ကန်ပိုင်တည်မြို့ကို ပိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ဖွဲ့စည်းသွားမယ်လို့ မြို့ခံတွေနဲ့ တွေ့ဆုံမှုမှာ KIO တာဝန်ရှိသူတွေပြော

ကန်ပိုင်တည်မြို့ကို ပိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ဖွဲ့စည်းသွားမယ်လို့ မြို့ခံတွေနဲ့ တွေ့ဆုံမှုမှာ KIO တာဝန်ရှိသူတွေပြော

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တရုတ်နယ်စပ်က ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်တော့မယ့်ကိစ္စနဲ့ပတ်သက်ပြီး  KIO အရာရှိ တာဝန်ရှိသူတွေက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မြို့အင်္ဂါရပ်နဲ့ ပြည်သူ့စုံတဲ့ အုပ်ချုပ်ရေးစနစ်တွေဖွဲ့စည်းပြီး ယခင်အုပ်ချုပ်ခဲ့တဲ့စနစ်ထက်ကောင်းမွန်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းကာ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်တော့မှာဖြစ်တယ်လို့ ဒေသခံတွေနဲ့ တွေ့ဆုံမှုမှာ KIO အရာရှိတွေက ပြောဆိုသွားတယ်လို့ ကန်ပိုင်တည်ဒေသခံ တစ်ဦးက KNG ကို ပြောပါတယ်။

“အုပ်ချုပ်ရေးလည်ပတ်ဖို့နဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့တယ်။ အုပ်ချုပ်ရေးဆိုက်တွေလည်း အကုန်ရောက်လာပြီလို့ပြောပါတယ်။ ဒီနေ့ရဲ့ တွေ့ဆုံမှုအခြေအနေက လူထုတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အုပ်ချုပ်ဖို့ဖြစ်လာတဲ့ အခြေအနေ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ အရင်က သူတွေမဟုတ်တော့ဘူး။ ကချင်အထူးဒေသ(၁) နေရာအားလုံးကို သူတို့ အုပ်ချုပ်သွားဖို့၊ သူတို့ရဲ့ သမိုင်းတွေကို အနည်းအကျဉ်းပြောပြတယ်။ မြို့နေရာတွေကို KIA က လုယူတာမဟုတ်ဘူး။ အရင်က KIO ရဲ့ အုပ်ချုပ်ရေးနယ်မြေတွေဖြစ်တယ် ဆိုပြီးပြောသွားတယ်”လို့ ပြောပါတယ်။

KIO အရာရှိတွေနဲ့ ကန်ပိုင်တည်ဒေသခံပြည်သူတွေရဲ့ တွေ့ဆုံမှုမှာ တစ်လကျော်အတွင်းမှာပဲ KIA သိမ်းပိုက်လိုက်တဲ့ ကချင်အထူးဒေသ(၁) နေရာအားလုံးကို KIO အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်သွားတော့မှာဖြစ်တဲ့အတွက် ပြည်သူလူထုတွေ အားလုံးလက်တွဲပါဝင်ပေးကြဖို့ အဓိကပြောဆိုသွားတယ်လို့ သိရပါတယ်။

ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေလည်း အားလုံး မြို့ထဲကို ပြန်ဝင်လာကြဖို့ KIO ပြောဆိုထားတယ်လို့လည်း ဒေသခံတွေပြောပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၂၅ ရက်နေ့ကစပြီး နယ်စပ်ဒေသတွေမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူအများစုက မြို့ထဲကို ပြန်ဝင်လာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတစ်ချို့ကလည်း ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်ကတည်းက မြို့ထဲကို ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၅၀ ဝန်းကျင်အကြာ KIO/KIA အုပ်ချုပ်ရေးလက်အောက်မှာ မရှိဖူးသေးတဲ့ ကန်ပိုင်တည်မြို့ဟာ ယခင်ကလို အုပ်ချုပ်ရေး ယန္တရားတွေ ပုံမှန်လည်ပတ်လာဖို့ရန်အတွက် အချိန်ကာလတစ်ခုက စောင့်ကြည့်ရအုံးမှာဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

“သူတို့ပြောသွားတဲ့ ပုံစံကတော့ အရင်ကထက် ပိုကောင်းလာဖို့တော့ရှိတယ်။ ဘာလို့လဲဆိုတော့ အရင်က မရှိခဲ့ဖူးတဲ့ အုပ်ချုပ်ရေးစနစ်တွေလည်းပါတယ်။ ဒါပေမယ့် ပုံမှန်အတိုင်းဖြစ်ဖို့က နည်းနည်းလေး စိမ်းနေသေးတယ်လို့ ပြောလို့ရတယ်။ အဲဒါကတစ်ချက်ပေါ့လေ။ ကျနော်တို့ ဒေသကျတော့ ဒီအစိုးရနဲ့ တစ်ခါမှ မနေဖူးသေးဘူးလေနော်။ အခုက ချက်ချင်းကြီး အစိုးရအပြောင်းအလဲကြီးဖြစ်လာတယ်ဆိုတော့ ပြည်သူတွေအတွက်တော့ စောင့်ကြည့်ရအုံးမယ်လို့တော့ထင်တယ်”လို့ပြောပါတယ်။

KIO အနေနဲ့ ကန်ပိုင်တည်ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံမှုမှာ အဓိကအားဖြင့် ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ( Pat Jasan ) လုပ်ငန်းကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

KIO အစိုးရဘက်ကနေ အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်ဖို့ ပြည်သူတွေကို မြို့ထဲပြန်ဝင်လာနိုင်ပြီလို့ ဝင်ခွင့်ပေးပြီဖြစ်ပေမယ့် ဒေသခံပြည်သူတစ်ချို့က စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြပါသေးတယ်။

ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံမှုမှာ KIO နဲ့ ပြည်သူ အမေး၊ အဖြေ ပြောဆိုတာမျိုးမဟုတ်ဘဲ KIO အစိုးရဘက်ကနေ အုပ်ချုပ်ရေးယန္တရားလည်ပတ်သွားဖို့ကို တစ်ဖက်တည်း ပြောဆိုသွားတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ လည်းသုံးသပ်ပြောဆိုနေကြပါတယ်။

တရုတ်နယ်စပ် ကုန်သွယ်‌ရေးဇုန်တည်ရှိရာ ကန်ပိုင်တည်မြို့ အုပ်ချုပ်ရေးယန္တရား စတင်မယ့်ကိစ္စနဲ့ပတ်သက်ပြီး KIO,KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က မေးမြန်းဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...
December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။
December 12, 2024
ရှမ်းမြောက် (ကြူကုတ်) ပန်ဆိုင်းမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းပြုကျင့်သည့်...