မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေ

မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်ပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။

စစ်ကောက်စီတပ်က ဇူလိုင်လ ၂၁  ရက်နေ့နောက်ပိုင်း ကချင်တစ်ပြည်နယ်လုံးကို ဖုန်းနဲ့ အင်တာနက်လိုင်း၊ wifi လိုင်းတွေဖြတ်တောက်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေဟာ  IP Starနဲ့Star Link ဂြိုလ်တုနဲ့အင်တာနက်ကို အခကြေးငွေပေးပြီး ဆိုရှယ်မီဒီယာသုံးတာ၊ ငွေလွှဲငွေထုတ်တာတွေလုပ်နေကြပေမယ့် စစ်တပ်က ဆိုင်တွေကိုရှောင်တခင်ဝင်စစ်ဆေးပြီး ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

''သူတို့အဓိက ဖမ်းတာက ငွေလွှဲငွေထုတ်လုပ်တဲ့သူတွေကိုဖမ်းတယ် ပြီးတော့တချို့မသင်္ကာတဲ့သူတွေကိုလည်းဖမ်းတယ်။ ကျွန်တော်တို့ဆိုင်မှာအရင်ပတ်တွေတော့ Kpay လွှဲလို့ရတယ် အခုတော့kapy လွှဲရင်ဖမ်းတယ်ဗျ။ အဲ့ကြောင့်ငွေလွှဲ ဘာညာတော့မရတော့ဘူး''လို့ မြစ်ကြီးနားမြို့ခံတစ်ဦး ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူတွေဟာ IP Star နဲ့ Star Link တပ်ဆင်ထားတဲ့ နေရာတွေမှာ တစ်နာရီမှာ ၂ သောင်းခွဲပေးပြီး သုံးနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်က စက်တင်ဘာလ လဆန်းပိုင်းကစပြီး တပ်ကုန်းရပ်ကွက် အင်တာနက်အသုံးပြုလို့ရတဲ့ ဆိုင်တစ်ချို့နဲ့မြို့ပေါ် ဟိုတယ်တစ်ချို့မှာ အင်တာနက်အသုံးပြုတဲ့သူတွေကို ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဝင်ရောက်စစ်ဆေးခဲ့တဲ့ ဟိုတယ်၊မိုတယ်၊ ဖုန်းဆိုင်၊ အင်တာနက်အသုံးပြုလို့ရနေတဲ့ ဆိုင်တွေရဲ့ အမည်နာမအသေးစိတ်ကိုတော့ လုံခြုံရေးအရ ဖော်ပြခွင့်မပြုထားပါဘူး။

''အစကတော့ကျမ သူငယ်ချင်းလည်း သူ့တည်းခိုခန်းမှာလာတည်းတဲ့သူတွေလည်းအဆင်ပြေအောင် မိတ်တွေခေါ်တဲ့အနေနဲ့ Star Link လည်းတပ်မယ်ပေါ့ စီစဉ်ထားတာ။ ဒါပေမယ့်စစ်ကောင်စီဘက်က Star Link တပ်ရင် ဥပဒေနဲ့မလွတ်ကင်းဘူး။ အင်တာတက်ကိုသူတို့တားမြစ်ထားတယ်ပြောလို့ အခြားနေရာတွေလည်းအဖမ်းအဆီးတွေရှိလာတော့ မတပ်ဖြစ်တော့ဘူး ကြောက်နေရတာ''လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ခုလို အင်တာနက်အသုံးပြုလို့ရတဲ့နေရာတွေကို ဖမ်းဆီးလာတာကြောင့် မြို့ခံပြည်သူတွေ ငွေလွဲငွေထုတ်ဖို့ပိုမိုခက်ခဲလာသလို  အင်တာနက်အသုံးပြုသူတွေအတွက်လည်းလုံခြုံရေးစိုးရိမ်ရတာကြောင့် အသုံးပြုသူတွေနည်းလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မြစ်ကြီးနားမြို့ကို KIA ၊KPDF ပူးပေါင်တပ် စက်တင်ဘာလနဲ့အောက်တိုဘာလထဲမှာ မြို့ကိုသိမ်းပိုက်လာနိုင်တယ်ဆိုတဲ့သတင်းတွေပျံ့နှံ့လာတာကြောင့် အခုလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာလို့ သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီး ဦးခက်ထိန်နန်ကို KNG သတင်းဌာနက ဩဂုတ်လထဲမှာ ဆက်သွယ်မေးမြန်းချိန်မှာ စစ်ကိုင်းမှာ ကေပယ်ကြိုးပြတ်တောက်နေတာကြောင့်လို့ဘဲ အကြောင်းပြဖြေကြားထားတာဖြစ်ပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့မှာ MPT နဲ့ Atom လိုင်းနဲ့ ရပ်ကွက်တစ်ချို့မှာဖုန်းခေါ်ဆိုလို့ရနေတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာအင်တာနက်စီမံကိန်းစာရင်းအရ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့နေရာ ၃၀၅ နေရာအထိရှိပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်း အများဆုံးဖြစ်ပြီး ကချင် ပြည်နယ် ဒုတိယနဲ့ ချင်းပြည်နယ် တတိယအများဆုံး ဖြစ်နေပါတယ်။

ခရိုင် ၄ ခု၊ မြို့နယ် ၁၈ ခု၊ လူဦးရေ တစ်သိန်းကျော်ရှိတဲ့ ကချင်တစ်ပြည်နယ်တစ်ခုလုံးမှာ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။

Most read this week

September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...