အသက် (၅)နှစ်အောက် ကရင်နီစစ်ရှောင်ကလေးငယ် (၂၀) ရာခိုင်နှုန်းခန့်သာ မူကြိုတက်ခွင့်ရ

အသက် (၅)နှစ်အောက် ကရင်နီစစ်ရှောင်ကလေးငယ် (၂၀) ရာခိုင်နှုန်းခန့်သာ မူကြိုတက်ခွင့်ရ

ကရင်နီပြည်တွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေထဲမှာ အသက် (၅) နှစ်အောက် ကလေးငယ်ဦးရေ (၁၀၀၀၀) တစ်သောင်းကျော်ရှိတဲ့အထဲက ကလေးငယ် ဦးရေ (၂၀၀၀) နှစ်ထောင်ဝန်းကျင်သာ မူလတန်းကြိုကျောင်း(မူကြို)ကို တက်ရောက်ခွင့်ရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ကရင်နီပြည်မှာ (၅) နှစ်အောက် ကလေးငယ်တွေရဲ့ မူကြိုတက်ရောက်နိုင်ခွင့်ဟာ (၂၀) ရာခိုင်နှုန်းသာ ရှိနေပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ နေထိုင်တဲ့ စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတစ်ဦးကတော့ သူတို့နေထိုင်ရာ အနီးအနားကစစ်ရှောင်စခန်းတွေအများစုဟာ လုံခြုံရေးကို စိုးရိမ်တာကြောင့် မူကြိုကျောင်းကို အနည်းငယ်သာဖွင့်ကြတယ်လို့ ပြောပါတယ်။

“ကလေးက အရမ်းငယ်တဲ့ အခါကျတော့ လေယာဉ်လာတဲ့အခါ လက်နက်ကြီးလာတဲ့အခါ ၀န်ထုတ်၀န်ပိုးတွေ ဖြစ်နိုင်တယ်။ ဆရာ၊ ဆရာမတွေလည်း ကလေးတွေကိုလိုက်ထိန်းဖို့အတွက် အခက်အခဲတွေ အများကြီးရှိနိုင်တယ်။ အဲ့လိုတွေကြောင့် တော်တော်များများက မူကြိုကျောင်းတွေကို မဖွင့်ကြဘူး” လို့ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်ကော်မတီဝင် အမျိုးသမီးပြောပါတယ်။

မူကြိုကျောင်းဟာ ကလေးတွေရဲ့ ကျောင်းပညာရေးအတွက် အဓိကအထောက်အကူတစ်ခုဖြစ်ပြီး မူကြိုတက်ရမယ့်အရွယ်မှာ မတက်ရပဲ ကျောင်းကို တိုက်ရိုက်သွားမယ်ဆိုရင် ကလေးတွေအတွက် ခက်ခဲတဲ့အပြင် ကျောင်းမှာ သင်ကြားပေးရမယ့် ဆရာ/မ တွေ အတွက်လည်း ပိုပင်ပန်းတယ်လို့ CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“ကလေးတစ်ယောက်က မူကြိုမတက်ပဲနဲ့ ကျောင်းကို တိုက်ရိုက်တက်မယ်ဆိုရင် ကလေးအတွက်လည်း ခက်ခဲမယ်။ ကျောင်းမှာ သင်ပေးရတဲ့ ဆရာဆရာမတွေ အတွက်လည်း ပင်ပန်းတယ် ” လို့ CDM ကျောင်းဆရာမ တစ်ဦးကပြောပါတယ်။

(၅) နှစ်အောက်ကလေးငယ်တစ်ဦးအတွက် အိမ်ကနေထွက်ခွာပြီး ပထမဦးဆုံး ထိတွေ့ရမယ့်အရာက မူကြိုကျောင်းဖြစ်ပြီး ဒီအရွယ်ဟာ ပုံသွင်းလို့ အကောင်းဆုံးအရွယ် ဖြစ်တယ်လို့ အဆိုပါ ကျောင်းဆရာမ ဆက်ပြောပါတယ်။

“ကလေးတစ်ယောက်က ကျောင်းနေပျော်ဖို့ဆိုရင် မူကြိုတက်ထားရမယ်။ အိမ်ကနေ ထွက်ခွာပြီး ပထမဆုံးထိတွေ့ရမယ့်နေရာက မူကြိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ မူကြိုဆရာမ တစ်ယောက်အနေနဲ့ ကလေးတွေ ပေါင်းသင်းဆက်ဆံရေး ကောင်းအောင်သင်ပေးရမယ်။ ပြီးတော့ အချင်းချင်းပေါင်းသင်းဆက်ဆံရေး တိုးတက်လာမယ်။ ညဏ်ပညာတွေ ဖွံ့ဖြိုးလာမယ်။ သင်ယူလိုစိတ်ရှိလာမယ်။ အပြောအဆို အနေအထိုင်တွေကအစ ပြောင်းလဲလာမယ်။ အဲ့ကြောင့် မူကြိုမှာဆိုရင် ပုံသွင်းလို့ အကောင်းဆုံး အချိန်ပဲ” လို့ CDM ကျောင်းဆရာမက ပြောပါတယ်။

လက်ရှိမှာတော မူကြိုကျောင်း ၂၅၀ ကျော်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဖြစ်စေ ၊ ပြည်သူများရဲ့ ကိုယ်ထူကိုယ်ထစနစ်ဖြစ်စေ ပြည်နယ်အတွင်းရှိ နေရာဒေသတစ်ချို့မှာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး လက်လှမ်းမှီဖို့ လိုအပ်ချက်များစွာ ရှိနေသေးတယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Most read this week

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...