“ကျွန်တော်ကတော့ လှုပ်ရှားလို့ရတာ အကုန်လှုပ်ရှားနေတယ်။ အဓိကတော့ ကာတွန်းနဲ့ တော်လှန်နေတာပေါ့”

“ကျွန်တော်ကတော့ လှုပ်ရှားလို့ရတာ အကုန်လှုပ်ရှားနေတယ်။ အဓိကတော့ ကာတွန်းနဲ့ တော်လှန်နေတာပေါ့”
by -
သျှမ်းသံတော်ဆင့်

ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး

 

ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင် ပုံဖော်ခဲ့သည့် အနုပညာတရပ်ဖြစ်လေရာ လက်ရှိနိုင်ငံရေးအခြေအနေကို ပုံဖော်နိုင်သည့်ကာတွန်းမှာ လွန်စွာမလွယ်ကူသည့် အနုပညာတစ်ရပ်ဖြစ်သည်။ နိုင်ငံတခုတွင် ထိုသို့သော နိုင်ငံရေးသရော်သည့် ကာတွန်းဆရာမှာ လက်ချိုးရေလို့ရသည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးတွင် စိတ်ပါ၀င်စားမှုနည်းပါးသည့် ရှမ်းပြည်တွင်လည်း ရှားပါးသည့် နိုင်ငံရေးသရော်ကာတွန်းဆရာများအနက် ကာတွန်းဝေယံ (တောင်ကြီး) ၏ လက်ရာကို ကနေ့လူမှုကွန်ယက်တွင် လူသိများလာခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုအား ထိမိသော တစ်ကွက်ကာတွန်းများဖြင့် အဆက်မပြတ် တော်လှန်လှုပ်ရှားမှုပြုနေသည့် ကာတွန်းဝေယံ (တောင်ကြီး) သည် လက်ရှိတွင် ဘေးလွတ်ရာ၌ တိမ်းရှောင်နေရပြီဖြစ်သည်။ ထို့ကြောင့် ၎င်း၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ကိုဝေယံ လတ်တလော ဘာတွေလှုပ်ရှားနေလဲ။ 

 

ဝေယံ (တောင်ကြီး) - ကျွန်တော်ကတော့ လှုပ်ရှားလို့ရတာအကုန်လှုပ်ရှားနေတယ်။ အဓိကတော့ ကာတွန်းနဲ့ တော်လှန်နေတာပေါ့။ 

 

မေး - အာဏာသိမ်းစစ်ကောင်စီနဲ့ပတ်သက်ပြီး ရေးဆွဲတဲ့ကာတွန်းတွေအပေါ် ဘယ်လိုခံစားချက်တွေ ဘယ်လိုခံယူချက်တွေ ထည့်ထားလဲ။ 

 

ဝေယံ (တောင်ကြီး) - ခံစားချက်ကတော့ အဓိက ဒီကောင်တွေကို ကာတွန်းပညာနဲ့သရော်တာပေါ့၊ ခံယူချက်ကတော့ ဒီကောင်တွေကို ဝါဒမှိုင်းအရ၊ စိတ်ဓါတ်စစ်ဆင်ရေးအရ၊ စစ်အာဏာရှင်ကျဆုံးရေးအတွက် အဲ့လိုမျိုးခံယူချက်နဲ့ ကျနော်တို့ဆွဲနေတာပါ။ 

 

မေး - ခုလို စစ်အာဏာရှင်ဆန့်ကျင်တဲ့ ကာတွန်းတွေရေးဆွဲနေတဲ့အတွက် ဒီစစ်အာဏာသိမ်းအုပ်စုဖက်က ကိုဝေယံကို ၀ရမ်းထုတ်ထားတာမျိုး၊ နေအိမ်တွေမှာ လာရှာဖွေတာမျိုးတွေရှိခဲ့လား။

 

