ဆီဆိုင် ဒေသဦးစီး ကုန်းမြင့်မြေဖော်သည့် ကိစ္စ ဒေသခံ သဘောမတူ

ဆီဆိုင် ဒေသဦးစီး ကုန်းမြင့်မြေဖော်သည့် ကိစ္စ ဒေသခံ သဘောမတူ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသဦးစီးသည့် ကုန်းမြင့်မြေဧက (၂၀၀)ကျော်ကို ဖော်ဆောင်မည့်ကိစ္စ ဒေသခံများ သဘောမတူညီကြကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ် အတွင်း ကုန်းမြင့်မြေ ဧက (၂၀၀) ကျော်ကို ဖော်ပြီး အစိုးရတပ်မတော် သိမ်းဆည်းမြေ အစား တောင်သူများကို ပြန်လည် ပေးရန် ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဒေသခံများက သဘောမတူညီကြောင်း ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလိ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဆီဆိုင်က အာဏာပိုင်တွေနဲ့ ဒေသဦးစီးတွေက ဖော်နေတာပါ။ တောင်သူတွေကို အစားထိုး မြေပြန်ပေးဖို့ပြောပါတယ်။ သျှမ်းပြည် အစိုးရ ကို စာတင်ထားတယ်လို့လည်း ကြားရတယ်” ဟု ဦးကောလိ က ဆိုသည်။

ဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စု နှင့် ပင်စုံကျေးရွာအုပ်စုအတွင်း ၌ အစိုးရတပ်မတော် နှင့် ဒေသခံများ မြေယာပြဿနာ အငြင်းပွားမှုဖြစ်ပွားနေဆဲ ကာလဖြစ်သည်။

ထို အစားထိုး မြေယာများပြန်ပေးသည့် အခု ကုန်းမြင့် လယ်ယာမြေ ဧကာ (၂၀၀) ကျော်ကို ဖော်ပါက သစ်တောပြုန်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံများက အစားထိုးပေးမည့် မြေယာများကို သဘောမတူရခြင်းဖြစ်ကြောင်း ယနေ့(ဇူလိုင် ၁၈)ရက် တွင် ကန့်ကွက် ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆီဆိုင်မြို့နယ် တွင် တောင်သူများ ပိုင်ဆိုင်သည့် မြေယာမြေ ဧက (၁၉၀၀) ကျော်ကို ဆီဆိုင် အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၃) တပ်နှင့် (၄၂၄) တပ်တို့က သိမ်းဆည်းခဲ့ပြီး ဒေသခံတောင်သူများကို လည်း တရားစွဲဆိုမှု ပြုလုပ်ထားကြောင်း သိရသည်။

“တပ် သိမ်းထားတဲ့ မြေတွေအစား တောင်သူတွေကို အစားထိုး ပြန်ပေးမယ်။ သူတို့က မြေကွက်လာဖော်တာကို ကျနော်တို့ သဘောမတူဘူး။ သစ်ပင်တွေ ရှိတယ် ပေးမခုတ်ချင်ဘူး။ ရအောင် ကန့်ကွက်သွားမယ်” ဟု ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလိ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြေယာဖော်ဆောင်မည့် နေရာသည် ကုန်းမြင့်လယ်ယာမြေ ဖြစ်ပြီးသစ်ပင် သစ်တောများဖြစ်ပြီး ဒေသခံ ရွာသားများက ချက်ပြုတ်ရန်အတွက် ထင်းခုတ်ခြင်း ၊ အိမ်ဆောက်ရန်အတွက် အမိုး အကာ သွားယူခြင်းများ ရှိကြောင်း အုပ်ချုပ်ရေးမှူး ဦးကောလိ က ပြောသည်။

လက်ရှိ ကုန်းမြင့်လယ်ယာမြေဖော်ဆောင်ရန် အတွက် သက်ဆိုင်ရာက စက်ကိရိယာများ၊ ယန္တရားများလာရောက်ချထားကြောင်း ကိုလည် ဒေသခံများက ပြောပြသည်။

“အခုက သက်ဆိုင်ရာ ဌာနတွေက စက်ကိရိယာတွေ လာချထားပြီး တဲတွေလည်း လာဆောက်ထားပြီ။” ဟု ဒေသခံ တစ်ဦး က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများက သျှမ်းပြည် အစိုးရ နှင့် ဒေသဦးစီး ဌာ တို့ကို ကန့်ကွက်စာ တင်သွားမည် ဖြစ်ကြောင်းသိရသည်။

“ ကျနော်တို့ကတော့ ဒါကို ကန့်ကွက်တယ်။ သစ်ပင်ခုတ်ဖို့ကိစ္စ ကျနော်တို့မလိုလားဘူး။ အစိုးရ ဆီကို စာတင်သွားမှာပါ” ဟု ကန့်ကွက်ရာတွင် ပါဝင်သည့် အမျိုးသား တဦးက ပြောသည်။

ဆက်လက်ပြီး ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလီ က “သစ်တောတွေ မပြုန်းအောင် ကျနော်တို့ ထိန်းသိမ်းထားတယ်။ သူတို့က လွယ်လွယ်ကူကူ နဲ့ ခုတ်သွားမယ်။ သစ်ပင် သစ်တော မပြုန်းတီးအောင် ကျနော်တို့ ကာကွယ်သွားမယ်” ဟု ဆိုသည်။

ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာ ၅ ရွာ ပိုင်ဆိုင်သည့် မြေယာ ကိစ္စနှင့် ပတ်သက်ပြီး တောင်သူ နှင့် တပ်သည် မေလနှောင်းပိုင်းမှ စတင်ကာ မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့ကာ တောင်သူ ၇၀ ကျော် ကို တပ်မှ တရားစွဲဆိုထားခဲ့ကြောင်း သိရသည်။

ထိုမြေယာများသည် လွန်ခဲ့သည် ၁၉၉၆ ခုနှစ်တွင် တပ်မှ (၁၉၀၀) ဧက ကျော် သိမ်းဆည်းခဲ့သည်။ တပ်မှ ထိုမြေများကို သိမ်းဆည်းသည်ဟု တရားဝင် လာရောက် အကြောင်းကြားအသိပေးခြင်း မရှိသကဲ့သို့ ထိုမြေပေါ်တွင် လုပ်ကိုင်စားသောက်သည့် တောင်သူများ နစ်နာကြေး လျော်ကြေးငွေ တစုံတရာ မရရှိခဲ့ကြောင်း တောင်သူများက ပြောသည်။

January 7, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ...
January 6, 2025
စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည်...
လဲချားမြို့
January 4, 2025
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု...
January 2, 2025
သျှမ်းပြည်၊ လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က မီတာခနှင့် အမှိုက်ခွန်များ...