မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းထားရှိရန် စီစဉ်

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းထားရှိရန် စီစဉ်

မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းတည်းထားရှိရန် စီစဉ်နေကြောင်း မီဇိုရမ်အစိုးရပြည်ထဲရေးဝန်ကြီးက ပြောသည်။

မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်အရေးဆောင်ရွက်နေသော High Level Committee on Indigenous Internal Displaced Persons ဥက္ကဌလည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က မိမိအသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်များ တစ်နေရာထဲ စုပေါင်းနေထိုင်နိုင်မည့် မြေနေရာများ ရှာဖွေနေဆဲဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်သတင်း LPS သတင်းက ဖော်ပြသည်။

မဏိပူရ်ပြည်နယ်ကနေ ထွက်ပြေးလာကြသော ဇိုး (ချင်း) မျိုးနွယ်စုစစ်ဘေးရှောင်များနေထိုင်ရန် မီဇိုရမ် နှင့် အာသံပြည်နယ် နယ်စပ်တွင် မြေနေရာရှာဖွေနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူများအတွက်လည်း မီဇိုရမ်ပြည်နယ် CADC ဧရိယာနယ်မြေထဲတွင် မြေနေရာရှာဖွေနေဆဲဖြစ်သည်ဟု ဖော်ပြသည်။

ထိုနည်းတူ မြန်မာနိုင်ငံက စစ်ဘေးရှောင်များအတွက်လည်း တနေရာထဲ စုပေါင်းနေထိုင်နိုင်ရေးအတွက် နယ်စပ်တစ်နေရာမှာ မြေနေရာရှာဖွေပေးနေသည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များသည် အစိုးရကစီစဉ်ပေးထားသည့် စစ်ဘေးရှောင်စခန်းများနှင့် အစိုးရအဆောက်အအုံ၊ ရပ်ရွာ အဆောက်အအုံများတွင် ပြန့်နှံ့နေထိုင်နေကြရပြီး အလှူရှင်များနှင့် အစိုးရတို့၏ ကူညီထောက်ပံ့မှုဖြင့်သာ ရပ်တည်နေကြရသည်ဟု သိရသည်။

စစ်ဘေးရှောင်များအနေဖြင့် အလှူရှင်များ၏ ကူညီထောက်ပံ့မှုတစ်ခုတည်းအပေါ်မှာ မှီခိုအားထားမနေဘဲ မိမိဘာသာ ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းများ ရှာဖွေလုပ်ကိုင်နိုင်ရေးအတွက်လည်း ရည်ရွယ်ကာ ယခုကဲ့သို့ စီစဉ်လာရခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ယခုကဲ့သို့စီစဉ်ဆောင်ရွက်ခြင်းသည် စစ်ဘေးရှောင်များကို မီဇိုရမ်ပြည်နယ်တွင် တသက်လုံးနေထိုင်နိုင်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ၎င်းတို့နိုင်ငံဒေသ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့်ကာလအတွင်း မိမိဘာသာရပ်တည်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းသာဖြစ်သည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄၃၇၈၈ ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင် ၃၃၇၆၄၊ ဘဂ်လားဒေရှ့်နိုင်ငံမှ ၂၀၁၄ ၊ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၈၀၁၀ ဦးရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

December 23, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက...
December 20, 2024
ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင်...
December 12, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့်...
December 11, 2024
ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက...