ချင်းတစ်မျိုးသားလုံး၏ အကျိုးစီးပွားကို တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် အဖွဲ့ အစည်းဖြစ်သည်နှင့်အညီ ပါတီ နိုင်ငံရေးတွင် မိမိကိုယ်တိုင်ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်မူ ချင်းအမျိုးသားတပ်ဦး၏ ပြည်တွင်းငြိမ်း ချမ်းရေး ဖြစ်စဉ်နှင့် ပါတီ၏မူဝါဒများကို ထောက်ခံသည့် နိုင်ငံရေးပါတီများအား ထောက်ခံ အားပေးသွားမည် ဟု CNF က နိုဝင်ဘာလ (၄) ရက်တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။
"၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးမလဲဆိုတာ လူထုက ခဏခဏ မေးမြန်းကြတယ်၊ ဘယ်ပါတီ၊ ဟိုပါတီ မဲပေးပါ ဆိုတာထက် CNF ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ CNF ပေါ်လစီကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေ အနိုင်ရဖို့က အလိုချင်ဆုံးပေါ့၊ ဒါက CNF နဲ့ ချင်းပြည်သူလူထုရဲ့ အမျိုးသားနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုပဲလေ၊ ဒါပေမဲ့ မဲပေးဖို့ကိုတော့ လူထုက ဆုံးဖြတ်ရမှာပေါ့ " ဟု ပါတီရေးရာဌာန အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန် ကပြောသည်။
ဆက်လက်ပြီး အမျိုးသားအကျိုးစီးပွားဆောင်ရွက်ရာတွင်မည်သည့်နိုင်ငံရေးပါတီကိုမျှှ မျက်နှာသာပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း မရှိဘဲ နိုင်ငံရေးပါတီအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူ နှင့် ပူးပေါင်းလက်တွဲရေးမူကို ကိုင်စွဲကျင့်သုံးသည်ဟု ဖော်ပြ ထားပြီး အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲဖြစ်နိုင် ရန်အတွက် အစိုးရအပါအဝင် သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းလုပ်ဆောင်ကြပါရန် ကြေငြာချက်တွင်ဖော်ပြထား သည်။
ချင်းအမျိုးသားတပ်ဦးသည် လွှတ်တော်တွင်းနိုင်ငံရေးလမ်းကြောင်းပေါ်မရပ်တည်သော်လည်း ဒီမိုကရေစီ ရွေးကောက်ပွဲ အင်္ဂါရပ်နှင့် ပြည့်စုံရန် နှင့် ချင်းအမျိုးသားနိုင်ငံရေး အကျိုးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ခုနှစ်နှင့် ယခုနှစ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အသီးသီးအပေါ် သဘောထားအမြင်ထားရှိခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ တပ်ဦးသည်ကြားနေရပ်တည်ရန် နှင့် ရွေးကောက် ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍ ချင်းပြည်သူလူထု၏ နိုင်ငံရေးလိုအင်ဆန္ဒကို အမှန်တကယ်ဖော်ဆောင် လိုသော ကိုယ်စားလှယ်များကို ရွေးချယ်ရန် လိုအပ်ကြောင်း သဘောထားရှိခဲ့သည်။
သို့သော် ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပါတီ၏ မူဝါဒပေါ်လစီများကို ထောက်ခံသည့် နိုင်ငံရေးပါတီများအား ထောက်ခံအားပေးသွားရေး နှင့် ချင်းအမျိုးသားနိုင်ငံရေးပါတီများ တစ်ပါတီအဖြစ် (သို့မဟုတ်) တပ်ပေါင်းစုအဖြစ်စုစည်းစေ၍ ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲနှင့် ချင်းအမျိုးသားအရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး တိုက်တွန်းသွားရန် ဟူ၍ သဘောထား ချမှတ်ခဲ့သည်။
အထွေထွေရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၃၉ နေရာအတွက် ပါတီ ၁၂ ပါတီနှင့် တစ်သီးပုဂ္ဂနေရာများမှ ကိုယ်စား လှယ်လောင်း ၂၂၃ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်မည့်ဖြစ်သည်။
ချင်းပြည်နယ်အတွင်း ၂၀၁၄ ခုနှစ်က ကောက်ယူထားသော သန်ခေါင်းစာရင်းအရ လူဦးရေ ၄၇၈၆၉၀ ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီးမရှိသည့် တစ်ခုတည်းသောပြည်နယ် ဖြစ်သည်။