လာမည့် အစိုးရသက်တမ်းတွင် ဖားကန့်ဒေသမှာ သွေးညှီနံ့များ လွင့်ပျယ်နိုင်မလား

လာမည့် အစိုးရသက်တမ်းတွင် ဖားကန့်ဒေသမှာ သွေးညှီနံ့များ လွင့်ပျယ်နိုင်မလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် အစိုးရအာဏာရရှိခဲ့သည်မှာ ငါးနှစ်ပြည့်ရန် လပိုင်းသာလိုတော့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် NLD သည်၂၀၁၆ ဧပြီလမှာ နိုင်ငံတော်အာဏာကို လက်ခံရယူခဲ့ပြီး နိုင်ငံတာဝန်များ ထမ်းဆောင်လာသည်မှာ ပထမငါးနှစ်တာသက်တမ်းပင် ကုန်ဆုံးတော့မည်ဖြစ်သည်။

သို့သော်လည်း NLD အစိုးရ၏ ပထမသက်တမ်း ငါးနှစ် လုပ်ဆောင်မှုများကို ပြန်လည်ဆန်းစစ်ရလျှင် ကျေနပ်စရာများ အများအပြားရှိနေသော်လည်း အာမရစရာများလည်းရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံ ဖားကန့်ဒေသနှင့်ပတ်သက်၍ အစိုးရ၏ ထိန်းကျောင်းကွပ်ကဲမှုများက မေးခွန်းထုတ်စရာများဖြစ်ခဲ့ပြီး ယင်းဒေသသည် သွေးညှီနံ့များဖြင့် ဖုံးအုပ်လျက်ရှိသည်။

NLDအစိုးရ၏ သက်တမ်းငါးနှစ်တာ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဖားကန့်ပြည်သူအများစုဟာ အားရကျေနပ်မှုမရှိသည့်အပြင် ထိရောက်သော ဆောင်ရွက်ချက်များမရှိခဲ့ကြောင်း ဌာနေတိုင်းရင်းသား ဒေသခံတွေက ပြောဆိုလျက်ရှိသည်။

“ဒီအစိုးရ သက်တမ်းငါးနှစ်မှာ အားရတာ ဘာတစ်ခုမှမရှိပါဘူး။ မူးယစ်ဆေးဝါးကိစ္စ၊ ကျောက်စိမ်း တရားမဝင်တူးဖော်မှု၊ ကျောက်မျက်ဥပဒေဆို ခုထိ ရေးဆွဲလို့မပြီးသေးဘူး။ အခုက အကြီးစားတူးဖော်မှုကိုတောင် ပြန်ထည့်ဦးမယ်ကြားနေပြန်တယ်” ဟု ဖားကန့်ဒေသခံ ဦးနော်ဆန့်က ပြောသည်။

ထိုသို့ ဒေသခံများအမြင်တွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များသည် NLD အစိုးရလက်ထက်တွင် လုပ်ဆောင်ခဲ့သည့်အရာများထက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သည့်အရာများဖြစ်ပြီး ယင်းအကျိုးဆက်ကို NLD အစိုးရလက်ထက်အထိ ခံစားလာရခြင်းဖြစ်ကာ ယင်းအပေါ် NLD အစိုးရအနေဖြင့် ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းမရှိသည့်အပေါ် ဒေသခံများက အားမလိုအားမရဖြစ်ပေါ်နေခြင်းဖြစ်သည်။

NLD အစိုးရကို အာဏာလွှဲပြောင်းခါနီး ၂၀၁၆ နှစ်ဦးပိုင်းတွင် ကျောက်မျက်လုပ်ကွက် ဧကပေါင်း သောင်းချီ၏ လိုင်စင်သက်တမ်းများကို ဖုတ်ပူမီးတိုက် တိုးပေးခဲ့ခြင်းဖြစ်သည်။ NLD အစိုးရ အာဏာလွှဲ ပြောင်းရယူပြီးနောက် ၂၀၁၆ ဧပြီလမှာပဲ ကျောက်မျက်လုပ်ကွက်လိုင်စင်သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် အသစ်ထပ်မံထုတ်ပေးတာတွေကို ပိတ်ပင်ခဲ့သော်လည်း ယခင်ကတည်းက ဖုတ်ပူမီးတိုက် သက်တမ်းတိုးပေးထားသည့် လုပ်ငန်းများကြောင့် NLD အစိုးရ၏ လုပ်ဆောင်မှုများ မထိရောက်သလိုဖြစ်သွားခဲ့ရသည်။

ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းနှင့် တွင်းထွက်ရတနာများကို မြန်မာပြည်မြောက်ဖျားက ဖားကန့်၊ မော်လူး-မော်ဟန်နဲ့ ခန္တီးဒေသတွေက ထွက်လျက်ရှိပြီး စစ်အာဏာရှင်များလက်ထက်ကပင် အဆိုပါတွင်းထွက်များကို ထင်သလိုတူးဖော်ခဲ့သည့်အပြင် ၎င်းတို့၏ လက်ကျန်သက်တမ်း၌ပါ နောင်နှစ်ပေါင်းများစွာအထိ ထုတ်ယူခွင့်ရရှိအောင် လုပ်ဆောင်သွားမှုကြောင့် ယင်းဒေသအတွက် အမှန်တကယ်ပင်နစ်နာခဲ့ရကြောင်းနှင့် ဒီမိုကရေစီခေတ်အထိ အမြတ်ထုတ်မှုများက လျော့ကျမသွားခဲ့ခြင်းဖြစ်သည်။

NLD အစိုးရအနေဖြင့် ဖားကန့်ဒေသ၏ တရားမဝင် ကျောက်စိမ်းတူးဖော်နှင့် မူးယစ်ဆေးဝါးကိစ္စများတွင် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးသလို နှစ်စဉ် လူပေါင်းရာချီ၍ အစုလိုက်အပြုံလိုက် သေဆုံးမှုများကိုလည်း ဖြေရှင်းနိုင်ခြင်း၊ ထိရောက်သော အရေးယူဆောင်ရွက်မှုများလုပ်ဆောင်နိုင်ခြင်းမရှိကြောင်း မြန်မာ့ကျောက်စိမ်းနှင့် ကျောက်လုပ်ငန်းများကို မျက်ခြေမပြတ်လေ့လာနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုအကြံပေးအဖွဲ့ Natural Resources Governance Institute (NRGI)၊ သယံဇာတ တူးဖော်မှုလုပ်ငန်း ပွင့်လင်းမြင်သာရေးအဖွဲ့ Extractive Industries Transparancy Initiative(EITI) Global Wintness အဖွဲ့တွေကလည်း သုံးသပ်ထားသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးကုမဏီပေါင်း သုံးရာကျော်က ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိပြီး ပုဂ္ဂလိကလုပ်ကွက်အနေဖြင့် တူးဖော်ကြသကဲ့သို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ တူးဖော်မှုများလည်းရှိသည်။ ထိုသို့တူးဖော်ပြီးထွက်လာသည့် စွန့်ပစ်မြေစာများကို စနစ်တကျမပစ်ခြင်းနှင့် တားမြစ်ချက်များကို လစ်လျူရှုခြင်းတို့ကြောင့် မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာသူ အစုအလိုက်အပြုံလိုက် သေဆုံးမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည်။

ရေမဆေးသမားဆိုသည်မှာ ဒေသအခေါ်ဖြစ်ပြီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများက စွန့်ပစ်လိုက်သောမြေစာပုံများတွင် ကျောက်စိမ်းလိုက်ကောက်သူများကို ခေါ်ဆိုခြင်းဖြစ်ကာ ထိုသို့ ရေမဆေးသမားများ အစုလိုက်အပြုံလိုက် သေဆုံးနေရခြင်းသည် စည်းကမ်းမဲ့မများနှင့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"ဥပဒေအရင်မဆွဲဘဲ လူတွေကို လွပ်လပ်မှု အရင်ပေးလိုက်တော့ အကုန်လုံး ပရမ်းပတာတွေဖြစ်ကုန်တာ။ ခြံအရင်မဆောက်ဘဲ ချည်ထားတဲ့ကြိုး အရင်လွှတ်လိုက်သလိုပေါ့။ မသွားနဲ့ဆိုတဲ့နေရာသွားတယ်။ မနေနဲ့ဆိုတဲ့နေရာနေတယ်။ အန္တရယ်ရှိလို့ တားတယ်၊ တားမရဘူး။ ဒီလူတွေက မိုင်းတွင်းဧရိယာမှာ မနေနဲ့ဆိုတဲ့နေရာမှာ နေကြတယ်။ မသွားနဲ့ဆိုတဲ့နေရာမှ သွားကြတယ်။ အဲဒီတော့မသေသင့်ဘဲ လူတွေအများကြီး သေကြရတယ်" ဟု ဖားကန့်မြို့၏ ဒေသခံရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဇော်လတ်က ပြောသည်။

ထို့ပြင် ဖားကန့်မြို့နယ်သည် ရွှေ့ပြောင်းလုပ်သား အဆမတန်များပြားလာမှုကလည်း အစုလိုက်အပြုံလိုက် သေဆုံးမှုများကိုဖြစ်စေသော အကြောင်းအရာတစ်ခုဖြစ်ကြောင်း ဦးဇော်လတ်က ဆက်လက်ပြောသည်။

“အရင်က ဖားကန့်တစ်မြို့နယ်လုံးမှာ အိမ်ထောင်စု သုံးသောင်းကျော်ပဲရှိတယ်။ သန်းခေါင်စာရင်းကောက်ပြီးတော့ ခြောက်သောင်းကျော် နောက်ပိုင်း တစ်သိန်းကျော်သွားပြီ။ ဒီလူတွေက တကယ် ဖားကန့်မှာနေမယ့်သူတွေ မဟုတ်ဘူးလေ။ ငွေလာရှာကြတာပဲ” ဟု ဦးဇော်လတ်က ပြေသည်။

ဒီလိုရေမဆေးကျောက်ကောက်ခြင်းဖြင့် အသက်မွေးသည့် ရွှေ့ပြောင်းလုပ်သားတွေ များလာရခြင်းကလည်း ကျောက်မျက်ကုမဏီများ၏ အကြီးစားတူးဖော်မှုတွေကြောင့်ဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုထားသည်။

ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာရှိသည့့် အကြီးစားကျောက်စိမ်းတူးဖော်သော လုပ်ငန်းများထဲတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကျိုးအမြတ်ရရှိနေကြကြောင်း နိုင်ငံတကာကပြောဆိုထားပြီး နှစ်စဉ် လူပေါင်းရာချီသေဆုံးမှုများတွင် ယင်းအဖွဲ့အစည်းများ၌ တာဝန်မကင်းဟုဆိုသည်။

ဦးသိန်းစိန်အစိုးရလက်ထက် NLD အစိုးရ အာဏာလွှဲပြောင်းရယူခါနီး ၂၀၁၅ နိုဝင်ဘာက ဆွတ်အောင်ကျေးရွာအနီး စုပေါင်းစွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူပေါင်း ၁၁၄ ဦး သေဆုံးခဲ့ရပြီး ရေမဆေးသမား ၁၁၄ ဦး၏ အလောင်းကိုသာ ရှာဖွေကယ်ဆယ်နိုင်ခဲ့တာကြောင့် အစိုးရတာဝန်ရှိသူတွေက ဒီမြေစာပုံပြိုကျမှုဖြစ်စဉ်မှာ သေဆုံးသူ ၁၁၄ ဦးဟူ၍သာ နိုင်ငံတကာကိုကြေညာခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်တွင် အမှန်တကယ် လူပေါင်း ၃၀၀ ထက်မနည်းသေဆုံးနိုင်ကြောင်း လွတ်မြောက်လာသူများ၊ ဒေသခံများ၊ မျက်မြင်တွေ့ရှိသူများက ပြောကြားခဲ့သည်။

ပြည်သူ့အစိုးရတက်လာပြီးနောက်ပိုင်းမှာ မြေစာပုံပြိုကျမှုတွေ သိသိသာသာ လျော့နည်းလာသော်လည်း  လူအစုလိုက်အပြုံလိုက်သေဆုံးမှုနှုန်းများက ကျဆင်းသွားခြင်းမရှိဘဲ တက်တက်လာသည်ကို အံ့သြဖွယ်မြင်တွေ့ခဲ့ရသည်။

၂၀၁၆ ခုနှစ်မှာ ၉၇ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၁၂၄ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၄၆ ဦး၊ ၂၀၁၉ ခုနှစ်မှာ ၁၄၀ ဦး သေဆုံးခဲ့ရပြီး ၎င်းတို့သည် မြေစာပုံပြိုကျမှုထက် လုပ်ကွက်ကမ်းပါးပြိုကျမှု၊ လုပ်ကွက်ဟောင်း နွံကန်ပွင့်ကျမှုများ စသည်တို့ကြောင့် ကုမ္ပဏီဝန်ထမ်းနှင့် ရေမဆေးကျောက်ရှာသူများ သေဆုံခဲ့ရခြင်းဖြစ်သည်။

ရွေးကောက်ပွဲနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် အစုလိုက်သေဆုံးမှုတွေ အများဆုံးဖြစ်ခဲ့ပြီး ဇူလိုင် ၁ ရက်ကဖြစ်ပွားခဲ့တဲ့ ကျောက်မျက်လုပ်ကွက် ကမ်းပါးပြိုကျမှု ဖြစ်စဉ်တစ်ခုတည်းကြောင့် တစ်ပိုင်တစ်နိုင် ကျောက်တူးသူ ၁၇၂ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၄၃ ဦး ရှိခဲ့သည်။

၂၀၂၀ ပြည်နှစ် တစ်နှစ်အတွင်း၌ မြေပြိုမှု ၃၂ ကြိမ်၊ ရေမဆေးကျောက်သမား ၂၀၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆၅ ဦးနှင့် လူနေအိမ် ၁၃ လုံး ဆုံးရှုံးခဲ့ရကြောင်း ဖားကန့်မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် NGO များက တစ်နှစ်အတွင်း အမှန်တကယ်သေဆုံးသူဦးရေသည် ၂၂၀ ဦးရှိပြီး ဒဏ်ရာရသူ ၆၆ ဦးရှိသည်ဟုဆိုသဖြင့် အာဏာပိုင်များ၏ထုတ်ပြန်မှုနှင့် အနည်းငယ်ကွလွဲလျက်ရှိသည်။

            NLD အစိုးရ တက်လျှင် ယခုလို အစုလိုက်အပြုံလိုက်သေဆုံးမှုများ အဆုံးသတ်နိုင်မည်ဟု အများက မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင်မူ ထင်သလိုဖြစ်လာခဲ့ခြင်းမရှိပဲ ကုမ္ပဏီကြီးများ၏ နှစ်ပေါင်းနှစ် ဆယ်ကျော် စည်းကမ်းမဲ့ တူးဖော်ထားမှုများကို အချိန်တိုအတွင်း ကုစားရန် ခက်ခဲလျက်ရှိသည်။

            ယခုအခါ ဖားကန့်ဒေသတွင် စည်းကမ်းမဲ့ တူးဖော်ထားမှုများနှင့် လူအများအစုလိုက်အပြုံလိုက် သေဆုံးသည့် ဖြစ်စဉ်များကို လျော့ပါးရေးအတွက် အဓိကကျသော ကျောက်မျက်ဥပဒေကို ပြင်ဆင်ရေး ဆွဲထားပြီးဖြစ် ကြောင်း ဖားကန့် မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

“ဒီလောက် ယန္တယားကြီးတွေနဲ့ နှစ်ဆယ့်လေးနာရီ တူးနေမှတော့ ငါတို့ဖားကန့် နောက်ထပ် လေးငါးဆယ်နှစ်ဆို ကုန်ပြီ။ ဒီလောက် ကမ္ဘာပျက်သလိုတူးနေတာ။ ဒါတွေကို တားဆီးဖို့ ဥပဒေနဲ့တားမှရမယ်။ ဒါကြောင့် ဥပဒေကိုပြင်တာ၊ အကြီးစားဖြုတ်ချလိုက်ပြီ။ အကြီးစားတွေ ခွင့်မပြုတော့ဘူး၊ အကြီးစားဖြုတ်ချလိုက်တာနဲ့ လူသေတာရော၊ သဘာဝပတ်ဝန်းကျင်ပျက်စီးတာရော၊ ရေကြီးတာရော အော်တိုထိန်းပြီးသားဖြစ်ပြီ” ဟု ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေ၌ ကျောက်မျက်တူးဖော်မှုလုပ်ငန်းသုံးမျိုးကို ပြင်ဆင်ရေးဆွဲထားသည်ကိုတွေ့ရပြီး ငါးဧကထက်မပိုသည့် လုပ်ကွက်တွင် သုံးနှစ်တူးဖော်ခွင့်ရသော အလတ်စားလုပ်ငန်း၊ နှစ်ဧကထက် မပိုသည့်လုပ်ကွက်တွင် နှစ်နှစ်တူးဖော်ခွင့်ရသော အသေးစားလုပ်ငန်း၊ တစ်ဧကထက် မပိုသည့်လုပ်ကွက်တွင် တစ်နှစ် လုပ်ခွင့်ရသော လက်လုပ်လက်စားတူးဖော်ခွင့် စသည့်လုပ်ငန်းများဖြစ်သည်။

