စစ်ကောင်စီက လိင်အကြမ်းဖက်မှုပေါင်း တစ်ရာကျော် ကျူးလွန်ထားဟု NUG ပြော

စစ်ကောင်စီက လိင်အကြမ်းဖက်မှုပေါင်း တစ်ရာကျော် ကျူးလွန်ထားဟု NUG ပြော

လက်ရှိ ကြားကာလအတွင်း စစ်ကောင်စီက လိင်အကြမ်းဖတ်မှုပေါင်း တစ်ရာကျော် ကျူးလွန်ထားသည်ဟု အမျိုး သားညီညွတ်ရေးအစိုးရ (NUG)၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး နော်စူစဲန်နာလှလှစိုးက ပြောသည်။

အဆိုပါ ဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ကြားကာလ တရား ဥပဒေစိုးမိုးရေးကာလအတွင်း လိင်အကြမ်းဖက်မှုပေါင်း ၂၆၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ၁၃၉ ကြိမ် ကျူးလွန် ထားသည်ဟု ပြည်ထောင်စုဝန်ကြီးက ယခုလို ပြောသည်။

“စစ်ကောင်စီက ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့အမှုတွေကို အရေးယူခြင်လည်း မရှိဘူး။ မနေ့တုန်းကပဲ ကျမတို့ သတင်းတစ်ခုတက်လာတယ်။ ၈၂ နှစ်အရွယ်အဖွားအိုကို မုဒိမ်းကျင့်တဲ့ကိစ္စတွေ။ ပြီးခဲ့တဲ့နှစ်လလောက် တုန်းကလည်း ၈၃ နှစ်အဖွားအိုကို မုဒိမ်းကျင့်တယ်။ ၂၂ နှစ်အရွယ်ဇနီးမောင်နှံ နှစ်ယောက်ကို အမျိုးသားအရှေ့ မှာပဲ အမျိုးသမီးကို အုပ်စုလိုက် မုဒိမ်းကျင့်တယ်။ အလွန့်အလွန်ဆိုးရွားတဲ့အမှုတွေကို စစ်ကောင်စီက ကျူးလွန် နေတာကို တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် လိင်အကြမ်းဖက်မှုများတွင် ပြည်သူအချင်းချင်းကျူးလွန်မှု ၉၁ ကြိမ် ရှိသလို အရပ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် PDF၊ LDF၊ EROs အဖွဲ့တို့က လိင်အကြမ်းဖက်မှု ၃၄ ကြိမ်ကျူးလွန်ထားပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG)အနေဖြင့် ၃၄ မှုအား ပြီးပြတ်အောင်လုပ်ဆောင်ခဲ့သည်။ ထို့အပြင် စစ်ဆေးထားသည့် အမှု ၄၅ မှု ရှိသလို အမှုတည်ဆောက်ထားဆဲ ၄၆ မှု ရှိသည်ဟု NUG က ထုတ်ပြန်သည်။

၎င်းအပြင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ပြည်သူများလုံခြုံမှုရရှိစေရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု NUG ၏ ပြည်ထဲရေး လူဝင်မှုကြီးကြပ်ရေးဌာန(MOI) ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုသည်။

၎င်းက “မြို့နယ် ၈ ခုမှာရဲစခန်း ၈ ခု ဖွဲ့စည်းထားပါတယ်။ ပလဖကိုတော့ တိုင်းဒေသကြီး အုပ်ချုပ်ရေးတွေ ပေါ်ပေါက် လာတဲ့အချိန်မှာ တိုင်းဒေသကြီးအုပ်ချုပ်ရေးရဲ့ စီမံခန့်ခွဲမှုအောက်ကို လွှဲပြောင်းပေးမဲ့ ဖက်ဒရယ်ယူနစ်ရဲအဖြစ် ရည်မှန်းပြီးတော့ ပြည်သူ့လုံခြုံရေး အဖွဲ့ဆိုပြီး နှစ်ခုခွဲပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများက အဖွဲ့ဝင်များသည် ပြည်သူကိုအခြေခံ၍ ဖွဲ့စည်းထားသည့်အပြင် အဆိုပါ အဖွဲ့ဝင်များအား လေ့ကျင့်ပျိုးထောင်ခြင်းများ ပြုလုပ်ပေးလျက်ရှိနေပြီး လက်ရှိတွင် သင်တန်းသား ၂,၂၀၃ ဦးထိ ရှိနေကြောင်း NUG က ပြောဆိုထားသည်။

Most read this week

September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...
September 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး...