လက်ရှိလွှတ်တော်အမတ်များ၏ ဆောင်ရွက်ချက်များကို အားမလိုအားမရဖြစ်နေသော ကယန်းတိုင်းရင်း သားတစ်ဦးသည် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် ဆုံးဖြတ်လိုက်သည်။
၎င်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ သာယာကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက်၄၂နှစ်အရွယ် ခွန်းဒီးဒီဆိုသူဖြစ်ပြီး လက်ရှိ လွှတ်တော်အမတ်များ၊ ပြည်နယ်အစိုးရများ၏ လုပ်ဆောင် ချက်များကို အားမရဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
ထို့ကြောင့် ၎င်းသည် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ် ဖယ်ခုံမဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်နေရာတွင် ကယန်းအမျိုးသားပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်သည်။
၎င်းသည်ယခင်ကလူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရာမှ ၂၀၁၈ ခုနှစ်တွင် ကယန်းအမျိုး သားပါတီကို စတင်ဝင်ရောက်ခဲ့ပြီး ယခုအခါပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးခံခြင်းဖြစ်ကြောင်း သိရသည်။
“၂၀၂၀ ရွေးကောက်ပွဲမှာ ဘာဖြစ်လို့ ကယန်းအမျိုးသားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တာလဲလို့ ပြောမယ်ဆိုလို့ ရှိရင် လက်ရှိလွှတ်တော်အမတ်တို့ နောက်ကယန်းအရေးကို လုပ်ပေးနေတဲ့ ကယန်းဝန်ကြီးတို့တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ်မှာ အားမလို အားမရတာတွေလည်းပါတယ်။ နောက်တစ်ခုကလည်း ကျနော် တို့က ကယန်းတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကယန်းအမျိုးသားနိုင်ငံရေးကို ကိုယ်တိုင်ပါဝင်ပြီး တော့မှ ထမ်းဆောင်ချင်တာလည်းပါတယ်”
ခွန်းဒီးဒီသည် ဝိဇာဘွဲ့၊ စိတ်ပညာနှင့် ကျောင်းပြီးထားပြီး ငြိမ်းချမ်းရေးနှင့် ပဋိပက္ခအသွင်ကူးပြောင်း ရေးဆိုင်ရာဒီပလိုမာရရှိထားကာ အင်္ဂလိပ်စာသင်တန်းကျောင်းများတွင် ပညာသင်ယူဖူးသူဖြစ်သည်။
၂၀၀၉ခုနှစ်မှ ၂၀၂၀ အထိ လူမှုဖွံ့ဖြိုးရေးနယ်ပယ်တွင် အချိန်များစွာလုပ်ဆောင်ခဲ့သူဖြစ်ပြီး ဆွေသဟာလူမှုဖွံ့ဖြိုး ရေးအဖွဲ့တွင် လက်ထောက်ဒါရိုက်တာ၊ မဂ္ဂင်လူမှုဖွံ့ဖြိုးရေးအဖွဲ့၏ ပရိုဂရမ်မန်နေဂျာ၊ နိုင်ငံတကာအသင်းအဖွဲ့ တစ်ခုဖြစ်သည့် အင်တာဆော့တွင် မြန်မာနိုင်ငံတာဝန်ခံ၊ အလင်းသစ်လူမှုဖွံ့ဖြိုးရေး အဖွဲ့၏ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။
လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အတွေ့အကြုံအများအပြားရှိသည့်အတွက် ဒေသ၏ဖွံ့ဖြိုးရေး၊ စည်းလုံးညီညွတ် ရေး၊ တန်းတူညီမျှရေးနှင့် ငြိမ်းချမ်းရေးကိစ္စများတွင် ဖော်ဆောင်လိုသည့်စိတ်ဆန္ဒကြောင့် ကယန်းအမျိုးသားပါတီ ဝင်အဖြစ် ၂၀၁၈ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး လာမည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှ တဆင့် ဒေသအတွက် အကျိုးပြုလိုကြောင်း ခွန်းဒီးဒီက ဆိုသည်။
ယခုရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ၎င်းကို အနီးကပ်ကူညီနေသည့် ပုဂ္ဂိုလ်များနှင့် တိုင်ပင်ဆွေးနွေးနေကာ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်ကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးများတွင် အားကစားနှင့်ကျန်းမာရေးဝန် ကြီး ဌာန၏လမ်းညွှန်ချက်အတိုင်း သတိထားလုပ် ဆောင်နေသည်ဟု ခွန်းဒီးဒီက ပြောသည်။
“ကျနော်တို့ ကျေးရွာတွေကို သွားပြီးတော့မှ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာလည်း အထူးသဖြင့် ကျန်းမာရေးဌာနကနေ သူတို့ သတ်မှတ်ထားတဲ့ ကိန်းဂဏန်းတွေနဲ့ပဲပေါ့နော်။ ဥပမာ လူ ၅၀ ထက်မ ကျော်ရဆိုတဲ့ ကိန်းဂဏန်တွေနဲ့ လူ ၂၀၊ ၃၀ နဲ့ အဓိကဖြစ်တဲ့ လူငယ်ခေါင်းဆောင်တို့၊ ရပ်မိရပ်ဖတို့၊ နောက် ပြောနိုင်ဆိုနိုင်တဲ့ ရပ်ကွက်ထဲက လူတွေနဲ့ပဲ စုပြီးတော့မှ သူတို့နဲ့ တွေ့ဆုံတယ်။ ဆွေးနွေးတယ်။ ကိုယ့်အမျိုးသားပါတီ အောင်နိုင်ရေးကိစ္စ တွေနဲ့ ပတ်သက်ပြီးတော့မှ အဲ့လိုမျိုး ဆွေးနွေးပါတယ်”
