“ကျွန်တော့်အနေနဲ့ နိုင်တယ်/မနိုင်တယ် အဓိကမထားပါဘူး။ တိုင်းပြည်အတွက် ပိုမိုတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်ဘဲရှိတယ်”

“ကျွန်တော့်အနေနဲ့ နိုင်တယ်/မနိုင်တယ် အဓိကမထားပါဘူး။ တိုင်းပြည်အတွက် ပိုမိုတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်ဘဲရှိတယ်”

ရန်ကုန်တွင် ရွေးကောက်ပွဲဝင်မည့် ချင်းတိုင်းရင်းသား၊ ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကောလ်လျန်နှင့်အင်တာဗျူး

၂၀၁ဝ ခုနှစ်အထွေအထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသမီး ဒေါ်ကမ်ခန်းဒိမ်သည်NDF ပါတီကို ကိုယ်စားပြု၍ ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုး ရေးပါတီမှ ဦးအောင်သိန်းလင်းကို ရှုံးနိမ့်ပါသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီးဦးဆောင်သည့်ပြည်သူ့ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ်ချင်းအမျိုးသား ဦးကောလ်လျန်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

တိုင်းရင်းသားတစ်ဦးအနေဖြင့် ရန်ကုန်တွင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း အကြောင်းအရင်းနှင့်ပတ်သက်၍ ဦးကောလ်လျန်အား ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

မေး – နာမည်နဲ့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအကြောင်း အကျဉ်းလေး အရင်ဆုံးမိတ်ဆက်ပေးပါ။

ဖြေ - ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)ဖြစ်တဲ့ ရန်ကင်း၊ တောင်ဥက္ကလာပ၊ တာမွေနဲ့ သင်္ဃန်းကျွန်းမြို့နယ်များမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းဦးကောလ် လျန်ဖြစ်ပါတယ်။ ကျနော်က ဖလမ်းမြို့နယ် ရာလမ်းရွာကနေ မွေးဖွားပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ ဝိဇ္ဇာဘွဲ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ ပညာဆက်လက်သင်ကြားဖို့ ထွက်ခွာခဲ့တယ်။ အဲဒီမှာ မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့ ရရှိခဲ့ပါတယ်။ နောက်ပြီးတော့ တက္ကသိုလ် နှစ်ခုမှာ ပေါမောက္ခအနေနဲ့ ဆက်လက်ပြီး အလုပ်လုပ်ခဲ့တယ်။ နောက်ပြီး ကုလသမဂ္ဂအကြံပေးအရာရှိ အနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်လောက်မှာ မြန်မာနိုင်ငံကို ပြန်လာပြီးတော့ ၂၀၁၈ ခုနှစ်မှာ ပြည်သူ့ပါတီဝင်ခဲ့ပါတယ်။အခု ၂၀၂၀ မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြည်သူ့ပါတီကနေ ယှဉ်ပြိုင်မှာဖြစ်တယ်။

မေး - ဘယ်လိုကြောင့် ရွေးကောက်ပွဲဝင်ဖြစ်သွားတာလဲ။

ဖြေ- ရှစ်လေးလုံးရဲ့ မူဝါဒတွေနဲ့ ကိုက်ညီတယ်။ ကျွန်တော့်မူဝါဒနဲ့လည်း ကိုက်တယ်။ တိုင်းပြည်ကို နိုင်ငံတော်သစ် တည်ထောင်ဖို့ ပုံစံအသစ်ကို ပြောင်းလဲပစ်ပြီးတော့ တိုင်းပြည်ကို ဒီမိုကရေစီအစစ် ဖက်ဒရယ်ပြည်ထောင်စု အစစ်အမှန် ဖြစ်ဖို့ ကြိုးစားချင်လို့ပါ။

မေး - ချင်းလူမျိုးတစ်ယောက်အနေနဲ့ ပြည်သူ့ပါတီကနေ ရန်ကုန်မှာပြိုင်ဖြစ်ရတဲ့ အကြောင်းအရင်းသိချင်ပါတယ်။

ဖြေ - ကျွန်တော်တို့က မြန်မာနိုင်ငံ ပြည်ထောင်စု တစ်ခုလုံးမှာ ကျနော်တို့က သွားပြီးယှဉ်ပြိုင်သင့်ပါတယ် ဆိုတာ ကို နမူနာပြချင်လို့ပါ။ ချင်းပြည်နယ်နဲ့ ကလေးမြို့တစ်ခုတည်း ကျွန်တော်တို့နယ်မှ မဟုတ်ပါဘူး တခြားတိုင်းနဲ့ ပြည်နယ်မှာလည်း သွားပြီးတော့ ပြိုင်ရမှာဖြစ်တယ်။

မေး - ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ဘုံကြည်ပါသလား။

ဖြေ - ကျွန်တော့်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် နေရာဖြစ်တဲ့အတွက်ကြောင့် ရန်ကင်း၊ တောင်ဥက္ကလာပ၊ တာမွေနဲ့ သင်္ဃန်းကျွန်းမြို့နယ် လေးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်။ အဲဒီနယ်မှာ NLD အပါဝင် တခြားပါတီတွေလည်း ယှဉ်ပြိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်တယ်၊မနိုင်တယ် အဓိကမထားပါဘူး။ တိုင်းပြည်အတွက် ပိုမိုတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်ဘဲရှိတယ်။

မေး – ရွေးကောက်ပွဲနိုင်ရင် လူထုအတွက် ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ။

ဖြေ - ဟိုတယ်နဲ့ ခရီးသွား ပညာရှင်တစ်ယောက် အနေနဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကို ပိုမို တိုးတက်အောင်လို့ လုပ်ပေးချင်ပါတယ်။ အဲဒီကနေ ဝင်ငွေ ရချင်ပါတယ်။ အဲဒီဝင်ငွေတွေနဲ့ ပြည်သူပြည်သူ ပြည်သားတွေ အကုန်လုံး ကူညီပေးချင်ပါတယ်။

မေး – မဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ - ရန်ကုန်မှာရှိတဲ့ ချင်းတွေ တော်တော်များများကကျွန်တော်ကိုထောက်ခံအားပေးကြတယ်။ တချို့တွေဆိုရင် မဲဆွယ် ရန်ပုံငွေအတွက် ပိုက်ဆံထည့်တဲ့သူတွေလည်း အများကြီးရှိတယ်။ ကျနော့်ကို အားပေးတဲ့သူအားလုံးကို ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...