ဝေယံ (တောင်ကြီး) - တလောကတော့ ကျွန်တော့်ကို မန်းလေးမှာ ဖမ်းမိပြီဆိုပြီး သူတို့ဖက်က တစ်ကောင်ကောင်က မဟုတ်မမှန် သတင်းလွှင့်တာရှိတယ်။ ဖမ်း၀ရမ်းတွေဘာတွေလဲ မကြားမိသေးပါဘူး။ တိုးတိုးတိတ်တိတ် ထုတ်တာမျိုးတွေဘဲရှိမှာပေါ့။ လောလောဆယ် ကျွန်တော်က လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် သူတို့လာရှာလဲ ဘာမှမထူးပါဘူး။

 

မေး - အာဏာရှင်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး ကိုယ်ဆွဲတဲ့ကာတွန်းတွေဟာ ဒီတော်လှန်ရေးမှာ ဘယ်လောက်အတိုင်းအတာအထိ ထိရောက်လဲလို့ မြင်လဲ။ 

 

ဝေယံ (တောင်ကြီး) - ထိရောက်တယ်ဆိုတာ အဲ့လိုမျိုးပေါ့။ ပြည်သူတွေရဲ့ ကော်မန့်တွေကိုဖတ်ကြည့်ရင်တော့ ဒီကာတွန်းတွေကနေ၊ စိတ်ဓါတ်ကျနေတဲ့အချိန်မှာ motivate တစ်ခုပေးတယ်ပေါ့။ ကျွန်တော်တို့က ဒီကောင်တွေကို သရော်တာကို ဘာပဲပြောပြော ပြည်သူတွေ စိတ်ညစ်နေတဲ့အချိန် ဒီကာတွန်းလေးဖတ်လိုက်လို့ supporting လေးတစ်ခုရလိုက်ရင် ပဲအတိုင်းအတာတစ်ခုအထိ ထိရောက်တယ်လို့ ထင်တာပဲ။ 

 

မေး - ဒီအရေးတော်ပုံ အောင်မြင်ဖို့ ဘယ်အရာက အရေးကြီးဆုံးလို့ ထင်လဲ ။ 

 

ဝေယံ (တောင်ကြီး) - အရေးတော်ပုံအောင်ဖို့ အဓိက unity ပဲ။ ပြည်သူတွေအားလုံး စည်းလုံးဖို့နဲ့ စည်းစည်းလုံးလုံးနဲ့တော်လှန်ရင် ဒီကောင်တွေ ဘာလက်နက်ကြီးပဲရှိရှိ ဘာကောင်ပဲဖြစ်ဖြစ် ပြည်သူတွေဖက်က အောင်မှာပဲ။ စည်းလုံးမှုကတစ်၊ စည်းလုံးမှုကနှစ်၊ စည်းလုံးမှုက သုံးလို့ပဲမြင်ပါတယ်။ 

 

မေး - G – Z တွေရဲ့တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

 

ဝေယံ (တောင်ကြီး) - G – Z တွေရဲ့ လုပ်ရပ်တွေကို အားရတယ်၊ မျိုးဆက်အားလုံးကလဲ တတ်နိုင်တဲ့ဘက်ကနေ သူ့နေရာနဲ့သူလုပ်နေကြတာဖြစ်တဲ့ အတွက်လဲအားရပါတယ်။

 

မေး - ကိုဝေယံရဲ့ ကာတွန်းဖတ်ပရိတ်သတ်တွေကို တော်လှန်ရေး နဲ့ပတ်သက်ပြီး ဘာ ပြောချင်သေးလဲ ။ 

 

ဝေယံ (တောင်ကြီး) - စိတ်ဓါတ်မကျကြပါနဲ့၊ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ခိုင်ခိုင်မာမာ အင်စတီကျူးရှင်းတစ်ခုလုံးကို လုံး၀အမြစ်ကနေ လှန်ရမှာဖြစ်တဲ့အတွက် အချိန်ယူရမယ်။ စိတ်ဓါတ်မကျပဲ အမြဲတမ်း စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း တော်လှန်နေဖို့ အရေးကြီးတယ်။ အဲ့ဒီအတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ တော်လှန်ကြဖို့ လုံး၀ သွေးမအေးကြဖို့ အရေးကြီးတယ်လို့ ကျွန်တော်ပြောလိုပါတယ်။ 

 

အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...