KNU/KNLA (PC) ဥက္ကဋ္ဌသစ်အဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးအား တင်မြှောက်

KNU/KNLA (PC) ဥက္ကဋ္ဌသစ်အဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးအား တင်မြှောက်

KNU/KNLA (PC)-ကရင်ငြိမ်းချမ်းရေးကောင်စီ၏ ဥက္ကဋ္ဌသစ်အဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးအား ကောင်စီ ဌာနချုပ်ဖြစ်သည့် ကော့ကရိတ်ခရိုင်၊ နော်တယာမြို့(ထို့ကော်ကိုး)၌ ယနေ့ (မေလ ၂၆ ရက်)တွင် ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရသည်။

မေလ ၃ ရက်နေ့က ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဌေးမောင် ကွယ်လွန်သွားခဲ့ပြီးနောက် မေ ၂၅ ၊ ၂၆ ရက် တွင် ပြုလုပ်သော ဗဟိုကော်မတီနှင့် တပ်ဗိုလ်တပ်မှူးများ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးစောထော့လေး အား ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ရာထူးကို ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း KNU/KNLA (PC) တွဲဘက်အတွင်းရေးမှူး ဗိုလ် မှူးကြီး စောကျော်ညွန့်က ပြောသည်။

၎င်းက “လျှို့ဝှက်မဲပေးစနစ်တော့ မဟုတ်ပါဘူး။ အစည်းအဝေးခေါ်ပြီး အဆိုတင်သွင်းတယ်။ ထောက်ခံတယ်။ ကန့်ကွက်သူမရှိရင် အတည်ပြုလိုက်တာပေါ့။ လစ်လပ်နေတဲ့ ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်နေရာကို protocol အရ ဗိုလ်ချုပ်ကြီးစောထော့လေးကိုပဲ ရာထူးတိုးနဲ့ ရွေးချယ်တင်မြှောက်လိုက်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်ချုပ်ကြီး စောထော့လေးမှ ယခင်က တာဝန်ယူထားသော လစ်လပ်နေသည့် ဒုဥက္ကဋ္ဌနှင့် ဒု စစ်ဦးစီးချုပ်နေရာအား ယခင်စစ်ထောက်ချုပ်ဖြစ်သည့် ဗိုလ်ချုပ် စောရင်နုမှလည်းကောင်း၊ တဖန်လစ်လပ်သွားသည့် စစ်ထောက်ချုပ်နေရာအား ဗိုလ်မှူးကြီး စောရွှေကျော်မှလည်းကောင်း အသီးသီး ပြောင်းလဲတာဝန်ခန့်အပ်သွားကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်ကဆက်ပြောသည်။

ထိုသို့ အဆင့်ဆင့်ပြောင်းလဲတာဝန်ခန့်အပ်ခဲ့သော်လည်း အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးရာထူး တာဝန်များအနေဖြင့် အပြောင်းအလဲမရှိသလို KNU/KNLA(PC)အနေဖြင့် ရွေးကောက်ပွဲစနစ်မဟုတ်ဘဲ အခြေအနေအရ လိုအပ်သလို အစည်းအဝေးခေါ်ယူပြီး ရာထူးတာဝန်ခန့်အပ်မှုများပြုလုပ်ကြောင်းလည်း သိရသည်။

အသက် ၆၂ နှစ်အရွယ် ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီးစောထော့လေးသည် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ တပ် သား ရွာဇာတိဖြစ်ပြီး ဆယ်ကျော်သက်အရွယ်ကတည်းကပင် KNU-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင် သော ကရင့်တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်သည်။

KNU မှ ၂၀၀၇ ခုနှစ်တွင် ခွဲထွက်ခဲ့သည့် ကွယ်လွန်သူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဌေးမောင်ဦးဆောင်သော KNU/KNLA(PC)၌ တာဝန် ဆက်လက်ထမ်း ဆောင်ခဲ့သူလည်း ဖြစ်သည်။

KNU/KNLA(PC)-ကရင်ငြိမ်းချမ်းရေးကောင်စီသည် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့်အတူ လက်မှတ် ရေးထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်သည်။

September 13, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ်...
September 13, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်-၄၊ ရက်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းခေါ်ယူနိုင်ရေး...
September 12, 2024
လက်ရှိ ကြားကာလအတွင်း စစ်ကောင်စီက လိင်အကြမ်းဖတ်မှုပေါင်း တစ်ရာကျော် ကျူးလွန်ထားသည်ဟု အမျိုး...
September 12, 2024
လာမည့် အောက်တိုဘာ ၁ ရက် သန်းခေါင်စာရင်း ကောက်ယူရာတွင် စာသင်ကျောင်းတစ်ကျောင်းလျှင် ဆရာ/ဆရာမ ၂ ဦး...