မငြိမ်းချမ်းမှုနောက်ကွယ်က လမ်းပျောက်သွားသောဘဝများ

မငြိမ်းချမ်းမှုနောက်ကွယ်က လမ်းပျောက်သွားသောဘဝများ
by -
နော်ဒွေးအယ်ခူ (KT)

“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ ငါတို့ကို လိမ်လည်လှည့်ဖျားပြီး နောက်တခါ ပြန်မောင်းထုတ်ရင် ဘယ်လိုလုပ်မလဲ သေလည်း ဒီမှာပဲသေတော့မယ် နေရင်လည်း ဒီမှာပဲနေမယ်"

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သော အဖွားဒါးမယ်က အတိတ်ကဒဏ်ရာများကြောင့် ကရင်နီပြည်ကို ပြန်မလားဟုမေးတဲ့အပေါ် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က နိုင်ငံ့အာဏာကို မတရားသိမ်းပိုက်ခဲ့ပြီးနောက် စစ်အာဏာရှင်အလိုမရှိကြောင်း တစ်နိုင်ငံလုံးကနေ လူထုအုံကြွမှု ဆန္ဒပြခဲ့ကြတယ်။

စစ်တပ်ကအာဏာသိမ်းခြင်းကို ၁၉၅၈ တွင် တစ်ကြိမ်၊ ၁၉၆၂ တွင်တစ်ကြိမ်၊ ၁၉၈၈ တွင်တစ်ကြိမ်နှင့် လက်ရှိ ၂၀၂၁ မှာတစ်ကြိမ် လေးကြိမ် တိတိ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်၏အကြမ်းဖက်နှိပ်စက်ခံရမှုကြောင့် ပဋိပက္ခဖြစ်ကာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရမှုက မြို့ပြများထက် တိုင်းရင်းသားများနေထိုင်သော ကျေးလက်တောရွာများက ပိုမိုများပါတယ်။

အဲ့ဒီထဲမှာမှ ကယားပြည်နယ်လို့ အများကခေါ်ကြတဲ့ ကရင်နီပြည်နယ်လည်း အပါအဝင်ပါပဲ။

ကရင်နီပြည်နယ်၏ အရှေ့ဖက်တွင်တည်ရှိသော ရှားတောမြို့နယ်ကို ၁၉၉၅ ခုနှစ်တွင် စားနပ်ရိက္ခဖြတ်တောက်ခြင်း၊ ဆက်သွယ်ရေးဖြတ်တောက်ခြင်း၊ သတင်းအချက်အလက်ဖြတ်တောက်ခြင်းနှင့် ဘဏ္ဍာငွေဖြတ်တောက်ခြင်းဟူ၍ ဖြတ်လေးဖြတ်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ဖူးသော မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်။

ရှားတောဒေသခံ ပြည်သူထောင်ပေါင်းများစွာက ဖြတ်လေးဖြတ်ဒဏ်အပြင် စစ်ရဲ့ဒဏ်ကို လွတ်မြောက်ရန်အတွက် သံလွင်မြစ်ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ကရင်နီ-ထိုင်းနယ်စပ်ဒေသကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လုံခြုံမှုမရှိခြင်းနဲ့အတူ ကြောက်ရွံမှုတွေနဲ့ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ ကလေးသူငယ်တွေ အများစုက လမ်းခရီးမှာ အခက်အခဲမျိုးစုံနဲ့ကျော်ဖြတ်ခဲ့ရတာပါ။

ထိုင်းနိုင်ငံရဲ့အစွန်အဖျားတစ်နေရာမှာ ယာယီခိုလှုံနေရတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) တည်ရှိတာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော် ကြာမြှင့်နေပါပြီ။

“အရင်တုန်းကပေါ့နော်။ ကျွန်မမိဘ အဖိုးအဖွားတွေက ပြည်တွင်းမှာဘဲပေါ့နော်။ အနောက်ဖက် ကမ်းဖက်ပေါ့။ ဘာလို့ သူတို့ ဒုက္ခသည်စခန်းကို ပြေးလာလည်းဆိုတော့ စစ်တပ်ကြောင့်ပေါ့နော်။ စစ်တပ်က သူတို့ကို လာနှိပ်စက်တယ်။ လာမောင်းထုတ်တယ်။ ခု သူများအိမ်လာမီးရှို့သလို မျိုးပေါ့ အဲဒီဒဏ်တွေကို မခံစားနိုင်တော့လို့ သူတို့ ပြေးတယ်။ စပြေးတုန်းကနေ ခုထိ ကျွန်မ ဒီမှာ နေတာ နှစ် နှစ်ဆယ်ရှိပြီ။ ကျွန်မတစ်ယောက်အတွက်အနေနဲ့ဆို ဟိုး...... ကျွန်မတို့ မိဘတွေတုန်းတည်းကလည်း ခံစားရပြီးပြီ။ ခုလည်း ပြည်သူတွေ ထပ်ခံစားနေကြရတယ်။ နောက်ကျရင် ဒီလိုအဖြစ်မျိုး ထပ်မတွေ့ချင်တော့ဘူး။ ဖြစ်လည်း မဖြစ်စေချင်တော့ဘူး။ သူတို့ကို ကောင်းကောင်းလေးဘဲ နေခိုင်းစေချင်တော့တယ်။ ကျွန်မတို့ ဒီမှာ လာနေတယ်ဆိုတာလည်း ဒုက္ခသည်စခန်းမှာဘဲ နေရတယ်။ ကျွန်မတို့ဒီမှာနေတာ အဆင်တော့ပြေတယ်။ အပြည့်အဝတော့ အဆင်မပြေနိုင်ဘူးလေ။ ဘာလို့လည်း ဆို ကျွန်မတို့ ဒုက္ခသည်စခန်းသားတွေဖြစ်တယ်။ အဆင်ပြေတယ်ဆိုတာက တချို့ ဝန်ဆောင်မှုတွေ အဝတ်အစားတွေလောက်ဘဲ အဆင်ပြေပါတယ်” ဟု ဒုက္ခသည်စခန်းမှာ မိဘနဲ့အတူနေထိုင်တဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကီးမယ်က ပြောပါတယ်။

စစ်တပ်၏နှိပ်စက်မှုဒဏ်များကြောင့် မိဘ အဖိုးအဖွားတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို၊ ဒုက္ခသည်ဖြစ်ခြင်းကြောင့် ခက်ခဲကြောင်း ကရင်နီဒုက္ခသည်စခန်းက လူငယ်တွေက ပြောဆိုကြပါတယ်။

“ကျွန်မတို့ဒီမှာဘဲ မွေးတယ်ပေါ့နော်။ ကျွန်မတို့ဒီမှာနေထိုင်ရတာ ပိုအဆင်ပြေတယ်။ ကျွန်မတို့ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ ဟိုးပညာရေးထိပေါ့နော်။ကျွန်မတို့ အခွင့်အရေးအများကြီးပိုရတယ်။ ကျွန်မ တို့ အဆုံးထိ ကျောင်းတက်ရတယ်။ ပြည်တွင်းကလူတွေဆို ကျွန်မတို့လို ကျောင်းအဆုံးထိတက်ရဖို့ အခွင့်အရေးသိပ်မရှိဘူး။ ဆိုတော့ ကျွန်မတို့ဒီမှာနေတာ အခွင့်အရေး၊ ပညာရေး၊ သွားလာခွင့်စတဲ့ အခွင့်အရေးတွေ သူများထက် ပိုအဆင်ပြေတယ်လို့ထင်တယ်။ နေထိုင်စားသောက်မှုတွေ သူများပေးတယ်။စောင့်ရှောက်ပေးတယ်။ ဘာလို့လည်းဆို ကျွန်မတို့ကဆင်းရဲတယ်။ ဒုက္ခသည် တွေဖြစ်လို့ သူများတွေ ကျွန်မတို့ကို ကောင်းတဲ့ စောင့်ရှောက်မှုတွေ ပေးတယ်ပေါ့နော်" လို့ လူငယ်တစ်ဦးဖြစ်တဲ့ နိုမယ်က ပြောပါတယ်။

အလှူရှင်ကနေတဆင့် စခန်းကော်မတီကနေ ဝန်ဆောင်မှုပေးတဲ ဆန်၊ ဆီ၊ ငရုပ် စတဲ့မီးဖိုချောင်သုံး စားသောက်ကုန် တစ်နိုင်တစ်ပိုင်နဲ့ လည်ပတ်စားသုံးနေရတယ်ဆိုပေမယ့် လုံလောက်တာတော့ မဟုတ်ပါဘူး။

