ကချင်အနုပညာရှင် တေးရေး၊ တေးဆို အဆိုတော် ဦးဖော်လားဂမ်ဖန် နှင့် နေရပ်ပြန် ဒေသခံများ ကိစ္စ တွေ့ဆုံမေးမြန်းခြင်း

ကချင်အနုပညာရှင် တေးရေး၊ တေးဆို အဆိုတော် ဦးဖော်လားဂမ်ဖန် နှင့် နေရပ်ပြန် ဒေသခံများ ကိစ္စ တွေ့ဆုံမေးမြန်းခြင်း

၈ နှစ်ကြာ စစ်ရှောင်နေပြီဖြစ်သော ကချင်စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အသင်းတော်ခေါင်းဆောင်များ ကြိုးစားနေချိန် နမ်ဆန်ယန်ဒေသခံ အိမ်ထောင်စု ၄၆ စု က လူဦးရေ ၂၈၀ ခန့် နေရပ်ပြန်ကြပြီ ဖြစ်ပါတယ်။ သူတို့က အဓိက တပ်မတော် အစီစဉ်နှင့် ပြန်ပို့နေတာဖြစ်ပါတယ်။

အခုလို နမ်ဆန်ယန်ဒေသခံတွေ နေရပ်ပြန်နိုင်ဖု့ိ တပ်မတော် ၊ အစိုးရနဲ့ ဒေသခံတွေကြား စေ့စပ်ညှိ့နှိုင်း ကူညီပေးနေသူ ကချင်အနုပညာရှင် တေးရေး၊ တေးဆို အဆိုတော် ဦးဖော်လားဂမ်ဖန်ကို ကချင်သတင်းဌာန KNG မေးမြန်းထားပါတယ်။

မေး။     ။နမ်ဆန်ယန်ဒေသခံတွေ ဒုတိယအကြိမ် နေရပ်ပြန်တာနဲ့ စပ်လျှဉ်းပြီး ပြောပြပါ။

ဖြေ။     ။ မတ်လ ၅ ရက်နေ့လယ်မှာ ပြင်ဆင်ထားတဲ့ အိမ်ထောင်စု ၂၉ စု ပြန်ပါပြီ။ အရင် ၁၇ စု နဲ့ အခုပေါင်းရင် ၄၆ စု ရှိသွားပါပြီ။ အခုအခေါက် အိမ်ထောင်စု ၂၉ စုမှာ နေအိမ်မှာ နေလို့ရတာ ၇ စုလောက်ပဲ ရှိတယ်။ ကျန်တဲ့ ၂၂ စုက စစ်ပွဲကြောင့်သူတို့နေအိမ်တွေ မရှိတော့လို့ နေလို့ မရတော့ဘူး။ ဆိုတော့ သူတို့က ကတ်သလစ်ဘုရားကျောင်းဝင်းမှာထားထားတယ်။ ဗုဒ္ဓဘုန်းကြီးကျောင်းမှာလည်း နေတယ်။ အရင်ပြန်နှင့်ထားတဲ့ သူတွေရဲ့ အိမ်မှာလည်း နေတယ်။

မေး။     ။ အစိုးဘက် ကူညီပေးမှု အခြေအနေ ဘယ်လို ရှိလဲ။

ဖြေ။     ။ ဒီတစ်ခေါက်မှာတော့ အစိုးရ လူကယ်ပြန် မပါဘူး။ စစ်တပ်ကပဲ တစ်လစာ ကူညီထားပေးတာ တွေ့ရတယ်။ အရင် ၁၇ အိမ်ထောင်စုတုန်းကတော့ လူကယ်ပြန် နဲ့ တပ်မတော်က ၁ လစာ ပေးထားတယ်။ ဒီတစ်ခေါက်တော့ တပ်မတော်တည်းပဲ လုပ်သွားတာ တွေ့ရတယ်။

