အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်အနောက်ဖက်နယ်စပ် မောင်တောမြို့တွင်းသို့ စစ်ဘေးရှောင် မွတ်ဆလင်နှင့် ဟိန္ဒူများ ဝင်ရောက်ခွင့်ပြုလိုက်ပြီဟု သိရသည်။
သူတို့အား မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကို AA က ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်မှစတင်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ဝင်ရောက်လာသူများက ပြောသည်။
ပြန်လည်ဝင်ရောက်လာခဲ့သည့် ပန်းတောပြင်ကျေးရွာမှ မွတ်ဆလင်တစ်ဦးက "ကျွန်တော်တို့ ဒီလ ၂၅ ရက်နေ့ကနေ မြို့ထဲ ပြန်ဝင်ခွင့်ရပါပြီ။ အခုက ဝင်လာတဲ့သူတွေရှိနေပါတယ်။ အကုန်လုံး မဝင်သေးဘူး။ ကျန်တဲ့သူတွေလည်း ကျန်နေပါသေးတယ်” ဟု ပြောသည်။
ထိုသို့ ဝင်ခွင့်ပေးရာတွင် ယခင် အိမ်ထောင်စုစာရင်းအလိုက် ဝင်ခွင့်ပြုပေးနေသည်ဟု ဆိုသည်။
မြို့တွင်းဝင်ရောက်သည့် စစ်ဘေးရှောင်မွတ်ဆလင်တစ်ဦးက "မြို့ထဲကိုဝင်ရောက်တဲ့ မိသားစုတစ်စုဆိုရင် သူတို့ရဲ့ အိမ်ထောင်စုမှာပါတဲ့ လူဦးရေစာရင်းအတိုင်း လက်ခံပေးတယ်။ အိမ်ထောင်စုမှာ နာမည်ရှိတယ်။ မြို့ထဲဝင်တဲ့အခါ လူမပါရင်တော့ ပယ်ဖျက်ခံရတယ်။ မိသားစုမှတ်တမ်းဓါတ်ပုံတွေလည်း ရိုက်တယ်" ဟု ပြောဆိုသည်။
မောင်တောမြို့ထဲသို့ လူများကို ပြန်သွင်းရာတွင် အကြမ်းဖက်အဖွဲ့များ ပါလာနိုင်သဖြင့် လူများကို စိစစ်လက်ခံနေခြင်းဖြစ်ကြောင်း ဟိန္ဒူလူမျိုးတစ်ဦးက ပြောသည်။
“မွတ်ဆလင်တွေနဲ့ ဟိန္ဒူတွေကို မြို့တွင်းထဲသွင်းရင်း ARSA တို့လို အကြမ်းဖက်သမားတွေ ရောနှောပြီးပါလာမှာကို စိုးရိမ်နေရတယ်လို့တော့ စိစစ်မှုတွေရှိပါတယ်။ ကျန်တာက ဘာမှ ပြဿနာမရှိပါဘူး။ ဇန်နဝါရီ ၂၅ ရက်နေ့မှာမှ မွတ်ဆလင်နဲ့ ဟိန္ဒူတွေကို မြို့ဝင်ခွင့်ပြုခဲ့ကြတယ်" ဟု ပြောသည်။
မောင်တောဒေသတစ်ခုလုံးအား ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း မြို့တွင်းသို့ မဝင်ရဲဘဲဖြစ်နေကြရသည့် မွတ်ဆလင်များနှင့် ဟိန္ဒူများရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။
မောင်တောမြို့တွင်းသို့ ဝင်ရောက်ခွင့်အား မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ARSA၊ RSO၊ ARA အဖွဲ့များကြောင့် အသေးစိတ် စစ်ဆေးမှုများပြုလုပ်ပြီးမှ ဝင်ခွင့်ပေးနေသလို လိုအပ်သည့် အိမ်ထောင်စုအထောက်အထားများ ပြသပြီးမှ မြို့တွင်းဝင်ခွင့်ရရှိကြောင်း စစ်ဘေးရှောင်မွတ်ဆင်လင်များက ပြောဆိုသည်။
မြို့တွင်းဝင်းရောက်သည့် စစ်ဘေးရှောင်မွတ်ဆလင်တစ်ဦးက "မြို့ထဲကိုဝင်ရောက်တဲ့ မိသားစုတစ်စုဆိုရင် သူတို့ရဲ့အိမ်ထောင်စုမှာပါတဲ့ လူဦးရေစာရင်းအတိုင်း လက်ခံပေးတယ်။ အိမ်ထောင်စုမှာ နာမည်ရှိတယ်။ မြို့ထဲဝင်တဲ့အခါ လူမပါရင် ဘယ်နိုင်ငံရောက်နေနေ ပယ်ဖျက်ခံရတယ်။ မိသားစု မှတ်တမ်းဓါတ်ပုံတွေ ရိုက်တယ်" ဟု ပြောဆိုသည်။
မောင်တောဒေသတစ်ခုလုံးအား ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မောင်တောမြို့နယ်၌ ခရစ်ယာန်ဘာသာဝင် ၈၆ ဦး၊ ဟိန္ဒူဘာသာဝင် ၃၃၁၇ ဦး၊ ဗုဒ္ဓဘာသာ ၃၂၅၄၉ ဦး၊ အစ္စလာမ်ဘာသာဝင် ၇၃၃၄၄ ဦး၊ စုစုပေါင်း လူဦးရေ ၁၀၉၅၇၂ ဦးရှိသည်ဟု ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုများအပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။