၎င်းသည် ရွေးကောက်ပွဲကတိကဝတ်အဖြစ် ကယန်းဒေသတွင်နေထိုင်သည့် ဌာနေတိုင်းရင်းသားများ၏ အခြေခံ အခွင့်အရေး အပြည့်အဝရရှိစေရေး၊ တောင်ယာကိုအဓိကလုပ်ကိုင်စားသောက်ကြသည့် ဒေသခံတောင်သူများအ တွက် အကာအကွယ်အပြည့်အဝပေးနိုင်သည့် မူဝါဒဖြစ်ပေါ်လာရေးအတွက် လွှတ်တော်မှတဆင့် တောင်းဆိုရေး ဆိုသည့် အချက်နှစ်ချက်ကို ရွေးကောက်ပွဲကတိကဝတ်အဖြစ် ပေးထားပြီး ရွေးကောက်ပွဲအနိုင်ရပါက ယင်းတို့ကို ဖော်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ကယန်းဒေသအချို့တွင် ဘိန်းစိုက်ပျိုးရေး လုပ်ကိုင်မှုများယနေ့တိုင်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ထိုဘိန်းစိုက် တောင်သူများအပေါ် ရာဇဝတ်သားအဖြစ်ရှုမြင်သည်ကို ခွန်းဒီးဒီက လိုလားခြင်းမရှိပေ။ထို့ပြင် ကယန်းအမျိုးသား ပါတီအနေဖြင့် မူဝါဒ ၁၂ရပ်ထဲတွင် ဘိန်းစိုက်တောင်သူများကိုအကာအကွယ်ပေးနိုင်သည့် ဥပဒေပေါ်ပေါက်လာ စေရန်နှင့် အကန့်အသတ်ဖြင့် တရားဝင်စိုက်ပျိုးခွင့်ပေးမည့်စနစ်ပေါ်ပေါက်လာစေရေးဟူ သောအချက်အား ထည့် သွင်းရေးဆွဲထားပြီး ခွန်းဒီးဒီအနေဖြင့် လွှတ်တော်ထဲရောက်ရှိပါက အဆိုပါမူဝါဒကို အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်ထဲသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒေသခံကယန်းလူမျိုးများ၏ ထောက်ခံမှုသည် အရေးပါကြောင်း သိရှိထားသည့်နည်းတူ ကျန်းမာရေးစည်းကမ်းချက်နှင့်အညီ လူထုတွေ့ဆုံပွဲများကိုလုပ်ဆောင်လျက်ရှိရာ ဒေသခံများ၏ထောက်ခံမှု ၇၅ရာခိုင်နှုန်းခန့်ရရှိထားပြီး ရွေးကောက်ပွဲအောင်နိုင်မည်ဖြစ်ကြောင်း ခွန်းဒီးဒီက ယုံ ကြည်လျက်ရှိသည်။
“လက်ရှိကျေးရွာတွေ ဆင်းတယ်၊။လူထုတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်လိုက်တဲ့ အခြေအနေရဲ့ ရလဒ်အရပေါ့။ ဒါတော့ လူထုထောက်ခံမှုက ၇၅ ရာခိုင်နှုန်း ရတယ်လို့ ကိုယ်ကတော့ ယူဆထားတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ တထစ်ချယုံကြည်ထားတယ်”ဟု ၎င်းကပြောသည်။
ယခု ၂၀၂၀ရွေးကောက်ပွဲတွင် ကယန်းအမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ရှိ မဲဆန္ဒနယ် တွင် ငါးနေရာ၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ မဲဆန္ဒနယ်တွင်တစ်နေရာ၊ ကယားပြည်နယ်တွင် လေးနေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၀နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီကြီးများကို ယှဉ်ပြိုင်နိုင်ရန် ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့်မဟာမိတ်ဖွဲ့ထားသည်။
၎င်းအနေဖြင့်ဖယ်ခုံမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအန်းဂျေလို၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးစိန်ကျော် လွင်၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ဒေါ်နန်းရွှေ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးမျိုးမင်းထိုက်နှင့် ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးမြင့်အောင်တို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ အင်အားကြီးပါတီနှစ်ခု ပါဝင်သည်ဟု ဆိုသော်လည်း ပြည်မကြီးမှ ပါတီများဖြစ်သဖြင့် ဒေသခံခွန်းဒီးဒီအနေဖြင့် ရွေးကောက်ပွဲတွင် နှာတစ်ဖျားသာသည့် အနေအထားတစ်ရပ်ပင်ဖြစ်သည်။
ထို့ကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခွန်းဒီးဒီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအိမ်မက် အမှန် ကယ်ဖြစ်လာမည်လားဆိုသည်မှာ နိုဝင်ဘာ ၈ရကရက်တွင် စောင့်ကြည့်ရမည်ဖြစ်ပြီး ကယန်း လူမျိုးများ၏ အခွင့်အရေးများ ဆောင်ရွက်မည့်သူတစ်ဦး လွှတ်တော်ထဲ ရောက်ရှိနိုင်မည်လားဆိုသည်မှာ မကြာခင် မြင်တွေ့ရ တော့မည်ဖြစ်သည်။