မေး။     ။ အခုတစ်ခေါက်နေရပ်ပြန်တဲ့သူတွေထဲမှာ ဘယ်နေရာမှာ ရှိနေတဲ့ သူတွေပါလဲ။

ဖြေ။     ။ မြစ်ကြီးနားဘက်မှာတော့ ဝိုင်းမော် မိုင်းနားစခန်း၊ ငွေပျော်စံပြ တချို့တွေက ဗန်းမော်ဘက်က ဖြစ်ပြီး ဂျေယန် နယ်ခြားဘက်ကလည်း ပါမယ်။ ပါဝင်တဲ့သူတွေစားရင်းအတိအကျတော့ ကျွန်တော်ကောင်းကောင်း မသိဘူး။ ဒါက ရွာလူကြီးတွေပဲ ပိုသိမယ်။

မေး။     ။ အခုနေရပ်ပြန်အခြေချနေပြီဖြစ်တဲ့သူတွေအတွက် အစိုးရဘက်က ဘယ်လို စီစဉ်ပေးမယ်လို့ပြောထားတာ ရှိပါသလား။ အရင် ပထမတစ်ခေါက် နေရပ်ပြန်သူတွေကို မြို့နယ်အုပ်ချုပ်ရေးမှုးက ကတိပေးထားတာတွေ လုပ်ပေးနေရဲ့လား။

ဖြေ။     ။ ကျန်းမာရေးဝန်ထမ်းဆရာ ၁ ယောက်ကို အမြဲထားထားပေးတယ်။ တစ်လ တစ်ခါ လူလှဲပေးတယ်။ ဆက်သွယ်ရေး ဖုန်းလိုင်းအတွက်လည်း သူတို့ တစ်ခါတည်းတော့ မလုပ်သေးပေမယ့် ဆာဘေး လာကောက်တာမျိုးတော့ လုပ်နေတယ်။ ပြင်ဆင်နေတာတွေတော့ တွေ့နေရတယ်။

မေး။     ။ အခုတစ်ခေါက်ပြန်တာ လူဦးရေ ဘယ်လောက်လဲ။

ဖြေ။     ။ ၁၀၀ ကျော် ၁၈၀ လောက်ရှိမယ်။

မေး။     ။ ပထမတစ်ကြိမ် နေရပ်ပြန်တဲ့ ဇန်နဝါရီလကုန်အထိတော့ ရွာအတွင်းပဲ မိုင်းရှင်းလင်းထားသေးတယ်လို့ သိရပါတယ်။ အခုကော ပြည်သူတွေအတွက် လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။     ။ အခုထိတော့ မတွေ့ရသေးတဲ့ ဗုံးတွေ ရှာဖွေနေဆဲ။ အခု အိမ်ထောင်စု ၂၉ စုအတွက်လည်း သူတို့ နေအိမ်ခြံဝင်းတွေအထိ ကျွန်တော်ကိုယ်တိုင် ပါဝင်လိုက်ကြည့်ပြီး BE တပ်ဖွဲ့တွေနဲ့တူ မိုင်းရှာတယ်။ အိမ်တွင်း၊ အိမ်ပြင် ၊ အိမ်သာ၊ ရေတွင်း၊ နွားခြံ ပြီးတော့ ဘူဒိုဇာနဲ့ ခြုံရှင်း တယ်။ ဆိုတော့ အခုပြန်တဲ့သူတွေအတွက်လည်း လုံခြုံရေး လုံးဝ ရှိတယ်။

အခုနမ်ဆန်ယန်က လိုင်ဇာကို အဓိကဆက်ထားတဲ့ ကျေးရွာလည်း ဖြစ်တယ်။ အရင်ကတော့ ကားလမ်းရဲ့အရှေ့ဘက်ကို လုံးဝ ပိတ်ထားတယ်။ ဒါပေမယ့် ဒီနေ့ အဲဒီခြံတွေ အားလုံး အကုန်ဖျက်လိုက်ပါပြီ။ နေအိမ်နဲ့တည့်နဲ့ ကာထားတဲ့ ခြံတွေ အားလုံးဖွင့်လိုက်ပြီ။ အဲဒီလမ်းသွယ်တွေအထိလည်း မိုင်းရှင်းလင်းထားပြီ။

