မွန်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတို့က လုံခြုံရေးပေးပြီး ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ ကျေးလက်ဒေသတို့တွင်သာမက မြို့ပေါ်တွင်လည်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပေါင်၊ သထုံ၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတို့တွင် သီတင်းကျွတ်ကာလမှစပြီး အထိမ်းအမှတ်ပွဲတော်များနှင့် ဆက်စပ်ခြင်းမရှိဘဲ ဇာတ်ပွဲနှင့် တွဲဖက်ကာ လောင်းကစားဝိုင်းများ နေ့စဉ် ဖွင့်လှစ်နေသည်။
အဆိုပါ လောင်းကစားဝိုင်းများကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့၊ ပျူစောထီးနှင့် စစ်သားတို့က လုံခြုံရေးဆောင်ရွက်ပေးနေပြီး၊ လောင်းကစားဝိုင်းတစ်ဝိုင်းလျှင် ငွေကျပ် ၃ သိန်းထိ ကောက်ခံနေကြောင်း သိရသည်။
အထူးသဖြင့် အသွားအလာ စစ်ဆေးတင်းကြပ်ထားသည့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်တို့တွင် လောင်းကစားဝိုင်းဖွင့်ထားသည့်နေရာ သွားမည်ဆိုပါက ရှာဖွေစစ်ဆေးခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
“မြို့ပေါ်မှာ ရပ်ကွက်တိုင်းလိုလိုပါပဲ အလှည့်ကျလုပ်နေတယ်။ လောင်းကစားတန်းတွေကလည်း အရှည်ကြီးပဲနော်။ အစောင့်တွေ အကြပ်တွေနဲ့ ပျူစောထီးတွေနဲ့ လုံခြုံရေးပါရှိတယ်။ အခုလောလောဆယ်က ကွင်းကျောင်းရပ်၊ ဒေါ်လန်း၊ ဒေါ်ပု၊ အောင်သုခဘက်မှာရှိတယ်။ အစစ်အဆေးနဲ့တွေ့ရင် ပွဲသွားမယ်။ ဂလုပ်ဂလုပ်သွားဆွဲမယ်ပြောလိုက်ရင် ရတယ်” ဟု ၎င်းက ပြောသည်။
အလားတူ ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာထက်မနည်းတွင်လည်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တို့က လောင်းကစားဝိုင်း ကန်ထရိုက်ယူထားသည့်အဖွဲ့တို့နှင့် ပူးပေါင်းပြီး ဇာတ်ပွဲသွင်းကာ လချီကြာ လောင်းကစားဝိုင်း ဖွင့်လှစ်ထားသည်ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။
“၅ ခုလောက်ရှိနေတယ်။ ဘုရားပွဲခေါင်းစဉ်တပ်ပြီးတော့ နာမည်မရှိတဲ့ ဘုရားတွေရောပဲ လွတ်လပ်ရေးပွဲတို့၊ အထိမ်းအမှတ်ပွဲတို့ ဟိုတလောကဆို ကရင်နှစ်သစ်ကူးရောပဲ။ အကြောင်းပြပြီး ကန်ထရိုက်ယူတယ်။ ကတိုက်ရွာမှာဆို ၁ လပြည့်နေပြီ။ သက်ဆိုင်ရာကိုတော့ ဇာတ်ပွဲသွင်းတဲ့ ပါမစ်ပေးရတယ်။ နေ့ရော ညရော လုပ်တာ။ တပ်ကော၊ ရဲကော လာစောင့်ပေးတယ်။ သူတို့ကို အကောက်ပေးရတယ်” ဟု ၎င်းကပြောသည်။
အလုပ်အကိုင်ရှားပါးပြီး အဖက်အဖက်က ကြပ်တည်းနေသည့်ကာလတွင် ယခုလို လောင်းကစားဝိုင်းပြုလုပ်ရန် ခွင့်ပြုထားသည့်အပေါ် ခိုးစိုးလုယက်မှုများကိုပါ အခွင့်အရေးပေးထားသလိုဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီက ပွဲလမ်းသဘင်ကျင်းပနေခြင်းသည် အာဏာမသိမ်းခင်က ကျင်းပခဲ့သည့် သမာရိုးကျပုံစံမဟုတ်ဘဲ လောင်ကစားဝိုင်းကို အသားပေးလုပ်ဆောင်နေခြင်းသည် ပြည်သူကို စနစ်တကျ ဖျက်စီးနေခြင်းဖြစ်ကြောင်း၊ ပါဝင်ခြင်းမပြုလုပ်ရန် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးက တိုက်တွန်းထားသည်။
“ပြည်သူတွေအနေနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ လောင်းကစားတွေကို ဦးစားပေးပြီး စိတ်အလိုမလိုက်ဖို့ အနူးအညွတ် မှာချင်ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ခိုးမှု၊ လုယက်၊ ဓားပြတိုက်တာတွေ များလာတယ်။ ရိုးရိုးသားသားနေကြတဲ့ ပြည်သူတွေအတွက်က စိုးရိမ်စရာဖြစ်တယ်။ မွန်ပြည်နယ်မှာက ပွင့်ပွင့်လင်းလင်းပြောရရင် တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်မှု အားနည်းတာတွေ့ရတယ်။ ဒါဟာလည်း စစ်ကောင်စီ ပယောဂကြောင့်ပါပဲ” ဟု ၎င်းက ပြောသည်။
ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများတွင်လည်း မူးယစ်ဆေးဝါးများအပြင် တရားမဝင် ငွေတိုးချေမှုများ၊ ခိုးယူလာသည့် ဆိုင်ကယ်များ၊ ပစ္စည်းများ ရောင်းဝယ်မှု ပြုလုပ်နေကြသည်လည်း ရှိသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်အစပ်တလျှောက်ရှိ ကျေးရွာတို့တွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကလည်း ပွဲလမ်းသဘင်ကျင်းပရန် ဖိအားပေးပြီး ပွဲလမ်းသဘင်နှင့်အတူ လောင်းကစားဝိုင်းပါ တွဲဖက်ထည့်သွင်းလာမည်ကို ဒေသခံတို့က စိုးရိမ်နေကြကြောင်း သိရသည်။