“ကျွန်မတို့စခန်းထဲမှာဆိုလို့ရှိရင်တော့ အလှူရှင်ရဲ့ပေးတဲ့ဟာနဲ့ပဲ မှီခိုနေရတဲ့ ကျမတို့စခန်းသူစခန်းသားတွေလည်း အများကြီးရှိတယ်ပေါ့။ ဆိုတော့ သူတို့အတွက် အဲ့ဒါက ဝန်ဆောင်မှုပေါ့နော်။ ဝန်ဆောင်မှုတွေ လုံလောက်တယ်လို့တော့မဟုတ်ဘူး ဒါပေမယ့် ကျွန်မတို့အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ကတော့ ကျွန်မတို့မှာရှိနေသေးတယ်ပေါ့။ အစာငတ်ခံပြီး တော့ အဲ့လိုမျိုးနေတဲ့ အဆင့်ထိတော့မဟုတ်သေးဘူး။ ဒါပေမယ့် လုံလုံလောက်လောက်ဆိုတာ ကျမတို့မရရှိဘူးပေါ့" လို့ ကရင်နီဒုက္ခသည်စခန်းဥက္ကဋ္ဌ မိုးဘူးက လက်ရှိအခြေအနေကို ပြောဆိုပါတယ်။

လက်ရှိ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) တွင် လူဦးရေ ရှစ်ထောင်ကျော်သာကျန်ရှိပြီး တတိယနိုင်ငံများသည့် အမေရိကန်၊ ဩစေတးလျ၊ ကနေဒါ၊ ဖင်လန်၊ နယူးဇီလန်၊ ဆွီဒင် စတဲ့နိုင်ငံများ၌ UN အစီအစဉ်ကနေတဆင့် သွားရောက်ခိုလှုံခွင့်ရတဲ့ ကရင်နီလူမျိုး တစ်သောင်းငါးထောင်ခန့် ရှိပါတယ်။

ယခုအခါ ဒုက္ခသည်စခန်းတွင် အလှူရှင်များလျောနည်းလာပြီး ရေရှည်နေထိုင်စားသောက်ရန် အဆင်မပြေသောကြောင့် ပြည်ပနိုင်ငံကိုထွက်ခွာတဲ့ ကရင်နီလူမျိုးတွေ အများအပြားရှိလာခဲ့ပါတယ်။

“ကျွန်မတို့ ဒီမှာနေတာကလည်း နှစ်ပေါင်းတော်တော်ကြာပြီပေါ့။ နှစ်ပေါင်း ၂၀ ကျော်ပြီဆိုတော့ အလှူရှင်ရဲ့ပေးကမ်းတဲ့ဟာလည်း လျော့လာတယ်ပေါ့နော်” ဟု စခန်းဥက္ကဌ မိုးဘူးကပြောပါတယ်။

ဒုက္ခသည်စခန်းတွင် အဆင်မပြေမှုပေါင်းစုံရှိနေပြီး ပြည်နယ်အတွင်းတွင်လည်း ပိုမိုဆိုးရွားနေပါတယ်။

စစ်အာဏာသိမ်းပြီး ရက်ပိုင်း ၁၀၀ ကျော်အတွင်း ကရင်နီပြည်တွင်း ဒီမော့ဆိုမြို့နယ်၌ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုဒဏ်ကို မခံနိုင်သဖြင့် ရရာလက်နက်စွဲကိုင်တော်လှန်မည့် ပြည်သူ့ကာကွယ်ရေးတပ် မေ ၂၁ ရက်တွင် စတင်ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ် ထွက်ပေါ်လာပြီးနောက် တိုက်ပွဲများဖြစ်ပွားပြီး ရက် ၂၀ ကျော်အတွင်းမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို မွှေနှောက်ရှာဖွေမှုကြောင့် ပြည်သူ့နေအိမ်တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်း စစ်တပ်၏အကြောင်းမဲ့ ပစ်ခတ်မှုနှင့် လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ ၈၀ နီးပါးရှိနေသလို ဖမ်းဆီးခံရတဲ့ပြည်သူ ၁၀၀ ကျော် ရှိနေပါပြီ။