ယင်းသို့ ပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေနဲ့အညီ ကုမ္ပဏီများကို လုပ်ကိုင်နိုင်ရန် ထိန်းကျောင်းရမည်ဖြစ်ပြီး ပြည်သူတွေကလည်း ဥပဒေတွေ စည်းကမ်းများလိုက်နာမှသာ ဖားကန့်ဒေသကဖြစ်စဉ်များ ကွယ်ပျောက်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်သယံဇာတဝန်ကြီးက ပြောသည်။

"နောက်ဆိုရင်တော့ ကုမ္ပဏီတွေကလည်း သူ့ဟာနဲ့သူ၊ သူ့လုပ်ကွက်ထဲမှာ ခြံခတ်ထား၊ ဒီလုပ်ကွက်ထဲက ကျောက်လွန်သွားရင် အရေးယူ၊ ပြည်သူကလည်း အသေးစား လက်လုပ်လက်စားတွေမှာတူးကြ။ အဲဒီလို အားလုံး လုပ်ကိုင်ခွင့်ရထားပြီဆိုမှ ဥပဒေနဲ့ ထိန်းကျောင်းလို့ အဆင်ပြေမှာပါ" လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။

NLD အစိုးရအနေဖြင့် ဖားကန့်ဒေသတွင်ရှိသော ကျောက်မျက်တူးဖော်မှုလုပ်ငန်းများကို ထိန်းကျောင်းတည့်မတ်ရန် ကြိုးစားရင်း ပထမငါးနှစ်သက်တမ်း ကုန်ခဲ့ရပြီး ယင်းသက်တမ်းအတွင်း ရေမဆေးကျောက်ရှာသူများနှင့် ကျောက်မျက်ကုမ္ပဏီလုပ်သားပေါင်း ခုနှစ်ရာကျော် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းစ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်သက်တမ်းအတွင်းမှာ ရေမဆေးလုပ်သားပေါင်း ၂၄၀ ဦး သေဆုံးမှုနှင့်စာလျှင် NLD အစိုးရသက်တမ်းအတွင်း သေဆုံးမှုသည် သုံးဆခန့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။

ထိုသို့ သေဆုံးမှုမြင့်တက်လာရခြင်း၏နောက်ကွယ်တွင် NLD အစိုးရကို အာဏာလွှဲပြောင်းပေးရခါနီး တစ်လအလို၌ လုပ်ငန်းရှင်များအလိုကျ စိတ်ကြိုက်ရေးဆွဲထားသော ကျောက်မျက်ဥပဒေကို ဖုတ်ပူမီးတိုက် လက်မှတ်ရေးထိုးအတည်ပြုခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်သည်။

ယခုအခါ ဥပဒေပြောင်းလဲရေးဆွဲထားပြီး၂၀၂၀ ရွေးကောက်ပွဲတွင်လည်း သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရခဲ့သော NLD ကပင် အစိုးရတာဝန်ကို ဆက်လက်ထမ်းဆောင်ရမည်ဖြစ်သဖြင့် ဖားကန့်ဒေသ၌ အကြီးစားကျောက်တူးဖော်ထုတ်လုပ်မှုများ၊ ရေမဆေးသမားများ သေဆုံးမှုများလျော့နည်းပပျောက်သွားမလားဆိုသည်မှာ လာမည့်နှစ်များတွင် အဖြေပေါ်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Most read this week

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...