ရွာအပြင် လယ်ယာ၊ ခြံအခင်း သွားမယ့်နေရာတွေကိုတော့ ဒုတိယအဆင့်အနေနဲ့ မိုင်းရှင်းလင်းဖို့ဖြစ်တယ်။ သွားလာရေးအဆင်ပြေအောင် လုံခြုံရေး လုပ်ပေးနေပါတယ်။

မေး။     ။ အခုနွေရာသီရောက်နေပြီ။ ပြန်တဲ့သူတွေထဲမှာကလေးတွေပါရင် သူတို့ပညာရေးအတွက် စီစဉ်ထားတာမျိုး ရှိပါသလား။

ဖြေ။     ။ ပညာရေးနဲ့ ပတ်သက်ပြီး လာမယ့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခုလက်ရှိ စာသင်ဆောင်ကိုလည်း ပြင်ထိန်း လုပ်ဖို့ ပြောထားတယ်။ သက်ဆိုင်ရာကလည်း လာကြည့်တယ်။ ပညာရေးကိုလည်း အရင်လို သူ့ယန္တရားအတိုင်း ဆက်လက်လုပ်သွားမယ်။ ကျန်းမာရေးဌာန ဆေးရုံကိုလည်း အခု အင်ဂျင်နီယာတွေ လာတွက်ချက်သွားပြီ။ ဆောက်လုပ်သွားဖို့ရှိနေပြီ။ ကျန်တဲ့ ကျေးရွာအုပ်ချုပ်ရေးစနစ် ကိုလည်း အုပ်ချုပ်ရေးအဖွဲ့ ပြန်ဖြစ်လာအောင် လုပ်နေတယ်။ အခုထိတော့ ရွာဥက္ကဌ တစ်ယောက်ကပဲ လုပ်နေတယ်။ ကျန်တဲ့ ကျွန်တော်တို့က ဘေးကနေ ကူညီပေးတာမျိုးပဲ ရှိတယ်။

မေး။     ။ အခုနေရပ်ပြန်ပြီဖြစ်တဲ့ အိမ်ထောင်စု ၄၆ စုအတွက် လူကယ်ပြန်နဲ့ တပ်မတော်က လွဲပြီး ကျန်တဲ့ အဖွဲ့အစည်းတွေ ကူညီတာ ရှိပြီလား။

ဖြေ။     ။ လာကြည့်ပြီး ကူညီမယ်လို့ ပြောဆိုသွားတာတွေပဲ ရှိသေးတယ်။ ဥပမာ ICRC  လိုမျိုး အဖွဲ့အစည်းတွေ လာကြည့်တယ်။ အားပေးတယ်။ အတိအကျ ဘယ်ချိန် ကူညီမယ်ဆိုပြီး ပြောတာတော့ မရှိသေးဘူး။ သူတို့ ကူညီလာဖို့လည်း မျှော်လင့်တယ်။ ကူညီကြပါလို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

မေး။     ။ ကချင်စစ်ဘေးဒုက္ခသည်အားလုံး လုံခြုံစွာ နေရပ်ပြန်နိုင်ရေး အသင်းတော်ခေါင်းဆောင်တွေပါဝင်ဖွဲ့စည်းထားတဲ့ စစ်ရှောင်ပြန်လည်နေရာချထားရေးအဖွဲ့ KHCC ကလည်း ပြင်ဆင် ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ဆိုတော့ ဆရာတို့အနေနဲ့ သူတု့ိနဲ့ ဘယ်လို ချိတ်ဆက်လုပ်ဆောင်သွားဖို့ ရှိလဲ။

ဖြေ။     ။ နမ်ဆန်ယန်က ဒေသခံတွေ ရွာပြန်ချင်တယ်လို့ စပြောလာကတည်းက ကျွန်တော်လည်း အဲလိုအဖွဲ့တွေ ပေါ်ပေါက်လာဖို့ မျှော်လင့်ခဲ့တာပါ။ ကျွန်တော်တို့အချင်းချင်း တစ်ခါတည်း ဆက်သွယ် ပူးပေါင်းလုပ်ဆောင်ဖို့တော့ နည်းနည်းခက်တယ်။ အဲလိုဖြစ်တဲ့အတွက် ကိုယ်နဲ့အဆင်ပြေသလို နည်းလမ်းတွေ ရှာဖွေနေကြတယ်လို့ ခံယူတယ်။

