တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်လွှတ်တော်တွင် ရွေးကောက်ပွဲမှတက်လာမည့် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး စုစုပေါင်း ၂၄ ဦးရှိမည်ဖြစ်သည်။
ရွေးကောက်ပွဲမှတက်လာသော လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးအနက် ၁၆ ဦးသည် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကဖြစ်ပြီး ကျန်နှစ်ဦးသည် ဇိုမီးဒီမိုကရေစီအဖွဲချူပ် (ZCD) ပါတီမှ ဦးပေါင်လွန်မင်းထန်နှင့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲချူပ် CNLD ပါတီမှ ဦးရှန်မန်းတို့ဖြစ်ကြသည်။
၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တတိယအကြိမ်လွှတ်တော်သက်တမ်း၌ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးထဲက ကိုးဦးသည် ပြည်နယ်လွှတ်တော်ကို ပထမဦးဆုံးအကြိမ် တက်ရောက်ကြမည့်သူများဖြစ်ကြောင်း သိရသည်။
အဆိုပါကိုးဦးအနက် ယခင် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဆလိုင်းမျိုးထိုက်နှင့် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဒေါ်နီဆွီးလျန်တို့သည် ပြည်နယ်လွှတ်တော်ကို ပထမဆုံးတက်ရောက်ရမည့် ကိုယ်စားလှယ်အဖြစ် ပါဝင်လာမည်ဖြစ်သည်။ ထို့ကြောင့် တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်ကို ပထမဆုံးအကြိမ်တက်ရောက်ကြမည့့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ထားမှုအခြေအနေများနှင့်ပတ်သက်၍ ၎င်းတို့၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။
ဒေါ် နီရွှေလျန် (NLD ပါတီ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“အဓိကအနေနဲ့တော့ ပညာရေးပိုင်းမှာ အရမ်းအားနည်းတော့ ကျမကိုယ်တိုင်လည်း ပညာရေးပိုင်းမှာ ၃၄ နှစ် လုပ်ကိုင်ခဲ့တဲ့သူဆိုတော့ လက်ရှိအစိုးရအနေနဲ့ ပညာရေးပိုင်းမှာ ပြောင်းလဲလိုက်တာတွေ အများကြီးရှိတယ်။ ဥပမာ - ကျောင်းဆင့်တိုးတာတွေ၊ သင်ရိုးပိုင်းတွေ၊ တိုင်းရင်းဘာသာပိုင်းတွေ ပြောင်းလဲလိုက်တဲ့ဟာတွေကို ချင်းပြည်နယ်အတွင်းမှာလည်း ထိထိရောက်ရောက်ဖြစ်အောင်လုပ်ဆောင်ချင်တယ်။ နောက်တစ်ခုက ဒီငါးနှစ်အတွင်းမှာ လမ်းတွေအများကြီး ဖောက်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် တစ်ချို့ရွာတွေက တစ်ရွာတည်းကို လမ်းကြောင်း လေးငါးခုလောက် လိုချင်တဲ့ဟာတွေရှိတယ်။ အဲဒါထက် တောင်ကြောတစ်ခုအတွက်ဆိုရင် လူအများအသုံးပြုနိုင်တဲ့ လမ်းကြောင်းတစ်ကြောင်းကိုဘဲ အနည်းဆုံး ကျောက်ခင်းအဆင့်ထိ လုပ်ပေးတာ လက်တွေ့ပိုကျတယ်လို့မြင်တယ်။ အဲဒါလည်းတွေကို ဆောင်ရွက်သွားဖို့ တွေးထားတာတော့ရှိတယ်”
ပူးရှန်မန်း (CNLD ပါတီ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“တခြားလူတွေက လွှတ်တော်အမတ်ဟောင်းတွေများတော့ ကျွန်တော်ကတော့ ချင်းပါတီအနေနဲ့ တစ်ယောက်တည်းဖြစ်တယ်။ ချင်းပါတီအနေနဲ့ လုပ်ဆောင်မယ့်ဟာနဲ့ ပြင်ဆင်မယ့်ဟာတွေ ချင်းလူမျိုးတွေရဲ့ ရပိုင်ခွင့်တွေပြန်ယူနိုင်ဖို့ အများကြီးရှိတယ်။ ကြိုပြောလို့မရသေးဘူးပေါ့။ ကျွန်တော်တို့ရဲ့ ပြည်နယ်အရေး မြေယာအရေး ပညာရေး၊ စီးပွားရေး၊ ဥပေဒေ စသဖြင့် အများကြီးပြင်ဆင်စရာနဲ့ လုပ်ဆောင်ရမယ့်ဟာတွေ ရှိတယ်"
ဦးထန်းချွမ်ဖေ (NLD ပါတီ မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“ကျွန်တော့်အနေနဲ့ လူငယ်ဖြစ်တဲ့အားလျော်စွာ လူငယ်တွေရဲ့အခန်းကဏ္ဍ ကျေးရွာတွေမှာရှိတဲ့ လူငယ်တွေလိုအပ်နေတဲ့ဟာတွေကို ကာယပိုင်းရော ညာဏပိုင်းရော အဓိက လုပ်ဆောင်သွားဖို့ရှိတယ်။ ကျွန်တော်တို့က အောက်ပြည်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အခါကျတော့ စာပေကဏ္ဍတွေခက်ခဲတယ်။ အထူးသဖြင့် ရွာတွေမှာက ဖုန်းလိုင်းမမိသေးတဲ့ ရွာတွေလည်း ရှိနေသေးတယ်။ အဲဒီမှာနေတဲ့ လူငယ်တွေအနေနဲ့ ကာယပိုင်းရော ညာဏပိုင်းရော ပြည်မနဲ့ယှဉ်ရင် အားနည်းတာလေးတွေရှိပါသေးတယ်။ အဲဒါတွေကို တက်နိုင်တဲ့ဘက်က တစ်ဖြည်းဖြည်းနဲ့ ပြင်ဆင်သွားမှာပါ”
ဆလိုင်းမျိူးထိုက် (NLD ပါတီ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“လွှတ်တော်ကိုယ်စားလှယ်ဆိုတာက အဓိကတော့ ဥပဒေပြုရေးဘဲပေါ့။ ကျန်တဲ့အပိုင်းကတော့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းမယ်။ ပြည်သူတွေကိုယ်စားလွှတ်တော်မှာ မေးခွန်းတွေမေးမယ်ဆိုတာက ကျွန်တော့်ရဲ့ အဓိကတာဝန်ပါ။ တကယ်တန်းတော့ ကျွန်တော်တို့ ချင်းပြည်နယ်တစ်ခုလုံးက မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ တိုင်းနဲ့ပြည်နယ်ထဲမှာ အလိုအပ်ဆုံးဆိုတာ အားလုံးအသိပါ။ အဲဒီထဲမှာမှ ကျွန်တော်တို့ ပလက်ဝမြို့နယ်က ချင်းပြည်နယ်ထဲမှာ ဖွံ့ဖြိုးမှု အနောက်ကျဆုံးဖြစ်တယ်။ ပြည်နယ်အတွင်းမှာရလာတဲ့ ဘတ်ဂျက်အပေါ်မှာမူတည်ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ ပြည်နယ်အစိုးရနဲ့ အတတ်နိုင်ဆုံး မျှတမှုရှိအောင်လုပ်ဆောင်မယ်။ ပလက်ဝအရေးမှာလည်း ချင်းပြည်သူတွေရော အစိုးရဘက်ရော အတတ်နိုင်ဆုံးပူးပေါင်းပြီးတော့ ကူညီဆောင်ရွက်သွားမှာပါ”
ဦးထန်သွင်းပေါင် (NLD ပါတီ တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“ကျွန်တော်အနေနဲ့ကတော့ ချင်းပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးက လိုအပ်နေသေးတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးပိုင်းကို အဓိကလုပ်ချင်တယ်။ ရွာချင်းဆက်လမ်းတွေဆိုလို့ရှိရင် အစိုးရကနေပြီးတော့ ဖွံ့ဖြိုးရေးအနေနဲ့ လမ်းတွေလုပ်ပေးတယ်။ ဒါပေမယ့် အဲဒီလမ်းတွေက အရင်တုန်းက ခြေကျင်နဲ့သွားနေကျလမ်းအတိုင်း လမ်းတာချဲ့လုပ်လိုက်တော့ လမ်းကအတက်အဆင်း တအားကြမ်းတယ်။ အဲလိုကြမ်းတဲ့နေရာတွေကို လမ်းအူကြောင်းအသစ်ချပြီးတော့မှ တစ်ရွာနဲ့တစ်ရွာ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် လုပ်ဆောင်ပေးချင်ပါတယ်။ အခုရှိတဲ့လမ်းတွေက ဂျစ်ကားလောက်ဘဲသွားလို့ရတယ်။ စိုက်းပျိုးရေးထွက်ကုန်တွေနဲ့ မြို့ကနေတင်သွင်းမယ့်ဟာတွေ သယ်ဆောင်နိုင်ဖို့ ကားကြီးတွေသွားလို့ရနိုင်တဲ့အဆင့်ထိ လိုချင်တယ်”