည်းက ကျနော်တို့ မကဒတ အနေနဲ့ ပါဝင် လာခဲ့တဲ့ အခြေအနေတွေ ကျနော်တို့ ပြန်လည်ဆွေးနွေးတင်ပြတာပါ။ အဓိကကတော့ စစ်ကြောင်းအသစ်တွေ နယ်မြေအသစ်တွေမှာ ကျနော်တို့ ရဲဘော်တွေ လှုပ်ရှားနေတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန်ဆွေးနွေး တင်ပြတာ ဖြစ်ပါတယ်။ နိုင်ငံရေး အခြေအနေဆိုလည်း ဒီဖက် NUCC တို့ ဘာတို့ စသဖြင့်အဲလိုမျိုးပေါ့ NUG နဲ့ MOU လက်မှတ်ထိုးထားတဲ့ ကိစ္စတွေ အဲဒါလည်း ပါတာပေါ့။  ABSDF ရဲ့ ပါဝင်ဆောင်ရွက် နေရတဲ့ နိုင်ငံရေး၊ စစ်ရေး လုပ်ငန်းစဉ်တွေကို ပြန်လည် မိတ်ဆက်ပေးတဲ့ သဘောပေါ့။”

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ တပ်ဦး ABSDF သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ လူထုလှုပ်ရှားမှုမှတစ်ဆင့် ပေါ်ပေါက်လာခဲ့သည့် တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း အခြားသော တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေဆဲ ဖြစ်သည်။

Most read this week

January 23, 2025
စစ်ရေး ပဋိပက္ခများကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဆုံးရှုံးမှုကို ၂၀၂၅...
January 21, 2025
မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး...
January 20, 2025
ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အယောက် ၂ သောင်းကျော်အတွက် အရေးပေါ်...
January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...