ကျွန်တော် နမ်ဆန်ယန်ဒေသခံတွေကိုအမြဲပြောတဲ့အချက်တစ်ခုရှိတယ်။ ကျွန်တော်က ခရစ်ယာန်ကျမ်းစာထဲက ဗတ္တိဇံဆရာယောဟန်လို သခင်ယေရှုကြွလာတော်မှုမယ့် အကြောင်းအရာကို ရှေ့ပြေးပြင်ဆင်ဟောပြောတဲ့ သူအဖြစ် ခံယူတယ်။ ဒီလိုပဲ အခု နမ်ဆန်ယန် နေရပ်ပြန်နိုင်ရေး စတင်လုပ်ဆောင်လာကတည်းက မသိပေမယ့် နည်းလမ်းရှာလုပ်ဆောင်ခဲ့တာပဲ ရှိတယ်။ အခု ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေက တစ်ပြည်လုံးအတိုင်းတာ လုပ်ငန်းတွေ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်။ ဒါကြောင့် အရမ်းကောင်းပါတယ်။ ထောက်ခံပါတယ်။

မေး။     ။ နမ်ဆန်ယန်မှာ ဒုတိယအကြိမ်ထိ ပြန်ကြပြီ။ အခုနောက်ထပ် ပြန်မယ့်သူတွေကို ဆရာတို့ဆက်လက်ဦးဆောင်မလား။ ဒါမှမဟုတ် KHCC ကို အပ်မလား သိလိုပါတယ်။

ဖြေ။     ။ အခုထိတော့ကျွန်တော်တို့ချင်း တွေ့ဆုံဆွေးနွေးတာ မရှိသေးဘူး။ Kachin Humanitarian Concern Committee ဆိုတာလည်း အခုမှ ကြားဖူးတာပါ။ သူတို့နဲ့လည်း တွေ့ဆုံလိုပါတယ်။ နမ်ဆန်ယန်အကြောင်းကိုလည်း ပြောပြချင်ပါတယ်။ ကချင်တစ်ပြည်နယ်လုံးက စစ်ပြေးဒုက္ခသည်တွေကိစ္စ သူတို့ပြန်တာဝန်ယူတာတဲ့အချိန် ကျွန်တော်တို့ ကချင်ပြည်သူတွေအတွက် အရမ်းကောင်းမယ်လို့ မြင်တယ်။”

မေး။     ။ အခု တတိယအကြိမ်မြောက် နေရပ်ပြန်ချင်တဲ့သူတွေကို စားရင်းကောက်တာမျိုး ရှိပြီလား။

ဖြေ။     ။ အခုလည်း ကျွန်တော်ကြားသိရသလောက်ကတော့ ပြန်ချင်တဲ့သူတွေ အရမ်းဆက်သွယ်လာတယ်လို့ ပြောသံကြားတယ်။ အိမ်ထောင်စု ၅၀ လောက် စားရင်းပေးလာတယ်လို့ ရွာ ဥက္ကဌ ပြောပြတယ်။

အခုထိတော့ ကျွန်တော်တို့ က ပြန်ချင်တဲ့သူတွေကို ကူညီပေးတာပဲ ရှိတယ်။ ကျွန်တော်စိတ်ထဲ ခံယူထားတာ တစ်ခုက ဘယ်သူ ဦးဆောင်တာဖြစ်ဖြစ် ရဲဌာန ၊ မီးသတ် ၊ ထွေအုပ်ဖြစ်ဖြစ်၊ တပ်မတော်ဖြစ်ဖြစ် ဘယ်သူဖြစ်ပါစေ ကျွန်တော်တို့ ရည်ရွယ်တာက ပထမဆုံး ဒီအစီစဉ်ဖြစ်လာအောင် လမ်းဖေါက်မယ်။ ကိုယ့်နေရပ်ပြန်နိုင်အောင် ၊ ကိုယ့်ဒေသမှာ လုပ်ကိုင်စားသောက်နိုင်အောင်ပဲ အဓိကထားပြီး လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အခုလည်း တပ်မတော်က ဦးဆောင်ပြီး လုပ်နေတယ်။ ဒါသူတို့ အချိန်ကြာ မလုပ်နိုင်ပါဘူး။ အချိန် တစ်ခဏအတွင်းမှာဘဲ လုပ်နိုင်မယ်။ ဆိုတော့ နောက်မှာတော့ အခုဖွင့်လာတဲ့ အဖွဲ့အစည်းတွေကပဲ လက်ဆင့်ကမ်းခံရမယ်လို့ မြင်တယ်။ တပ်မတော်က လုပ်နိုင်ရင်တောင် ၃ ကြိမ်လောက်ပဲ တာဝန်ယူနိုင်လိမ့်မယ်လို့ မြင်ပါတယ်။