ထို့ပြင် ကရင်နီပြည်နယ်အတွင်း၊ မိုးဗြဲမြို့နှင့် နယ်စပ်များတွင် တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသော ပြည်သူတစ်သိန်းကျော်ရှိနေပြီး ၎င်းတို့အနေဖြင့် နေရာစရာ၊ စားနပ်ရိက္ခာနှင့်ဆေးဝါး လိုအပ်နေမှုများနှင့် ကြုံတွေ့နေရပြီဖြစ်ပါတယ်။

နေရပ်ကိုပြန်လည်ထူထောင်ရန် အဖက်ဖက်က လိုအပ်ချက်များရှိနေသည့်အချိန်တွင် အာဏာသိမ်းမှု၏ နောက်ဆက်တွက် ထပ်မံဖြစ်လာသည့် တိုက်ပွဲများကြောင့် ကရင်နီဒုက္ခသည်စခန်းထဲက နေထိုင်သူများ နေရပ်ပြန်မည့်ကိစ္စက လမ်းပျောက်နေဆဲဖြစ်ပြီး မည်သူမှလည်း နေရပ်ပြန်ရန် စဉ်းစား မည်မဟုတ်ပေ။

တစ်ချိန်တစ်ခါက စစ်ဘေးကြောင့် နှိပ်စက်ခံရခြင်း၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရခြင်း စသည့်စက်ဆုတ်ဖွယ်ကိစ္စများက ကရင်နီ စစ်ဘေးရှောင်များ၏ စိတ်တွင် နှစ်ပေါင်းမျာစွာ အကြောက်တရားနဲ့အတူ စိတ်ဒဏ်ရာက စွဲထင်ကျန်နေဆဲဖြစ်ပါတယ်။

မိမိနေရပ်တွင် အေးချမ်းစွာလုပ်ကိုင်စားသောက်ခွင့်ရရေး၊ နေစရာများ၊ အသက်အန္တရာယ်လုံခြုံရေး၊ နိုင်ငံသားအသိအမှတ်ပြုတဲ့မှတ်ပုံတင် စတဲ့အခြေခံလူနေမှုဘဝက ပြန်လည် ရရှိရန်မှာ  အလှမ်းဝေးနေဆဲဖြစ်ပါတယ်။

ထို့ကြောင့် စစ်ဘေးရှာင်များအနေဖြင့် ဒုက္ခသည်စခန်းတွင် နေထိုင်ရသည်မှာခက်ခဲပြီး အလှူရှင်များ ထောက်ပံ့ပေး သော စားနပ်ရိက္ခာများက မငတ်ရုံတမယ်ရရှိသော်လည်း ဆက်လက်နေထိုင်နေကြခြင်း ဖြစ်ပါ တယ်။

“ဒီမှာက သူများတွေ ကျွေးမွေးထားတော့ ပိုကောင်းတာပေါ့။ ဟို့ဖက်မှာနေတာ အရမ်းကြောက်နေ ရတယ်။ တောထဲမှာဘဲ သွားအိပ်နေရတာ မအိပ်နိုင်တော့ဘူး။ စစ်သားတွေ ကိုကြောက်နေရတယ် ။ သူတို့တွေ့ရင် သူတို့ခေါ်တယ်။ သတ်တယ်။ ဒီမှာရောက်တော့ အေးချမ်းသွားပြီလို့..အဲလို ထင်တယ်။ အခုက ရွာမှာအဲလိုပြန်ဖြစ်နေတယ်ပြောတော့ စစ်ဒီထိပြန်ရောက်လာမလားဆိုပြီးတွေးပူနေရတယ်" လို့ အဖွား ဒါးမယ်က ပြောဆိုလိုက်ပါတယ်။

သို့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်း တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာကို ကြားသိရပြီး သူနေတဲ့ ဒုက္ခသည်စခန်းအထိ ရောက်လာမှာကို စစ်ဘေးကြောင့် နေရပ်အိုးအိမ် စွန့်ခွာထွက်ပြေးလာခဲ့ရတဲ့ အဖွားဒါးမယ်က တွေးပူနေရတုန်းပဲ ဖြစ်ပါတော့တယ်။

Most read this week

June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...
January 17, 2021
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် အစိုးရအာဏာရရှိခဲ့သည်မှာ ငါးနှစ်ပြည့်ရန်...