မေး။     ။ နမ်ဆန်ယာန်နေရပ်ပြန်နိုင်ရေးမှာ ဆရာဘယ်လိုပါဝင်လာရပါသလဲ။

ဖြေ။     ။ လွန်ခဲ့တဲ့နိုဝင်ဘာ ၆ ရက်နေ့က နမ်ဆန်ယန်ဒေသခံ ၂-၃ ယောက်လောက်ကျွန်တော့်ဆီလာပြီး သက်ဆိုင်ရာကို ပြောပေးဖို့ လာပြောတယ်။ ကျွတော်က ဗန်းမော်ဇာတိဖြစ်တယ်။ ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း စဉ်းစားတဲ့အခါ ဒီနေရာက အရမ်းအရေးကြီတဲ့နေရာဖြစ်တယ်။ သူတို့ပြောသလို ဗုံးတွေဆို လမ်းဘေးနေရာအထိ ထောင်ထားသေးတယ်။ အရမ်းထိတ်လန့်တယ်။ ဒါပေမယ့် ၈ ရက်နေ့ ကျွန်တော် မြစ်ကြီးနားလိုက်လာခဲ့တယ်။ ပြီးတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ စာတင်တယ်။ သူတို့ကိုလည်း မေးတယ်။ တကယ်အိမ်ပြန်ချင်တာဟုတ်ရဲ့လားဆိုပြီး မေးတော့ သူတို့လည်း ပြန်ချင်တဲ့အကြောင်း ပြောတဲ့အတွက် အခုအခြေအနေဖြစ်လာတာဖြစ်တယ်။ ဒီအတွက်ကြောင့် ကျွန်တော့ဘက်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်နိုင်အောင်၊ ကူညီမယ် လာကြဆိုပြီး လုပ်လာတာမဟုတ်ဘူူးလို့ပြောချင်တယ်။ စစ်ရှောင်နဲ့ ပတ်သက်ပြီး ကျွန်တော်က အခုမှ ကူညီဖူးတာတော့ မဟုတ်ဘူး။ အရင် စစ်ဖြစ်လာတဲ့ ၂၀၁၁ လောက်ကနေ တတ်နိုင်သလို ကူညီနေတာဖြစ်တယ်။ အနုပညာရှင် တစ်ဦးဖြစ်တဲ့ကျွန်တော်က ကျေးဇူးရှင် ပြည်သူတွေ ဖျော်ဖြေခဲ့တယ်။ ၁၀ မိနစ်လောက်ပဲ ဖြစ်ဖြစ် သူတို့ ပူပန်သောကတွေ ကင်းဝေးပါစေ ဆိုပြီး အနုပညာရှင် ညီအစ်ကိုတွေနဲ့ လှုပ်ရှားမှု လုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ကျွန်တော်နောက်ဆုံးအနေနဲ့ ပြောဆိုလာက ကျွန်တော်တို့ နမ်ဆန်ယန်ဟာ စစ်ရှောင်ကူညီရေးအဖွဲ့ကြီးတွေ ထပ်ပေါ်လာဖို့ ပထမဆုံး ခြေလှမ်းအနေနဲ့ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ တော်တတ်လို့ မဟုတ်ပါဘူး။ လူထုကို ချစ်မြတ်နိုးတဲ့ စိတ်တစ်ခုတည်းနဲ့ လုပ်တာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...